"ကလေးရဲ့ ပထမဆုံး သွားတစ်ချောင်းက တစ်နှစ်နဲ့ဘယ်နှစ်လမှာပေါက်တယ်ဆိုတာကို မှတ်မိနေပြီး မိဘရဲ့ နောက်ဆုံးသွားတစ်ချောင်း ဘယ်အချိန်မှာကျိုးသွားသလဲဆိုတာကိုတော့ မေ့နေတတ်တယ်" ဆေးရုံတစ်ရုံရဲ့ အ၀င်ဝမှာ ရေးကပ်ထားတဲ့ ပိုစတာလေးကိုမြင်မှာ ကျွန်မအသိစိတ်တွေနှိုးထလာတယ်။ အခုခတ်က ငယ်ရွယ် တဲ့ အိမ်ထောင်သည်တွေ ကိုယ်တိုင်ဝမ်းနာပြီး မွေးထွက်လာတဲ့ကလေးတွေကိုပဲ ဂရုစိုက်တတ်ကြတယ်။ ကိုယ့် ကိုလည်း အမေ၀မ်းနာပြီးမွေးထွက်လာခဲ့တယ်ဆိုတာကို မေ့နေတတ်ကြတယ်။

စနေနေ့ မနက်အိပ်ရာပေါ်မှာ ဇိမ်နဲ့နှပ်နေတုန်း ဖုန်းသံကြောင့် ကျွန်မအိပ်မက်က လန့်နှိုးလာခဲ့တယ်။ အမေ့ဆီ က ဖုန်းပါ။ ကလေးတွေခေါ်ပြီး အမေ့အိမ်မှာ နေ့လယ်စာသွားစားဖို့ ဆက်လိုက်တာဖြစ်တယ်။
"ကလေးတွေကို မက်ဒေါ်နယ်သွားစားဖို့ ပြောထားပြီးပြီ အမေရဲ့"
"အဲဒီပိုက်ဆံကို ချွေသာလိုက်ပါ သမီးရယ်... ကားမောင်းလာရင် ၁၀မိနစ်ထဲပါ"
အမေက မရမကတောင်းဆိုနေတယ်။ ကလေးတွေက အမေချက်တာကိုစားချင်မှာ မဟုတ်ဘူး။ ဟမ်ဘာဂါပဲ စားချင်ကြမှာပဲလို့ ကျွန်မတွေးလိုက်မိတယ်။ အမေကို လာမယ်၊ မလာဘူးလို့မပြောခင် ကျွန်မတွေဝေနေတုန်း မှာ အကြီးမနဲ့အငယ်လေးက ဖုန်းပြောနေတဲ့ကျွန်မကို လက်ခါပြလိုက်၊ ခေါင်းခါပြလိုက်နဲ့ အဘွားအိမ်ကို မသွား ချင်ကြောင်း လုပ်ပြနေတယ်။ သမီးတွေက ရုံးပိတ်ရက်မိသားစု စုံစုံညီညီနဲ့ အပြင်ထွက်ပြီး အတူစားချင်ပုံရ တယ်။

"အမေ့မြေးတွေနဲ့ တိုင်ပင်ပြီး သမီး ဖုန်းပြန်ဆက်လိုက်မယ် အမေ" "အေးပါ သမီးရယ်" ဖျော့တော့တော့ အသံနဲ့ အမေဖုန်းချသွားတယ် ဆိုရင်ပဲ ကလေးတွေက တစ်ပြိုင်ထဲ "အဘွားအိမ် မသွားချင်ဘူး။ မက်ဒေါ်နယ် သွားစား မယ်လို့ ပြောထားပြီသားပဲ" လို့ ၀ိုင်းအော်ကြတယ်။ "အဘွားရဲ့ရည်ရွယ်ချက်က နေ့လယ်စာစားဖို့မဟုတ်ဘူး။ သူ့မြေးတွေဖြစ်တဲ့ သမီးတို့ကို ကြည့်ချင်လို့"
"အရင်အပတ်ကပဲ သမီးတို့သွားခဲ့ပြီးပြီလေ မေမေ" ကျွန်မရှင်းပြတာကို သမီးတွေကလက်ခံချင်ပုံမရခဲ့ဘူး။" တစ်ချိန်မှာ မေမေလဲ အိုသွားတဲ့အခါ သမီးတို့ကို "သမီးတို့ရေ အိမ်ကိုလာခဲ့ပါဦး။ မေမေကိတ်မုန့်ဖုတ်ထား တယ်။ မြေးတွေလဲ ခေါ်ခဲ့နော်" လို့ ဖုန်းဆက်ခေါ်ရင် "ကိတ်မုန့်ကို အပြင်မှာ ၀ယ်စားလဲရတာပဲ အမေ.. သမီးတို့ မအားဘူး" လို့ ပြန်ပြောရင် အခု ဘွားဘွား စိတ်မကောင်းဖြစ်သွားသလို မေမေလဲ စိတ်မကောင်းဖြစ်လိမ့်မယ်" လို့ ရှင်းပြတော့ လေးနှစ်သမီးလေးက "သမီး အဲလို မပြောဘူး။ ဟုတ်ကဲ့လို့ ပြောမယ် မေမေ" တဲ့။

နောက်ဆုံး သမီးတွေနဲ့တိုင်ပင်ပြီး နေ့လယ်စာကို မက်ဒေါ်နယ်စားပြီး ညနေစာကို အမေ့အိမ်မှာစားဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်တယ်။ ညနေအိမ်လာခဲ့မယ်လို့ အမေ့ကိုဖုန်းပြန်ဆက်တော့ အမေက "အေး...... ဒါဆိုရင် အမေ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ဦးမယ်" လို့ ၀မ်းသာအားရ ပြန်ပြောတယ်။ ညနေ အမေ့အိမ်ရောက်တော့ အမေက မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့ ချက်ပြုပ်နေတယ်။ အမေ့ကိုကူဖို့ ကျွန်မမီးဖိုထဲဝင်တော့ အမေက ပုခုံးကျောတွေ ကိုက်ကြောင်း ပြောပြတယ်။

" ဆေးခန်းမသွားဘူးလား အမေ၊ ဆေးမလိမ်းဘူးလား" "သွားလဲ မထူးပါဘူး သမီးရယ်။ ဆေးလိမ်းလဲ မသက် သာပါဘူး" အမေ့စကားကိုကြားမှ အမေလိုအပ်နေတာ ဆေးခန်းတွေ၊ လိမ်းဆေးတွေ မဟုတ်ဘဲ ကျွန်မတို့ရဲ့ ဂရုစိုက်မှု၊ ပြုစုမှုဆိုတာကို ကျွန်မသဘောပေါက်တော့တယ်။ အသန့်အပြန့်ကြိုက်တဲ့ အမေ့ရဲ့ မီးဖိုချောင်က အိုးတွေဟာလဲ ဆီချေးတွေအထပ်ထပ်ပေနေတာကို ကျွန်မသတိထားမိလိုက်တယ်။ အိုးတွေကို တိုက်ချွတ်ဆေး နေရင်း "အိုးတွေကိုတိုက်ချွတ်ဖို့ အမေအားတွေမရှိတော့လို့ဖြစ်မယ်" လို့ ကျွန်မစဉ်းစားလိုက်မိတယ်။

အရင်တုန်းက လက်တစ်ဖက်က ကျွန်မကို ချီပိုးရင်း၊ ကျန်လက်တစ်ဖက်နဲ့ ကြော်လှော်ချက်ပြုတ်ခဲ့တဲ့ အမေ... အိမ်ရှေ့၊ အိမ်နောက်၊ အိမ်ထောင့်တွေပါ မကျန် သပ်ရပ်သန့်ရှင်းအောင် အမြဲရှင်းလင်းတတ်တဲ့ အမေ.....

အခုခါမှာတော့ ဇရာထောင်းပြီး လက်တွေလဲအင်အားချိခဲ့ပါပြီ။ ဒါတောင် သူချစ်တဲ့ သားသမီးမြေးတွေကို ကိုယ် တိုင်ချက်ပြုပ် ကျွေးမွေးချင်နေတုန်းပါပဲ။ ကျွန်မ ဘယ်လောက်ပဲ ပင်ပန်းပြီး၊ အလုပ်များနေပါစေ အချိန်တစ်ချိန် ကန့်သတ်ပြီး အမေ့အိမ်ကိုအမြဲပြန်ပြီး အိုးတွေကိုတိုက်ဆေးပေးမယ်ဖို့ ကျွန်မဆုံးဖြတ်ချက်တစ်ခု ချလိုက်မိပါ တယ်။ နောင်တစ်ချိန် ကျွန်မအိုသွားတဲ့တစ်နေ့၊ လက်တွေလှုပ်ရှားဖို့ အားအင်နည်းသွားတဲ့အခါ သားသမီးတွေ လည်း အိမ်ကိုအမြဲပြန်လာပြီး အိုးတွေတိုက်ဆေးပေးဖို့ ကျွန်မမျှော်လင့်မိပါတယ်။

"ညီမငယ်တယောက်ပို့ပေးထားတာကို ကြိုက်လွန်းလို့ တခြားသူငယ်ချင်းများလဲခံစားဖတ်ရှုနိုင်ရန် တင်ပေးထား ခြင်းဖြစ်ပါကြောင်း....."

မူပိုင်မဟုတ်ပါ။


နှင်းဆီနက်

1 Response to "အိုသွားတဲ့ တစ်နေ့"

  1. Anonymous Said,

    ဖတ်ရတာအရမ်းကောင်းတယ်၊ မြန်မာပြည်မှာတော့ အဲဒါမျိုးသိပ်မရှိလောက်ဘူးထင်တယ်နော်၊ နောက်နှစ်တွေကြာလာလို့ပြောင်းသွားရင်တော့ ပြောတတ်ဝူး

     

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။