Showing posts with label ကဗျာအတိုအစများ. Show all posts
Showing posts with label ကဗျာအတိုအစများ. Show all posts

သူ့ကိုယ်သူပင် ဆူးတွေကိုဆင်

လှသွေးကြွယ်ဝဖို့ ဘ၀ရေးခြယ်သလို့

စိတ်ကိုအရောင်ခြယ် အတိတ်ကိုအမှောင်ဖယ်

အရိပ်ကိုအုပ်လာသမျှ အဆိပ်ကိုထုတ်ကာထား

မေတ္တာနှင်းလိုလာသမျှ သစ္စာယွင်းယိုကာစ

ပန်းပွင့်တာထက် စိတ်ပွင့်တာဆန်းသမို့

သောကကိုအရင်းတည်

လောဘကိုအမြတ်ထုတ်

အတ္တကြီးစွာဖြင့် ပွင့်လန်းရှာပေဦးမည်။

မူပိုင် = နှင်းဆီနက်

ငါ့အတွက်အချစ်ဆိုတာ
စက္ကန့်တိုင်းကို
အရေးပါနေခဲ့တယ်

ငါ့အတွက်အချစ်ဆိုတာ
စက္ကန့်ခြောက်ဆယ်မှာ
အသဲထက်ကျောက်စာမှာ
ကမည်းတင်ထားခဲ့တယ်

ငါ့အတွက်အချစ်ဆိုတာ
တစ်မိနစ်တောင်
မလစ်ဟင်းအောင်
ဂရုစိုက်နေခဲ့ရတယ်

ငါ့အတွက်အချစ်ဆိုတာ
မိနစ်ခြောက်ဆယ်အတွင်း
တဖျစ်ဖျစ်တောက်လောင်ရင်း
ပူပန်နေခဲ့ရတယ်

ငါ့အတွက်ချစ်ဆိုတာ
တစ်နာရီပျော်ရဖို့အရေး
နှစ်ဆယ့်သုံးနာရီ
နာကျင်ခဲ့ရတယ်

ငါ့အတွက်အချစ်ဆိုတာ
နှစ်ဆယ့်လေးနာရီလုံး
အလွမ်းတွေဖုံးနေခဲ့တယ်။

မူပိုင် = နှင်းဆီနက်

မင်းသာငါ့ဘဝ
ငါ့ဘ၀မှာမင်းမရှိရင် လဲကျမှာစိုးလို့
ငါ့ရဲ့ နားကမင်း ဘယ်မှမသွားပါနဲ့တဲ့
အပြုံးတွေချိုခဲ့တာ အသုံးတွေပိုခဲ့တာ
အခု.....ငါဟာ မတ်မတ်ရပ်ဖို့တောင်
အကြိမ်ကြိမ်ကြိုးစားနေခဲ့ရတယ်......။

အလွမ်းတွေအေးအောင် ကြိုးစားတုန်း
ငါ့ရဲ့ ဝေးရာနင်ထွက်သွားခဲ့တယ်.....

အတွေးတွေနဲ့ကြည်နှုးနေခဲ့တာ
အဆွေးတွေနဲ့ငါလူးနေခဲ့ရတယ်.....

အရိပ်တစ်ခုလိုနေခဲ့တာ
အတိတ်တစ်ခုသာ ကျန်နေခဲ့ရတယ်......

အနုအလှနဲ့ယုယတာ
အတုအပသာငါရခဲ့တယ်........

ထက်မြက်မှုရဲ့ နောက်ကွယ်မှာ
ရက်စက်မှုနဲ့ပြည့်နေခဲ့တယ်........

အဆုံးထိငါချစ်ခဲ့တာ
မုန်းပြီးပစ်ဖို့မှမဟုတ်ခဲ့တာ......

ကျောသိုင်းပွေ့ဖက်ခဲ့တာ
ကျောခိုင်းမေ့ရက်စရာတွေဖြစ်ခဲ့သလား.......

အနမ်းတွေရှိုက်ခဲ့တာ
အလွမ်းတွေသာလောင်မြိုက်ခဲ့တယ်........

အပြုံးတွေငါသုံးခဲ့တာ
အမုန်းတွေပျက်သုဉ်းအောင်လို့ပါ.......

တိတ်ဆိတ်စွာနေခဲ့တာ
ကြိတ်မှိတ်ငါခံစားနေခဲ့လို့ပါ...........။

မူပိုင် = နှင်းဆီနက်

အတူယှဉ်ကာနွှဲမယ်
ပန်းရထားပေါ်မှာလဲ
အချစ်တွေဖြန့်ကြဲ
နေနဲ့လကိုသက်သေထား
ကမ္ဘာမြေကိုတိုင်တည်
အချစ်တွေမယိုင်လဲ
သစ္စာတော်ပြိုင်ကဲ
တစ်သက်မခွဲ
အမြဲ လက်တွဲသွားမယ်...........။

ကံကြမ္မာကပဲ လှည့်ဖျားလေသလား
ရင်နာစရာကပဲ ပွားစေသလား
မယုံနိုင်စရာဝေဒနာဆိုးနဲ့
ငါ့ရင်ခွင်ထဲကမင်း
တုန့်ပြန်မှုတစ်စုံတစ်ရာမပေး
င့ါရဲ့ အဝေး မင်းထွက်သွားခဲ့တယ်..............။

ငါ့ရဲ့ အနားကိုမင်း
ပြန်မလာနိုင်တာသိပေမဲ့
ပြန်လာချိန်ကိုစောင့်နေတဲ့
ငါ့ရဲ့ အရူးအဖြစ်တွေကို
မင်း......... မြင်စေချင်တယ်
ငါ့ရဲ့ အလွမ်းနေ့တွေ.........
မင်း......... သိစေချင်တယ်
ငါ့ရဲ့ အလွမ်းညတွေ.........
မင်း......... ကြားစေချင်တယ်
ငါ့ရဲ့ အလွမ်းရှိုက်သံတွေ....။

အတွေးတွေလွင့်ပျံ့ နေတဲ့ တည
မဟူရာကောင်းကင်ကိုငေးကြည့်ရင်း
မှတ်မှတ်ရရမင်းကိုငါလွမ်းနေတုန်း
အမှတ်မထင်ကြွေကျလာတဲ့
ကြယ်ကလေး မြေမခခင်
လျှပ်တစ်ပြက်ငါ တောင်းဆုချွေတာ
မင်း ကောင်းရာဘုံဘ၀ရောက်ဖို့ပါ...........။

စကြာဝဠာရဲ့ အဆုံးတစ်နေရာမှာ
ငါဟာ မင်းကိုရှာတွေ့လို့ရရင်
မင်းနဲ့ဆုံဆည်းဖို့
အလွမ်းရထားစီးကာ
သစ္စာကိုရင်မှာပိုက်
အချစ်ဆိုတဲ့နှင်တံကိုကိုင်လို့
အတိတ်တွေကိုရွက်လွှင့်ပြီး
တောင်းဆုတွေပြည့်ဖို့
ကြယ်ကြွေချိန်စောင့်လို့
ကြယ်တွေကောက်ကာ ခရီးနှင်မယ်...........။

မူပိုင် = နှင်းဆီနက်

ချစ်ခဲ့တဲ့အချစ်တွေက
အငွေ့အဖြစ်ပျောက်ကွယ်တော့မှာလား
အတွေ့အထိတွေကို ရင်ထဲမှာခံစား
မေ့လိုက်ပေါ့ တောင်းဆုများရယ်
မက်ခဲ့တဲ့အိပ်မက်တွေရယ်
နမ်းဖူးတဲ့ပါးပြင်လေးရယ်
ဆုပ်ကိုင်ဖူးတဲ့လက်တစ်စုံရယ်
ထားရက်သူသွားခဲ့ရင်
ကျန်ရစ်သူဝေဒနာအတွက်
ဖြေစရာဆေးတစ်ခွက်ပေးခဲ့ပါ
လမ်းခွဲဖို့ကျောမခိုင်းခင်
နောက်ဆုံးတောင်းဆိုချင်တာက
ဒို့နှစ်ယောက်ကို
ဝေးစေတဲ့အချိန်ဆိုတာကြီးကို ရပ်ထားပေးပြီး
နှုတ်ဆက်အနမ်းတစ်ပွင့်ခြွေပေးခဲ့ပါ...။

မူပိုင် = နှင်းဆီနက်

ညတိုင်းလည်း မလွမ်းခဲ့ပါဘူး
ပါးတိုင်းလည်း မနမ်းခဲ့ပါဘူး
တစ်ခါတစ်လေ
လွမ်းမိတဲ့ညလေးမှာ
နမ်းဖူးတဲ့ပါးလေးကို သတိရတယ်........။

ကျွန်မရဲ့ ညီမ၀မ်းကွဲလေးရဲ့ မက်ဆေ့ကစာသားလေးပါ။ ကျွန်မကြိုက်လွန်းလို့ သူ့ဆီကခွင့်တောင်းပြီးတင်ထားခြင်း ဖြစ်ပါတယ်။

နှင်းဆီနက်

မိုး မရွာခင်တိုက်တဲ့ လေနုအေးကို ချစ်တယ်..........
မိုး ရေထဲလမ်းလျှောက်ရတာ ကြိုက်တယ်........
မိုး ရွာရင်လျှပ်စီးလက်တာကို ကြောက်တယ်........

မိုး ရေတွေစိုနေတဲ့ ကပိုကရိုမင်းပုံလေးကို ချစ်တယ်........
မိုး ရွာလို့ ဖားအော်သံကိုနားထောင်ရတာ ကြိုက်တယ်........
မိုး ရွာရင် မိုးခြိမ်းတာကို ကြောက်တယ်........

မိုး ရွာလို့ရွက်ပင်စိမ်းတွေယိမ်းတာကို ချစ်တယ်........
မိုး သီးကြွေလို့လိုက်ကောက်ရတာကို ကြိုက်တယ်........
မိုး ရေထဲချော်လဲမှာကို ကြောက်တယ်.........

မိုး ရာသီထဲမက်တဲ့အိပ်မက်တွေကို ချစ်တယ်.........
မိုး ရွာထဲငါးမျှားရတာကို ကြိုက်တယ်...........
မိုး ရေထဲ ကဏန်းတွင်းနှိုက်လို့အညှပ်ခံရတာကို ကြောက်တယ်.........

မိုး ရွာပြီးတင်ကျန်ခဲ့တဲ့ပိန်းရွက်ပေါ်ကရေစက်လေးကို ချစ်တယ်............
မိုး ရွာထဲသီချင်းအော်ဆိုရတာကို ကြိုက်တယ်............
မိုး နဲ့အပြိုင်ငိုရမှာကို ကြောက်တယ်..........

မိုး ရေစက်တွေအိမ်ခေါင်မိုးပေါ်ကျတာနားထောင်ရတာကို ချစ်တယ်............
မိုး ရွာတုန်းကော်ဖီပူလေးသောက်ရတာကို ကြိုက်တယ်..........
မိုး ရာသီထဲလွမ်းရမှာကို ကြောက်တယ်.........

မိုး ရွာပြီးစမြေသင်းနံလေးရှုရှိုက်ရတာကို ချစ်တယ်...........
မိုး ရွာပြီးငှက်ကလေးတွေအစာရှာထွက်တာအသံစုံမြည်တာကိုနားထောင်ရတာကို ကြိုက်တယ်..........
မိုး ရွာပြီးနောက် နောက်ထပ်မိုးမရွာတော့မှာကို ကြောက်တယ်........


ကျွန်မရဲ့ မိုးရာသီနဲ့ပတ်သက်ပြီးခံစားချက်လေးများကိုတင်ပြပေးလိုက်ပါတယ်။ ဥတုသုံးမျိုးမှာ မိုးဥတုနဲ့ဆောင်းဥ တုကိုအကြိုက်ဆုံးပါပဲ။ မိုးရွာရင်မိုးနဲ့ပတ်သက်ပြီးခံစားရသလို ဆောင်းတွင်းကျရင်လဲ ဆောင်းနဲ့ပတ်သက်ပြီး ခံစားမှုလေးတွေဖြစ်ပေါ်လာပါတယ်။ မိုးရာသီမှာမွေးခဲ့လို့လားတော့မဆိုနိုင်ပါ ကျွန်မမိုးဥတုကိုအရမ်းကြိုက်ပါ တယ်။ ခံစားချက်လေးများတူညီခဲ့မယ်ဆိုရင် လိုအပ်နေတာလေးများတွေ့ခဲ့ရင် ဖြည့်စွက်ပေးလို့ရပါတယ်နော်....။

နှင်းဆီနက်

အတိတ်ဟောင်းကနေ့ရက်တွေကို မဆွေးချင်

အနာဂတ်ရဲ့ နေ့ရက်အကြောင်းလဲ မတွေးချင်

ရေစီးကြောင်းအတိုင်း

အလိုက်သင့်မျောပါရင်ပဲ ကောင်းမလား…?

ရေဆန်ကိုပဲခြေကန်တက်ရင် ကောင်းမလား…?

ကန့်သတ်ချက်များနဲ့စည်းမျဉ်းများက

ကြိုးပေါင်းများစွာနဲ့ချည်ထားခဲ့တော့

ရုန်းကန်မှုအားမဲ့စွာ ဒူးထောက်ခဲ့ရတယ်

ငါ့ကြမ္မာကို ငါရွေးခွင့်မရှိခဲ့တော့

ဖြစ်ချင်တဲ့ဆန္ဒတွေကို င့ါအိပ်မက်ထဲမှာပဲ

အကြိမ်ကြိမ်အသက်သွင်းခဲ့ရတယ်

မြိုသိပ်ထားတဲ့အကြောင်းတရားတွေက

ရင်ဘတ်နဲ့မမျှတော့ ရင်ဖွင့်စရာရှာကြည့်တယ်

သနားစရာသတ္တ၀ါလို

ဘေးမှာကြည့်နေတာ ငါကိုယ်တိုင်ပါလား……။

(စိတ်ညစ်ညစ်နဲ့စိတ်ကူးပေါက်ရာ စိတ်ထွက်ပေါက်တစ်ခုအဖြစ်ရေးသားထားခြင်းဖြစ်ပါတယ်။)


မူပိုင် = နှင်းဆီနက်

ချစ်သူ့မျက်နှာညိုတဲ့အခါ
င့ါရင်တစ်ခုလုံး ပျက်ကြွေပြုန်း
ကောင်းကင်တစ်ခုလုံး မှောင်အတိဖုံး
ပစ္စုပန်ဟာ ခြောက်ကပ်သွားပြီး
င့ါမနက်ဖြန်တွေ အသက်မဲ့သွားခဲ့တယ်.....


ချစ်သူ့မျက်ဝန်းကစီးဆင်းလာတဲ့
သောကမြစ်ရေတွေ ခြောက်ခန်းဖို့
လောကသံစဉ်နဲ့ဖေးကာချော့လို့
ပင့်သက်အနမ်းနဲ့ ထွေးကာထားပါ့မယ်......


ချစ်သူ့နှုတ်ဖျားကလွင့်ပျံ့လာတဲ့
မောဟလှိုင်းတံပိုးတွေငြိမ်သက်ဖို့
ချစ်မေတ္တာတွေဖြန့်ကြဲလို့
လရိပ်နဲ့တေးသီကာနွေးစေပါ့မယ်.......


ချစ်သူ့မျက်နှာပြုံးတဲ့အခါ
င့ါရင်တစ်ခုလုံး
ပီတိအဟုန်လွှမ်းခြုံလို့
ကြယ်စင်တွေကခုန်သွားပြီး
ပန်းတွေအကုန်ဖူးပွင့်ခဲ့တယ်......


ချစ်သူ့အပြုံး
ကမ္ဘာတစ်ခုလုံး ထာဝစဉ်မပျက်သုဉ်းဖို့
စမ်းများတွင် ပန်းများအစဉ်လန်းဖို့
ကောင်းကင်တစ်ခွင် ကျေးငှက်တွေပျော်မြူးဖို့
တေးသံစဉ် ချိုမြိန်စွာသီကျူးဖို့
င့ါမနက်ဖြန်တွေ အသက်ဝင်လာဖို့
ထာဝစဉ် ထာဝရ
ပြုံးစမ်းပါ့ချစ်သူ.......။


မူပိုင် = နှင်းဆီနက်

ချစ်သူရေ

ပြောပြချင်တဲ့အကြောင်းအရာများနဲ့

မပြောဖြစ်ခဲ့တဲ့စကားလုံးများစွာက

မင်းအတွက် စိတ်ရှုပ်စရာ၊ နာကျည်းစရာတွေဖြစ်ခဲ့လို့

ငါ့ကိုမင်းမုန်းမယ်ဆိုရင်

ငါကျေနပ်စွာခေါင်းငုံခံမယ်…..


ချစ်သူရေ

အရာရာအတွက် ငါခေါင်းငုံခံခဲ့တယ်

မင်းမုန်းနိုင်ဖို့အတွက်လဲ ငါခံရဲခဲ့တယ်

ငါ့အတွက်ရှင်ခြင်းဟာ

သေခြင်းနဲ့ဘာမှမထူးတော့ပြီပဲ

င့ါသိက္ခာအတွက် ငါသေတတ်ခဲ့တယ်…..


ချစ်သူရေ

လိုအပ်ချက်တွေပြည့်နေတဲ့ဘ၀မှာ

ဖြစ်ချင်တဲ့ဆန္ဒကိုချိုးနှိမ်ခဲ့ပြီး

ဖြစ်သင့်တာကိုရွေးချယ်ခဲ့တာ

ဆူးလမ်းဖြစ်ခဲ့ရင်တောင်

ငါကျေနပ်စွာနင်းဖြတ်ရဲပါတယ်…..


ချစ်သူရေ

ဒို့နှစ်ယောက် နောက်ဆုံးတွေ့ဆုံချိန်မှာ

မင်းပေးတဲ့ ၀ိုင်တစ်ခွက်က

င့ါအတွက်

ပြင်းရှတဲ့အဆိပ်တစ်ခွက်ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ

င့ါရဲ့ဂုဏ်သိက္ခာနဲ့မာနအတွက်

ငါကျေနပ်စွာသောက်ခဲ့မှာပါ…..


မူပိုင်= နှင်းဆီနက်

မောင့်တောအုပ်မှာ

ငှက်ပြာဝတ်ရည်၊ သောက်ယစ်ရီတတ်

နှင်းဆီဖြူလဲ့၊ ပျံသင်းဖွဲ့တတ်

ဝါသွဲ့ရွက်ကြွေ၊ လိပ်ပြာပွေတတ်

မြစ်ရေချောင်းစ၊ တေးညင်းမြတတ်

မိန်းမလှသူယောင်၊ မျက်တောင်ခတ်တတ်

ကျမ်းတက်ဇော်ဂျီ၊ ဖိုဝင်မီတတ်

ကြံစည်သမျှ ဖြစ်မြောက်ရသည်။

မောင့်တောအုပ်မှာ

လာလှည့်နေလှည့်၊ အိပ်စက်လှည့်ဟု

သဲ့သဲ့ခေါ်ငင်၊ မပီပြင်လည်း

ထင်ထင်ကြားလိုက်၊ တိမ်းမူးခိုက်ဝယ်

မိုက်မှားကြမ္မာ၊ တွန်းပို့ရာသို့

ထွက်ခွာလွင့်ပါး၊ ရပ်တပါး၌

ရွေ့ လျားရာသီ ထပ်ခဲ့သည်။

မောင့်တောအုပ်မှာ

ချမ်းသာအေးမြနေချင်လှလည်း

လမ်းစပျောက်ပျက်၊ ရှာပြန်ဆက်ပြီး

ပင့်သက်မောတွေ၊ မျက်ရည်ဝေဆဲ

မနေပျော်နဲ့ လာလိုက်ခဲ့ဟု

သဲ့သဲ့ခေါ်သံကြားရပြန်၏။

မြဲမြံနွယ်နှောင်၊ လူတို့ဘောင်၌

ယောင်မှားဧည့်သည်၊ မပျော်ကြည်ဘူး

မဆည်နိုင်တော့၊ နွမ်းပျော့ခွေညိုး

လမ်းမှားတိုးဆဲ၊ တိုးတိုးတစ်မျိုး

ချိုးငယ်ပြောသည်၊ မောင့်တောအုပ်မှာ

ငှက်ပြာဝတ်ရည်၊ သောက်ယစ်ရီသတဲ့

နှင်းဆီဖြူလဲ့၊ ပျံ့ သင်းဖွဲ့သတဲ့

မြစ်ရေချောင်းစ၊ တေးညှင်းမြသတဲ့

မိန်းမလှသူယောင်၊ မျက်တောင်ခတ်သတဲ့

ကျမ်းတက်ဇော်ဂျီ၊ ဖိုဝင်မီသတဲ့

ကြံစည်သမျှ ဖြစ်မြောက်လှသတဲ့

နှမ မသိရှိမည်လား.....။

ရေးသားသူ (ကြည်အေး)

(ရှုမ၀ ၁၉၇၃၊ ဖေဖော်ဝါရီ)

မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ

ကိုင်မထိရက်၊ ချွန်ထက်လက်သဲ

ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ

နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်

ပျော့ပျောင်းသွယ်လွ

အလှပြည့်နှက်၊ ချစ်သူ့လက်။


မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း

မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်

ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း

ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း

ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ

ချေးညှော်ပြည့်မွ

အလှပျက်ပြယ်၊ အမေ့လက်။


ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်

ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်

သိမြင်လာရ၊ "အလှ" "အလုပ်"
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်

အသက်တမျှ၊ မနားရချေ

ဘ၀ခရီး

သားသမီးတွက်၊ ထိုလက်အစွမ်း

ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့

အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်

အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ

အမေ၏လက်၊ အလုပ်လက်သာ

နှစ်သက် ဂုဏ်ယူ ဘွယ်တကား။


ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)မှကူးယူဖော်ပြပါသည်။
မူပိုင်မဟုတ်ပါ။

နှင်းဆီနက်

ချစ်သူ........
မင်းရဲ့မယုံသင်္ကာနဲ့ပြောလိုက်တဲ့
စကားတခွန်းဟာ
ငါ့ရင်ကို ဓါးနဲ့အချက်ပေါင်းများစွာ
မွှန်းနေသလိုပဲ နာကျင်ခဲ့ရတယ်... ။

ချစ်သူ........
ငါ့အသည်းကို
ဓါးထက်ထက်နဲ့ထိုးတဲ့ဝေဒနာထက်
မင်းရဲ့အထင်လွဲမှုကြောင့်
ခံစားရတဲ့ဝေဒနာက
ငါ့အတွက်ပိုပြီး နာကျင်ခံစားရတယ်... ။

ချစ်သူ.......
င့ါဘ၀မှာ မင်းဆိုတာကို
ပထမဆုံး၊ ရှေ့ဆုံးမှာ ထားခဲ့တာပါ
င့ါရဲ့မိဘ၊ သူငယ်ချင်း၊ လူမှုရေး...
ဆိုတာတွေက မင်းနဲ့ယှဉ်ရင်
အကုန်နောက်ဆုံးမှာပါ... ။

ချစ်သူ.......
တို့နှစ်ယောက်ချစ်ခဲ့တဲ့
ချစ်သူသက်တမ်း(၆)နှစ်ကျော်မှာ
ငါ့ဘက်ကမင်းကို စိတ်ပျက်အောင်
လုပ်ခဲ့မိတာတွေ ရှိကောင်းရှိမယ်
ဒါပေမဲ့ မင်းကိုသစ္စာဖောက်တဲ့အလုပ်ကိုတော့
ငါ့ဘက်က ဘယ်တော့မှလုပ်မှာမဟုတ်ဘူးဆိုတာ
မင်းယုံစေချင်တယ်... ။


နှင်းဆီနက်


ခင်မင်ရုံသက်သက်
မဟုတ်ခဲ့သောရင်းနှီးမှု
နှလုံးသားတစ်ခုမြုပ်နှံ
ငါ့အတွက် ဘာကျန်ခဲ့လို့လဲ
အစကတည်းက မကြင်နိုင်ရင်
မချစ်တတ်တဲ့ နှလုံးသား
အရင်းအတိုင်း ရှိပါစေလား....။ ။

ဖြစ်ချင်ခဲ့တာက
သာယာလှပတဲ့လမ်းမှာ
အပြုံးတွေ ဝေဆာပွင့်ဖူး
တစ်ဦးလက် တစ်ဦးတွဲ
နှစ်ကိုယ်တည်း လျှောက်လှမ်းချင်တာ....
ဖြစ်ခဲ့တာက
ရေကြည်တစ်ပေါက် သောက်ရဖို့အတွက်
တွင်းပေါ်ပြန်တက်ရတဲ့
ရေတွင်းတူးသမား၇ဲ့ဒုက္ခမျိုး
ဘယ်လောက်ဆိုးသလဲကွယ်....။ ။

အခုတော့လေ
အိပ်မက်တွေနဲ့ဖျော်တဲ့
အနမ်းကော်ဖီ
မင်းဆီမရောက်ခဲ့သော်လည်း
ချိုအီနေဆဲရှိပါသေးတယ် မောင်....။ ။

ချစ်ခဲ့တယ်
ချစ်နေတယ်
ချစ်နေဦးမယ်
အဲဒီ ချစ်ခြင်းမှာ
အခါခါ သေဆုံးတောင်
အပြုံးမပျက်
နှလုံးသားအတွက်စတေး
အလွမ်းတေးဆိုကာ
ချစ်နေပါဦးမယ် မောင်....။ ။

လိပ်ပြာ




လိပ်ပြာ.......
မင်း...ပန်းဆီ လူပျိုလှည့်လာတော့
မင်းမှာ အချစ်ပါခဲ့ရဲ့လား....


အဖြည့်ခံ

ကိုယ်ဟာ မင်းရဲ့...
တစ်ဘ၀စာ လိုအပ်မှုအတွက် မဖြစ်ခဲ့ရင်
တစ်ခဏတာ ဖြည့်ဆည်းပေးမှုအတွက်
ကျေနပ်နေခဲ့သူပါ....

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။