မောင့်တောအုပ်မှာ ငှက်ပြာဝတ်ရည်၊ သောက်ယစ်ရီတတ် နှင်းဆီဖြူလဲ့၊ ပျံသင်းဖွဲ့တတ် ၀ါသွဲ့ရွက်ကြွေ၊ လိပ်ပြာပွေတတ် မြစ်ရေချောင်းစ၊ တေးညင်းမြတတ် မိန်းမလှသူယောင်၊ မျက်တောင်ခတ်တတ် ကျမ်းတက်ဇော်ဂျီ၊ ဖိုဝင်မီတတ် ကြံစည်သမျှ ဖြစ်မြောက်ရသည်။ မောင့်တောအုပ်မှာ လာလှည့်နေလှည့်၊ အိပ်စက်လှည့်ဟု သဲ့သဲ့ခေါ်ငင်၊ မပီပြင်လည်း ထင်ထင်ကြားလိုက်၊ တိမ်းမူးခိုက်ဝယ် မိုက်မှားကြမ္မာ၊ တွန်းပို့ရာသို့ ထွက်ခွာလွင့်ပါး၊ ရပ်တပါး၌ ရွေ့ လျားရာသီ ထပ်ခဲ့သည်။ မောင့်တောအုပ်မှာ ချမ်းသာအေးမြနေချင်လှလည်း လမ်းစပျောက်ပျက်၊ ရှာပြန်ဆက်ပြီး ပင့်သက်မောတွေ၊ မျက်ရည်ဝေဆဲ မနေပျော်နဲ့ လာလိုက်ခဲ့ဟု သဲ့သဲ့ခေါ်သံကြားရပြန်၏။ မြဲမြံနွယ်နှောင်၊ လူတို့ဘောင်၌ ယောင်မှားဧည့်သည်၊ မပျော်ကြည်ဘူး မဆည်နိုင်တော့၊ နွမ်းပျော့ခွေညိုး လမ်းမှားတိုးဆဲ၊ တိုးတိုးတစ်မျိုး ချိုးငယ်ပြောသည်၊ မောင့်တောအုပ်မှာ ငှက်ပြာဝတ်ရည်၊ သောက်ယစ်ရီသတဲ့ နှင်းဆီဖြူလဲ့၊ ပျံ့ သင်းဖွဲ့သတဲ့ မြစ်ရေချောင်းစ၊ တေးညှင်းမြသတဲ့ မိန်းမလှသူယောင်၊ မျက်တောင်ခတ်သတဲ့ ကျမ်းတက်ဇော်ဂျီ၊ ဖိုဝင်မီသတဲ့ ကြံစည်သမျှ ဖြစ်မြောက်လှသတဲ့ နှမ မသိရှိမည်လား.....။ ရေးသားသူ (ကြည်အေး) (ရှုမ၀ ၁၉၇၃၊ ဖေဖော်ဝါရီ)
Subscribe to:
Post Comments (Atom)
တိုက်တိုက်ဆိုင်ဆိုင် နှစ်သက်မိတဲ့
ကဗျာကောင်းလေး ပြန်ဖော်ပြပေးလို့ ကျေးဇူး .
ခင်မင်လျက်
ဝင်းဇော်
ကြည်အေးကဗျာလေးကို နှစ်သစ်စွာလာဖတ်သွားပါတယ် ရှင်..
မောင့်တောအုပ်ထဲဝင်လာခံစားသွားပါကြောင်း။
ကျေးဇူးပါ။
မဲမြံနွယ်နှောင်၊ လူတို့ဘောင်၌
ယောင်မှားဧည့်သည်၊ မပျော်ကြည်ဘူး
ဆရာမ ကြီးရဲ့ အဖွဲ ကရင် ကို ဖေါက်၏
လူရဲ့သံယောဇဉ် ကို နွယ် လို နိုင်း ပြီး ပြသွားတာ ကို ခံစားပြီးတော့ မမြဲပုံ ကို ပြတာ ကတော့ ဧည့် သည် ဆိုတဲ့ စကား သုံးသွား တာ ဟာ ပညာယူပြီး သံဝေဂရစရာ ပါ။
မောင့်တောအုပ်မှာ ထာဝရနေထိုင်ခွင့်ရပါစေ
ကဗျာကို ကာရန်တွေ ကောင်းလှချည်လားလို့ ဖတ်လာလိုက်တာ...."ကြည်အေး" ရဲ့ ကဗျာဖြစ်နေတာကိုး
ဝေမျှခံစားမှုအတွက် ကျေးဇူးပါဗျာ...
ကဗျာကို လေးခေါက်လောက် သေချာ ဖတ်ကြည့်တယ်။ ဘယ်လို မှတ်ချက်ပြုရမယ် မသိဘူး။ မျှဝေပေးတာ ကျေးဇူးပါ။ မောင့်တောအုပ်မှာ ရှိသော သာယာဖွယ်များ မမြဲလေသလား။