" ဒါဟာ လမ်းသစ်မှမဟုတ်ပဲ ငါ့သမီးဖြတ်ခဲ့ဖူးတာပဲ အခုလိုမိသားဖသားပီပီလာရောက်ကမ်းလှမ်းတာကိုပဲ အမေ့မှာ ၀မ်းသာလှပါပြီ အမေမျက်စိမမှိတ်ခင် သမီးကို စိတ်ချ ထားချင်တယ်ကွယ် "
ဒီလမ်းတွင် ဒီပန်းခူး၍ပေးကတည်းကဘာအပွင့်ပွင့်တော့မည်ဆိုတာကို မေသိပါတယ်။ ဒီလမ်းကိုစိမ်းသည်မှမဟုတ်တာ…..။ ဖြတ်ခဲ့ဖူးသောလမ်း…. မှန်ပါသည်….
စကားပန်းရနံ့တွေခင်းတုန်းကတော့ အသက်ရှုကောင်းခဲ့သည်။ တောင်ကုန်းတက်တော့လည်း လက်တွဲ ရမည့်သူပါတော့ မောရမှန်းမသိ။ တောဆိုတော့ စေးပျစ်၊ ဆူးချုံ၊ ပန်းရုံနွယ်ပင်အစုံပဲပေါ့။ ဆူးခြစ်မိ၍ ခြေသလုံးမှာ သွေးစစီးဆင်းလာတော့ မောင်ကဂွမ်းလေးနဲ့တို့ပေးခဲ့တယ်။ တောလမ်းပေမဲ့ စိန်ပန်းပွင့် ကြွေတို့ ခင်းသောလမ်းလေးလျှောက်ခဲ့ရသည်ကိုပျော်ပါသည်။ စံပယ်ရိုင်းတို့ပေါသောတောင်ကုန်းလေးအနားတွင်မှ ချစ်သောမောင်ကမေ့ကိုထားရစ်သည။ ထားရက်လေခြင်းလို့ဘယ်လိုဆိုရက်ပါ့…. အနိစ္စနွယ်ရှင်က မောင့်ကို ဆွဲငင်ရစ်ပတ်ခေါ်ယူသွားခဲ့ပြီ။ တောကြီးမှောင်မှောင်တော့မဟုတ်…. နေရောင်ပျပျမှာ မရှင်းလင်း…. ဒီတော့ လမ်းကိုမောင်မပါပဲ မေဆက်လျှောက်ခဲ့ရသည်။
ကိုကိုကြီးက သဘောင်္သားမို့ချမ်းသာသည်။ မေနှင့်အသက်အတော်ကွာလှသည်။ မေ့ကိုမုဆိုးမမို့ သနားစိတ်နှင့် များ ကြည့်သလား မေလှလို့လားတော့မသိ။ ကိုကိုကြီးကမေ့ကိုတွေ့ပြီးနောက်ပိုင်းမရိုးမသားနှင့်ချဉ်းကပ်လာသည်။ မေ၏အနေအထိုင်တည်ကြည်မှုကြောင့် ကိုကိုကြီးသည်အမေ့ဆီတရားဝင်လက်ထပ်ခွင့်တောင်းကမ်းလှမ်းလာပါသည်။
မေ့ရင်ထဲမှာတော့ ခေါင်မိုးမှမိုးယိုလို့ နောက်အိမ်ထောင်ပြုရသည်ကိုတော့ မောင်နားလည်ပေးပါ့မလား…. ခေါင်မိုးကြီးကိုပဲတရားခံရှာလေသလား၊ ဖြစ်နိုင်လျှင်မေကိုယ်တိုင်ပဲတက်၍ ဓနိနှင့်ဖာထေးလိုက်ချင်ပါသည်။ နောက်ဖေးရေစင်ကိုလည်း လက်သမားခေါ်ပြင်လိုက်လျှင်ဘယ်လောက်ကျမှာမှတ်လို့…..။
မေတို့မင်္ဂလာပွဲလေးစည်ကားလှပါသည်။ ကိုကိုကြီးဘက်မှအသိုင်းအ၀ိုင်းများကြားမေအသက်ရှုမ၀ခဲ့ပါ။ အမေ့ အပြုံးမှာမေနေတတ်ချင်ယောင်ဆောင်ခဲ့ရသည်။ ဒီတစ်ခါတော့ ယောက်ျားရကံကောင်းတယ် ချီးကျူးသံ တွေကြားမှာမေအံ့တင်းထားခဲ့ရသည်။ ဒီလမ်းကိုမျက်စိမှိတ်၍ ဇွတ်အတင်းလျှောက်ရပေဦးမည်။ မျက်စိ မှိတ်မှ မမှိတ်လျှင် မောင့်မျက်နှာသည် မေ့မျက်လုံးတွင် ဆီးကာနေ၍ ဒီလမ်းကိုလျှောက်ဖြစ်မည် မဟုတ်။
မေ့ဘက်မှအားနည်းချက်တွေများတော့ မေအတတ်နိုင်ဆုံးကိုကိုကြီးကိုလိုက်လျောသည်။ မပြည့်မစုံမုဆိုးမမေ့ကို တယုတယကောက်ကာတန်ဖိုးထားခဲ့သူမို့ကိုကိုကြီးမျက်နှာမငြိုစေရ။
အိမ်ထောင်သက်လေးရလာတော့ ကိုကိုကြီးခြေလှမ်းတွေတဖြည်းဖြည်းပျက်လာသည်။ အစတော့အိမ်ပြန်နောက်ကျသည်။ နောက်တော့အိမ်ပြန်မအိပ်တဲ့ညတွေများလာသည်။ ကိုကိုကြီးဆီမှအ ကြောင်း ပြချက်တွေ မေမကြားချင်ပေမဲ့ နားထောင်ပေးခဲ့သည်။ မေတစ်ယောက်တည်း ညတွေဖြတ်သန်းခဲ့ရသည်။ မိန်းမသားတစ်ယောက်တည်းမို့ ညပြန်လာအိပ်ပေးဖို့ တောင်းဆိုချင်ပေမဲ့ မေ့မှာပြောမထွက်ခဲ့။
" မေတို့ကလေးယူကြပါလား၊ ကလေးရှိမှအိမ်ထောင်ရေးသာယာတာ " မေ့ကိုအကြံပေးကြသည် မေ့ကိုဘာကြောင့်ဒီလိုအကြံတွေပေးသည်ကိုမေနားလည်ပါသည်။ မေဘယ်လိုကြိုးစားပေမဲ့ မေ့ဆီဒီပျော်ရွှင်စရာ ရင်သွေးလေးရောက်မလာခဲ့။ ဒါကြောင့် ကိုကိုကြီးအိမ်ပြန်မလာလဲ မေမပြောရက်၊ လိုက်မခေါ်နိုင်ရက်ခဲ့……။
ချုံပိတ်ပေါင်းလည်းမထူ နေလည်းမပူပါပဲ မောလိုက်တာ….. ပန်းအတိခင်းထားသော်လည်း လေညင်းသာသာ နေရောင် ဖျဖျတွင်မှ ရေငတ်ပါဘိခြင်း။ ဆင်းတောင့်ဆင်းရဲ နှစ်ယောက် ခြိုးခြိုးခြုံခြုံနဲ့ လျှောက်လာခဲ့ရတဲ့ လမ်းလေးက ပင်ပန်းပေမဲ့မနွမ်းခဲ့ဘူး။ ဒီလမ်းကိုပဲနောက် တစ်ကြိမ်ပြန်လျှောက်ရချိန်မှာ ချုံတွေရှင်းလို့ လမ်းကဖြူး နေပေမဲ့ မောင့်ရင်ထဲက လေးစင်တိုင်နဲ့ ထိုးထားတဲ့ရေအိုးစင်ကမရှိဘူးမောင်ရယ်။ မောင်တည်ထားတဲ့သဲအိုးလေးဟာ စပါးပင်ပေါက်လေးတွေအလယ်မှာတည်ထားတော့ ဒီရေချမ်းစင်မှာ မောမောရှိတိုင်းခပ်သောက်လိုက်ရတာ အမောပြေပါဘိ။ အခုဒီလမ်းမှာရေအိုးစင်မရှိတော့ဘူးလား……။
အခုတော့ဖောင်စီးရင်းရေငတ်နေခဲ့ရတာ။ မေ့ဘက်မှဝတ္တရားမပျက်အောင်မေကြိုးစားခဲ့ပါလျက် သူဝတ္တရားပျက်လွန်းသည်။ မေ့ကိုငွေရှာပေးနိုင်လျှင်ပြီးပြီဟု သဘောထားသည်။ မေလိုချင်တာငွေမဟုတ်တာ ကိုကိုကြီးမသိဘူးလား မေတစ်ယောက်တည်းဖြတ်သန်းခဲ့ရတဲ့နေ့တွေမှာ မေဘာလုပ်နေသလဲ ကိုကိုကြီး စိတ်မ၀င်စားခဲ့။ မေမဟုတ်တဲ့ မိန်းကလေးတွေကြားမှာ ပျော်မွေ့နေခဲ့သည်။ ကလေးယူဖို့ မတိုက်တွန်းသလို မေ့ကိုလဲ အပြစ်မရှာခဲ့။ တစ်ယောက်အပြစ် ကိုတစ်ယောက်ဖွင့်ပြောလိုက်ရသည်မှ ကောင်းဦးမည်။ အခုတော့ ကိုကိုကြီး မပြောသလို မေလဲမပြောခဲ့ရ။
တစ်ယောက်တည်း ကြိတ်ငိုခဲ့ရတဲ့ ရက်တွေများလာတော့ မေနောက်ထပ်မငိုချင်တော့…. မငိုချင်ဘူး….. ငိုလို့ ဘယ်သူကသနားမှာလဲ….မေလျှောက်ခဲ့တဲ့လမ်းပဲ….အိမ်မိုးယိုတာတွေ ရေစင်ပြင် ဖို့တွေနှင့် မလုံလောက်သော လစာကို တရားခံရှာ လိုက်မိတဲ့မေ့ကို လောကကြီးကဒဏ်ခတ်လိုက်တယ်ထင်ပါရဲ့ ။ တမလွန်ကမောင်ကကောမေ့ကိုခွင့်လွှတ်နိုင်ပါ့မလား…..
ဒီလမ်းကိုဖြတ်ခဲ့ဖူးပါသည်…..။
ဆရာမကြီးခင်နှင်းယု၏စာသားများကိုကြိုက်လွန်း၍ ကူးယူဖော်ပြထားသည်များရှိပါသည်။ ဘလော့ သူငယ်ချင်း များ ကို ဇူလိုင်၁၉တွင်ကျရောက်မည့်နှင်းဆီနက်၏မွေးနေ့ အမှတ်တရ အဖြစ်ဒီပို့စ်လေးနဲ့ ကျေနပ်နိုင် ပါစေ လို့ .........

နှင်းဆီနက်
ဇူလိုင်ဖွားလေးပေါ့၊ အမ အမေလဲ အဲ့နေ့ပဲ တော့၊ အမလဲ ဒီလထဲပဲ၊ကြိုပီး ဟတ်ပီးဘတ်ဒေးပါ
မွေးနေ့မှာ ပျော်ရွှင်ပါစေ ဒီပို့စ်လေးကို တော်တော်လေးကြိုက်မိပါတယ်။ အရေးအသားရော ဇာတ်အိမ်ရော တော်တော်လေးသဘောကျတယ်ဗျာ။ ရင်ထဲမှာ တခုခုကျန်သွားသလိုပဲ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
ဟက်ပီးဘတ်ဒေး အစ်မရေ.... ဇာတ်လမ်းလေးကိုလည်း အားပေးသွားတယ်..
မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ.... နောင်နှစ်ပေါင်းများစွာတိုင် ချစ်သူခင်သူများနဲ့ ပြီးပြည့်စုံသော ဘ၀တစ်ခုဖြစ်ပါစေလို့ ဆုတောင်းပေးတယ်နော်...
Happy Birthday ပါ မနှင်းဆီနက်ရေ
လိုအင်ဆန္ဒတွေအားလုံးပြည့်စုံပါစေရှင်
ဟက်ပီးဘက်ဒေး ပါ
လတ်2ရေ လွမ်းတယ်
ဟတ်ပီးဘတ်ဒေးပါနော် အမရေ ဇူလိုင်ဖွားတွေများတယ်နော်။ တစ်လတည်းမွေးတည်းသူအချင်းချင်းပဲနော်။ ပျော်ရွှင်အဆင်ပြေပါစေနော်အမရေ။
အော် ...အာဇာနည်နေ့မှာ မွေးတဲ့ အာဇာနည် မလေးပေါ့...ငါ့ညီမ က။
ဆုမတောင်းသေးဘူး ဝေးသေးတယ်..မေ့မှာ ဆိုးလို့ ..နီးမှ နော်...ဟဟဟ
ဇူလိုင်၁၉ တွင်ကျရောက်မည့် နှင်းဆီနက် မွေးနေ့မှသည်
နှစ်ပေါင်း ၁၂၀ အသက်ရှည်စေသော်။
အိမ်ရှင်မကြီးဖြစ်တော့မည့်အတွက်လည်း ကြည်နူး
ဝမ်းမြောက်မိပါသည်။
ချစ်ခင်စွာဖြင့်
မမက (၁၉)
ကျနော်က (၂၂)
ဇူလိုင်ဖွားချင်းတူတယ်
happy birthday ပါမမရေ
ရင်ထဲကနေဆုမွန်ကောင်းတောင်းပေးပါတယ်ဗျာ
ချစ်ခင်စွာဖြင့်
ဖိုးစိန်
အမ မွေးနေ့ ကပြီးသွားပြီလား.. သိတောင်မသိလိုက်ဘူး.. အသိနောက်ကျတာတောင်း ပန် ပါတယ်ဗျာ...။
ပိုစ်လေးစိတ်ဝင်စားလို့ဖတ်ရင်းအောက်ဆုံးရောက် မှသိလိုက်ရတယ်..။
ဘယ်လမ်းပဲလျောက်လျောက်.. နောက်ပြန်မကြည့်ပဲ ရဲရဲ
သာလျောက်တော့.. ဘာလို့ လည်းဆိုတော့ ကိုယ်ကိုယ်
တိုင်က ရွေးချယ်ခြဲ့ပီးပြီပဲ နော့်
မွေးနေ့ဆုတောင်းပေးသွားတဲ့ ဘလော့မောင်နှမများကိုကျေးဇူးအများကြီးတင်ရှိကြောင်းပြောကြားလိုပါတယ်ရှင်
အင်း
ကျနော်လဲ စိတ်မကောင်းဘူး။
မွေးနေ့ကို အသိနောက်ကျလို့လေ။
ကျနော်ကတော့ ဂျူလိုင် ၂၂ဗျ။ =)
ဒီပိုစ့်လေး တကယ်ဖတ်လို့ကောင်းတယ်။
နောက်ကျသွားလို့ တောင်းပန်ပါတယ်...။
မွေးနေ့ဆုတောင်းပေးသွားပါတယ်....။
အစ်မရေ နောက်ကျသွားပေမယ့် ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ခဲ့မယ်လို့ မျှော်လင့်ပါတယ်။ ဝတ္ထုကလည်း တအား ဖတ်လို့ကောင်းတာပါပဲ...