သူသည်ကျွန်မအတွက် ခရစ်စမတ်နေ့ရောက်တိုင်း သတိရစေမယ့်သူတယောက် ဖြစ်ခဲ့ပါသည်။
သူသည် စကားအင်မတန်များသောသူတစ်ယောက်ဖြစ်သည်။
ပြောပြီးသားစကားကိုလည်း အထပ်ထပ်အခါခါပြောတတ်သော သူလည်းဖြစ်သည်။
ကျွန်မခေါင်းမူးပြီးနားပူတဲ့အထိအောင်ပြောနိုင်သူဖြစ်သည်။
ကျွန်မတို့ကသူ့ကိုလေးလေးကြီးဟုခေါ်သည်။ လေးလေးကြီးသည်စကားများသလောက် စေတနာကောင်းသူ၊ ဟင်းချက်ကောင်းသူတယောက် ဖြစ်သည်။ ကျွန်မတို့ရောက်လာရင် သူဈေးခြင်းကိုဆွဲပြီး ဈေးကိုသွားပါတော့ သည်။ ဈေးမှပြန်ရောက်လာရင် ၀ယ်လာသော ဟင်းချက်စရာများကို တစ်မျိုးပြီးတစ်မျိုးထုတ်ပြပြီး စကားကလဲ မနားတမ်းပြောလိုက်၊ ဟင်းချက်ဖို့အတွက် ပြင်ဆင်လိုက်၊ ပြောလိုက်၊ ချက်လိုက်ဖြင့် တစ်ယောက်တည်း မမော နိုင်မပန်းနိုင် တစ်မျိုးပြီးတစ်မျိုးချက်ကျွေးပါသည်။
ကျွန်မကိုလည်း “ ဘယ်ဟင်းကိုဘယ်လိုလေး ချက်မှကောင်းတာ၊ ဘယ်ဟာလေးက ဘယ်လိုလေးထည့်ရတယ် သိကောသိရဲ့လား ဒါတွေကို ညည်းချက်ကောချက်တတ်ရဲ့လား ” မေးရင်းနှင့်သင်လည်းသင်ပြပေးသည်။
လေးလေးကြီးသည် အိမ်ဆိုလည်းသန့်ရှင်းနေမှကြိုက်သူဖြစ်သည်။ သူ့နောက်ဖေးချောင်မှ အိုးခွက်ပန်းကန်များ သည် ပြောင်ရှင်းနေပြီး သပ်သပ်ရပ်ရပ်ရှိလှသည်။ မီးသွေးဖြင့်ချက်သော်လည်း အိုးခွက်များမှာ အမြဲပြောင်လက် နေမှစိတ်ကျေနပ်သူဖြစ်သည်။ ပန်းကန်ဆေးရာတွင်လည်း သူကိုယ်တိုင်ဆေးရမှကျေနပ်သောသူဖြစ်သည်။
သူများတွေဆေးရင်ဖြင့်သူကကိုင်ကြည့်ပြီး “ ပန်းကန်ကချွဲနေတာပဲ... ရေမပြောင်ဘူး သေချာမဆေးဘူးလား၊ ထားခဲ့ထားခဲ့... ငါ့ဘာသာငါပဲဆေးမယ်၊ ရေကုန်တာပဲအဖတ်တင်တယ် ပန်းကန်ကမပြောင်ဘူး ” စသည်ဖြင့် ချေးများတတ်သည်။ ဇီဇာကြောင်တတ်သည်။ ကျွန်မဆေးရင်တော့ လေးလေးကြီးပြောတာတခါမှမကြုံဖူးပါ။ ကျွန်မကိုအားနာလို့ပဲလား၊ နောက်မှပဲသူ့ဘာသာသူပြန်ဆေးသလားတော့မပြောတတ်ပါ ဟီးးးးးးးး ……….
ကျွန်မတို့သူ့ဆီမရောက်တာကြာလျှင် သူကတမေးတည်းမေးနေတေတ်သည်။ ရောက်လာရင်တော့ သူသိသမျှ၊ ကြားသမျှ သတင်း၊ အတင်းတွေကိုရေနွေးခွက်ဘေးချပြီး ကျွန်မမူးလည်နေတဲ့အထိကို အားရပါးရပြောပါတော့ သည်။ ကျွန်မစားဖို့ဆိုပြီးလည်း အလုပ်ခွင်ထဲထိကို စားစရာများကြုံလျှင်ကြုံသလိုပို့ပေးတတ်သည်။ တစ်ခါ သူ နေမကောင်း၍ဆေးရုံတက်ရသည်ကြားတော့ ကျွန်မတို့ဆေးရုံသို့အပြေးအလွှားသွားကြည့်တော့ လေးလေးကြီး က ဆေးရုံမှာတစ်ယောက်တည်းအားငယ်တဲ့ပုံလေးဖြင့် သနားစရာ....၊
ကျွန်မတို့ကိုလဲမြင်ရော ၀မ်းသာအားရကြိုသည်။ ပြီးတော့ သူ့အနာစိမ်းကိုပြလိုက်၊ ဆရာမတွေအကြောင်းပြော လိုက်၊ ဘေးမှလူနာများကိုလည်း သူကစပ်စုပြီးပြီဆိုတော့ ကျွန်မတို့ကိုဘေးမှလူနာတွေရဲ့ ရောဂါနဲ့သူသိသမျှ အကြောင်းတွေကို ပြန်ဖောက်သည်ချပါသည်။ ကျွန်မသူ့ဆီလူနာလာမေးတာ ၀မ်းသာကြောင်းကိုလည်း အပ် ကြောင်းထပ်နေအောင် ပြောပါတော့သည်။
ကျွန်မတို့လည်းသူစားချင်၊ သောက်ချင်တာဝယ်ကျွေး၊ သူနဲ့စကားတွေပြောပြီး အတန်ကြာထိနေပြီး ပြန်မည်လဲ ဆိုရော လေးလေးကြီးက “ နောက်နေ့လဲလာမှာလားဟင် အားမှလာပါ အလုပ်တစ်ဘက်နဲ့ဆိုတော့ အားနာ တယ် လာတာကိုအရမ်းဝမ်းသာတယ်၊ င့ါမှာလဲ တယောက်တည်းဆိုတော့ အားငယ်တယ်ဟယ် ” ဟု လာလဲလာစေချင် ကျွန်မအတွက်ဝန်ထုပ်လဲဖြစ်မှာစိုးပြီးပြောတော့ ကျွန်မစိတ်ထဲတွင်သနားသွားပါသည်။
“ ဟုတ်ကဲ့ လေးလေးကြီး သမီးမလာနိုင်လဲ သူ့ကိုလွှတ်လိုက်မယ်လေ လာကြည့်ခိုင်းလိုက်မယ်နော် သမီးလဲ အားရင်အားသလိုလာခဲ့ပါမယ် ” လို့လဲကျွန်မကပြောလိုက်ကော သူ့မျက်နှာမှာအပျော်ရိပ်များ သန်းသွားပါတော့ သည်။ ကျွန်မကလည်းအလုပ်ကမအားသဖြင့် လေးလေးကြီးဆေးရုံဆင်းပြီးမှပဲ သူ့ဆ်ီရောက်ဖြစ်တော့ ကျွန်မကို သူမျှော်နေကြောင်း ဆေးရုံဆင်းပြီးမှရောက်လာရင်သူ့ကိုမတွေ့မှာစိုးတဲ့အတွက် သူစိတ်ပူနေကြောင်း ကျွန်မကို ဆီးကြိုပြီးပြောပါတော့သည်။
ကျွန်မလည်း အလုပ်တဘက်နှင့်မအား၍ လေးလေးကြီးဆီမရောက်တာကြာလျှင် ကျွန်မကို မျှော်နေတတ်သည်။ လေးလေးကြီးသည် ကျွန်မတို့ကိုအလွန်သံယောဇဉ်ကြီးသည်။ လေးလေးကြီးနောက်တစ်ခါနေမကောင်းတော့ ကျွန်မလည်းရိုးရိုးသာမန်နေမကောင်းတာပဲထင်ပြီး ပေါ့ပေါ့ပဲတွေးမိသည်။ ကျွန်မ ခရစ်စမတ်နေ့ ပုဂံဘုရားဖူး ခရီးထွက်မယ့်အကြောင်း သူနှင့်တစ်ဆင့်လေးလေးကြီအားပြောခိုင်းလိုက်သေးသည်။ လေးလေးကြီး၏ နောက် ဆုံးအချိန်ဆိုတာကိုသာ ကျွန်မသိခဲ့ရင် ကျွန်မဒီခရီးကိုလည်းလိုက်ဖြစ်မည်မဟုတ်ပါ။
ကျွန်မသိရသောအချိန်တွင် လေးလေးကြီးဆုံးသည်မှာ ရက်ပင်လည်တော့မည်။ ကျွန်မခရစ်စမတ်နေ့ ပုဂံသို့ ရောက်နေချိန်တွင် လေးလေးကြီးသည် သူ့လက်ပေါ်တွင်ပင်အသက်ထွက်သွားခဲ့ပါသည်။ သူကလည်း ကျွန်မ စိတ်မကောင်းဖြစ်မည်စိုးပြီး ကျွန်မကိုမပြောပြခဲ့ပါ။ ကျွန်မပုဂံမှ မနက်ဖြန်တွင် ရန်ကုန်ပြန်ရောက်မည်ဟု သူ့ဆီ အကြောင်းကြားသောအခါမှ သူကကျွန်မကိုလေးလေးကြီးဆုံးသွားပြီဖြစ်ကြောင်း ကျွန်မကိုဖွင့်ပြောသည့်အခါ မှာ ကျွန်မသည် မယုံကြည်နိုင်ပါ။
“ ဟာ……….. ဒါစစရာမဟုတ်ဘူးနော် လာမစနဲ့… ဘာလို့ဆုံးရမှာလဲ လေးလေးကြီးကနေမကောင်းဖြစ်တာပဲ ပြန်ကောင်းမှာကို နောက်စရာမဟုတ်ဘူးလေ ပြန်ကောင်းမှာပေါ့ လာမနောက်နဲ့နော် “ ကျွန်မ မယုံကြည်စွာဖြင့် ပြန်ပြောလိုက်သည်။
သူမှကျွန်မကို “ ဟုတ်ပါတယ်ကွာ အဲ့ဒီနေ့မနက်မှာပဲဆုံးသွားတာ မောင့်ကိုစောင့်နေတာ မောင့်လက်ပေါ်မှာပဲ ဆုံးသွားရှာတယ် တကယ်ပါကွာ လေးလေးကြီးတကယ်ဆုံးသွားတာပါ ” ဟု ကျွန်မကိုသေချာ ထပ်ပြောပါသည်။ ကျွန်မဖုန်းခွက်ကြီးကိုင်ပြီးတော့ လောကကြီးနှင့်ခေတ္တအဆက်ပြတ်သလိုဖြစ်သွားပါသည်။ ကျွန်မ မယုံနိုင်ပါ။ ဖြစ်နိုင်လျှင် ကျွန်မချက်ချင်းရန်ကုန်ကိုအပြေးသာသွားလိုက်ချင်တော့သည်။
ဒီလိုနဲ့ဒီဇင်ဘာ၃၁ရက်နေ့ကျွန်မ ရန်ကုန်ပြန်ရောက်တော့ချက်ချင်းပင် လေးလေးကြီးအိမ်သို့လိုက်သွားပါသည်။
သြော်…… လေးလေးကြီးရှိစဉ်ကနှင့်အခုတော်တော်ကိုကွာခြားသွားသော အိမ်ကလေးပါလား…….
ကျွန်မရောက်တော့ သူ့မိဘများက၀မ်းသာသွားကြပါသည်။ လေးလေးကြီးအကြောင်းကို တဖွဖွပြောပြကြပါ သည်။ အားလုံးပြောစရာစကားများကုန်တော့ အိမ်မှာလည်းတိတ်ဆိတ်ပြီးတော့ အဓိပါယ်မရှိသလိုဖြစ်နေပါ သည်။ လေးလေးကြီးရှိစဉ်ကစိုပြေဆူညံနေတတ်သောအိမ်မှာ ခုတော့ တိတ်ဆိတ်ခြောက်ကပ်နေသည်။
နောက်ပိုင်းရက်များတွင် ကျွန်မတို့နှစ်ယောက် စကားစပ်တိုင်းပြောမိသည်မှာလည်း လေးလေးကြီးအကြောင်း များချည်းပင်…။ လေးလေးကြီးအကြောင်းမပါလျှင်စကားလုံးတိုင်းမှာ အသက်မပါသလို…။
လေးလေးကြီးဘယ်ဘ၀ရောက်နေပြီလည်း……….
လေးလေးကြီးဘယ်မှာများပြန်ဝင်စားနေမလဲ………
အခြားဘ၀မှာရော စကားများနေတုန်းပဲလား……….
လားးးးးးးး ပေါင်းများစွာနှင့်
လေးလေးကြီးရေ ရောက်ရာဘ၀ကနေပြီးတော့
အမျှ…… အမျှ……. အမျှ……… ရပြီးတော့ ကောင်းရာဘုံဘ၀ကိုရောက်ရှိပါစေ..။
ဒီနှစ်ဒီဇင်ဘာ၂၅ရက် ခရစ်စမတ်နေ့တွင်၁နှစ်ပြည့်လေးလေးကြီးအတွက်အမှတ်တရ
တူမငယ်လေး နှင်းဆီနက်
Subscribe to:
Post Comments (Atom)
စိတ်မကောင်းစရာပဲနော်