တောင်ဒဂုံရှိ ဦးလှထွန်း(ကင်ဆာဖောင်ဒေးရှင်း)သို့ ကျွန်မတို့အဖွဲ့များသည် ကားစီးလုံးငှား၍အုပ်စုလိုက် လေ့လာ ရေးထွက်ခဲ့ပါသည်။ မနက်စောစောအုပ်စုလိုက်ကြီးတူညီဝတ်စုံများနှင့်လှပတက်ကြွစွာဖြင့် အတူတူမုန့်စားရင်း၊ လူနာတွေတွေ့ရင်ဘယ်လိုအားပေးစကားပြော လိုက်မယ်၊ ရောဂါဘယ်လိုစဖြစ်တာလဲဆေးကုတာရော ဘယ် လောက်ကြာပီလဲ စသဖြင့် အားပေးစကားများပြောကြမည်၊ သိချင်တာလေး များလဲမေးမြန်းကြမည်ဆိုပီးအားလုံး တူညီတက်ကြွစွာနှင့် တောင်ဒဂုံသို့ ခရီးနှင်လာခဲ့ကြပါတော့သည်။
ကားပေါ်တွင်လည်းတယောက်တပေါက်အပြောများနှင့် ဆူညံနေပါတော့သည်။ ကျွန်မနှင့် ဖြိုး၊ သိဂီ၊ မေလင်း(၄) ယောက်တတွဲသည် သင်တန်းတက်ရင်းမှ အလွန်ချစ်သော သူငယ်ချင်းများအဖြစ်တွဲဖြစ်ခဲ့ကြသည်။ ကျွန်မတို့ ထဲတွင်ဖြိုးကလူကောင်ကြီးသလောက် အရမ်း ကြောက်တတ်ပါသည်။ မျက်ရည်လည်းအလွန်လွယ်သော သူဖြစ် သည်။ သိဂီက အသံသြသြနှင့်ချစ်ဖို့ကောင်းသောသူဖြစ်သည်။ မေလင်း က အညာသူစကားတတ်တတ်လေးဖြစ် သည်။ ကျွန်မကတော့ကိုယ့်ကိုကိုယ်အထင်ကြီးနေတဲ့သူတယောက်ပေါ့လေ။ (ဟိ စကားအဖြစ် ပြောတာနော်).. ကျန်တဲ့အုပ်စုတွေကလဲ အုပ်စုလိုက်ပြော၊ ကျွန်မတို့၎ယောက်ကလဲ အားကျမခံပြောရင်းနှင့် ကားဆရာများမှာ ကျွန်မတို့ အုပ်စု၏ ဆူညံသံကိုသည်းခံရင်းနှင့်ပဲလိုက်ပို့ပေးကြပါသည်။
တောင်ဒဂုံထဲကိုစ၀င်လာတော့ ကျွန်မကအသစ်ဖြစ် နေသောပတ်ဝန်းကျင်ကို စူးစမ်းရင်းနှင့်ငြိမ်လိုက်လာသည်။ တော်တော်လေးမောင်း နှင်လာတော့ တွေ့ပါပြီဦးလှထွန်း(ကင်ဆာဖောင်ဒေးရှင်း)ဆိုတဲ့ဆိုင်းဘုတ်က ဟိုဘက် ဒီဘက်နဲ့အကြီးကြီးဝင့်ဝင့်ကြွားကြွားနှင့် ဂုဏ်ယူ စရာ... အားလုံးအသံတွေတိတ်သွားကြသည်။ ဟိုဘက်လှည့် ငေး၊ ဒီဘက်လှည့်ငေးသူများလည်း ငေးကြသည်။ ဆေးရုံတ၀န်းလုံးလည်း တိတ်ဆိတ်နေသည်။ ကျွန်မတို့မှာ လူနာတွေကဘယ်မှာလ၊ဲ ဆရာဝန်မတွေကရောဘယ်မှာလဲဆိုတာကို ဆေးရုံအပြင်မှပဲ လိုက်စပ်စု နေမိပါသည်။ ကားပေါ်ကဆင်းပြီး ဆရာမကြီးမှ လူစုပါသည်။ ၂ယောက်တတွဲ တွဲခိုင်းသည်။ လူနာတွေကိုမေးမြန်းပြီး report တင်ခိုင်း ပါသည်။ တွဲမိသည်က ကျွန်မနှင့်သိဂီတတွဲ၊ ဖြိုးနှင့်မေလင်းကတတွဲ။ စီတန်းပြီး ဆရာမကြီးမှရှေ့ကစ၍ လူနာဆောင်များဆီသို့ စပြီး ချီတက်ပါပြီ။ ကျွန်မတို့မှာ ရင်ခုန်စွာဖြင့်စူးစမ်းရင်း လိုက်လာခဲ့သည်။ စစချင်းကျွန်မတို့ဝင်ရသော အခန်းမှာ ယောက်ျားလူနာဆောင် ဖြစ်ပါ သည်။ ဆရာမကြီးမှ ဦးဆောင်ခေါ်သွား သောလူနာမှာ ဘုန်းဘုန်းတပါးဖြစ်သည်။ ဦးလှထွန်း(ကင်ဆာဖောင်ဒေးရှင်း)မှ ဆရာမများ မှရှင်းပြပေးပါသည်။ ဘုန်းဘုန်းမှာ အရိုးကင်ဆာဖြင့်ဓာတ်ကင်ထားသည်မှာ အကြိမ်၅၀ကျော်ပြီဖြစ်ကြောင်း၊ အခုလည်းငြီးတွားနေ သည်မှာ ကိုက်ခဲနေသောကြောင့်ဖြစ်ကြောင်း၊ အင်မတန်နာကျင်လာလို့အော်ဟစ်လာ ရင်တော့ အနာသက်သာ ဆေးထိုးပေးမှသက်သာ ကြောင်းစသည်ဖြင့် ကျွန်မတို့အဖွဲ့အားရှင်းပြပါသည်။ ကျွန်မတို့ အားလူနာများဆီသို့ ၂ယောက်တတွဲစီဖြင့် ဆရာမကြီးမှလွှတ်လိုက်ပါလေရော (စပြီ ဇာတ်လမ်းက သည်မှာ)
ကျွန်မနှင့်သိဂီကိုင်ရသောလူနာမှာ အသံအိုးကင်ဆာရှင်ဖြစ်ပါသည်။ ထိုလူနာမှာ အသက်၄၅နှစ်ပဲရှိသေးသည်။ သူ့ကိုသွေးပေါင်ချိန်တိုင်း၊ ပရက်ရှာတိုင်း၊ ပြီးတော့ တကယ့်ဆရာမပုံစံနဲ့ပဲနှစ်ယောက်သား ခပ်တည်တည်နှင့် ရွှီး ပါတော့သည်။ ဦးရောဂါစဖြစ်ပုံလေးပြောပါဦးဆိုတော့ လူနာရှင်က အသံအိုးကင်ဆာဖြစ်၍လည်ပင်းကို အပေါက် ဖောက်ထားသောကြောင့် စကားပြောလို့မရပါတဲ့၊ စာရေးပြပါမယ်ဆိုပီး လက်ဟန်ခြေဟန်နဲ့ပြောပါ တော့သည်။ ကျွန်မတို့တတ်ယောင်ကားနှစ်ယောက်မှာရှက်ရှက်ဖြင့် ဟုတ်ကဲ့လိုက်ရပါတော့သည်။

အဲဒီတော့လူနာကို ကိုယ်က ပါးစပ်ကမေး၊ လူနာကလက်နဲ့ရေးဖြေရင်းနှင့် အမေးအဖြေလုပ်ခဲ့ရပါတော့သည်။ လူနာရှင်က သူရောဂါစ ဖြစ်ပုံကိုကျွန်မတို့အားပြောပြသည်မှာ - လွန်ခဲ့သော တစ်နှစ်က သူသည်ဆောင်းတွင်း မှာရေနွေးဖြင့် ရေချိုးမိကြောင်း၊ နောက်နေ့ကစပြီး သူ့အသံ မှာဝင်ပြီး စကားပြောလိုက်ရင်တရှုးရှုး အသံပဲထွက် နေတော့ကြောင်း၊ နောက်အသံထွက်မလာတော့သဖြင့်ဆရာဝန်နဲ့ ပြပြီးဆေးဆက်သောက်နေသော်လည်း အသံ ကထွက်လာလိုက်ပြန်ဝင်လိုက်နှင့် သိသိသာသာမပျောက်ပဲ နောက်ပိုင်းတွင်အသံလုံးဝမထွက်တော့သဖြင့် ရန် ကုန်ဆေးရုံကြီးသို့လာပြရာ ဆရာဝန်မှအသံအိုးကင်ဆာဖြစ်နေ၍ ဆေးရုံတွင်ကုသရန်ပြောကြောင်း၊ သို့ရာတွင် လူနာမှာနယ်မှလာရတာဖြစ်သောကြောင့် အလုပ်လစ်ဟင်းမှုများနှင့်စီးပွားရေးကိစ္စများရှိနေသေးသဖြင့် တာရှည် ကုသရန်မှာမလွယ်ကူသဖြင့် စရိတ်လည်းတာရှည်မတတ်နိုင်သောကြောင့် ဦးလှထွန်း(ကင်ဆာဖောင်ဒေးရှင်း) သို့ပြောင်းရွှေ့ကုသခွင့်တောင်းခံခဲ့ကြောင်း၊ ဓာတ်ကင်ထားသည်မှာအကြိမ်အရေအတွက် (၄၀) ရှိပြီဖြစ်ကြောင်း၊ အခုသက်သာနေပြီး မကြာမီတွင်ဆေးရုံမှဆင်းတော့မည်ဖြစ်ကြောင်း၊ ဦးလှထွန်း(ကင်ဆာ ဖောင်ဒေးရှင်း)တွင် မနက်စာ၊ နေ့လည်စာ၊ ညစာကိုလည်းတာဝန်ယူ၍ ကျွေးမွေးကြောင်း၊ မနက်အစောဆိုရင် ဘုရားခန်းတွင်သွား လာနိုင်သောလူနာများမှ ဘုရားရှိခိုးဝတ်ပြုနိုင်ကြောင်း၊ မိသားစုများမှာလည်း စီးပွားရေးကိစ္စများကို မလစ်ဟင်း သဖြင့် စီးပွားရေးကိစ္စကိုလည်းစိတ်မပူရသဖြင့် ကျေးဇူးတင်ပါကြောင်း စသည်ဖြင့်ပြောကြား သွားပါသည်။
ကျွန်မတို့ကိုဖြေရင်းမှ လူနာသည်တခါတလေ အားမလိုအားမရဖြစ်လာသလားမသိ ပါးစပ်မှလည်း ၀ူးဝူးဝါးဝါးဖြင့် လည်ပင်းကိုဖိဖိပြီး စကားတချက်တချက် ပြောလာပါသည်။ တခါလူနာကလဲ စကားပြောရင်းချောင်းဆိုးပါလေ ရော ဆရာမကြီးမှတွေ့သွားပြီး ကျွန်မတို့ နှစ်ယောက်ကို လူနာကို စကားမပြောခိုင်းနှင့်ဆိုပီးဆူပါတော့သည်။ ကျွန်မတို့နှစ်ယောက်လည်းဦးမပြောပါနှင့် သမီးတို့ကိုစာပဲ ရေးပြပါဆိုတာကို လူနာကရပါတယ်၊ ဦးပြောနိုင်နေ ပါပြီဆိုပီးပြောမယ်ချည်း အတင်းလုပ်ရာကျွန်မတို့နှစ်ယောက်မှာ တော်တော်ချွေး ပြန်ခဲ့ရပါသည်။
လူနာအား အားပေးစကားများပြောကြားပြီး ကျွန်မတို့နှစ်ယောက်လည်း တခြားသူငယ်ချင်းများတာဝန်ကိုယ်စီ ယူထားသောလူနာများဆီသို့လိုက်စပ်စုကြပါသည်။ ခြေထောက်ထိခိုက်မှုဖြစ်ပွားပြီးအရိုးကင်ဆာဖြင့်ခြေထောက် တဘက်ကိုဖြတ်ထားရာမှ နောက်ထပ်တဘက်ပါ ထပ်မံကူးစက်၍ နာကျင်ကိုက်ခဲနေသောလူနာမှာ အသက်အား ဖြင့်၂၀ကျော်ပဲရှိဦးမည်ဖြစ်သည်။ ကျွန်မတို့လည်း အားပေးစကားများ ပြောပြီး နောက်ထပ်လူနာများဆီလိုက်စပ် စုပြန်ပါသည်။ အသည်းကင်ဆာ၊ အရိုးကင်ဆာ၊ အစာအိမ်ကင်ဆာ စသည်ဖြင့်ကင်ဆာရောဂါစုံ စွာဖြင့်ဆေးရုံမှ လူနာများကို အားပေးစကားများပြောကြားကြပြီး ကျွန်မတို့အဖွဲ့သည် ယောကျာ်းလူနာဆောင်မှ အမျိုးသမီးလူနာ ဆောင်ဆီသို့ ကူးခဲ့ကြပါတော့သည်။

ကျွန်မသည် ထိုသို့ခံစားရမည်ဆိုသည်ကိုကြိုသိခဲ့လျှင် အမျိုးသမီးလူနာဆောင်ဆီသို့လိုက်သွားဖြစ်မည် မဟုတ် ပါ။ ကားပေါ်တွင်ပဲနေခဲ့မိမည်ဖြစ်သည်။ ကျွန်မအဖြစ်ကတော့ ထိုလေ့လာရေးခရီးထဲတွင် အဆိုးဝါးဆုံးဖြစ်သွားခဲ့ သည်။ ပြန်ပြောရလျှင်တောင် အခုချိန်ထိရှက်မိပါသေးသည်။
ကဲ ရောက်ပါပြီ အမျိုးသမီးလူနာဆောင်ဆီ
အမျိုးသမီးလူနာဆောင်ဆီကိုစ၀င်ဝင်ချင်းပင် ကျွန်မသည်စိတ်ထဲတွင်တစ်မျိုးစပြီးခံစားမိသည်။ ဘယ်လိုမှန်းလဲ မသိ ခံစားမှုကတော့။ ဆရာမကြီးမှလူနာတယောက်ဆီကိုပဲ လာခဲ့၊ ဆေးထည့်တာအရင်ဆုံးလာကြည့်၊ ပြီးမှ နောက်ထပ်လူနာတွေကို၂ယောက်အုပ်စုလိုက်မေးပါဆိုပီး ဆေးထည့်သောလူနာဆီသို့ ခေါ်ဆောင်သွားပါသည်။ လူနာရှင်မှာ ရင်သားကင်ဆာဖြင့်တက်ရောက်ကုသနေသော အမျိုးသမီးတဦးဖြစ်ပါသည်။ သူမသည် ပထမရင် သားတဘက်ကိုဖြတ်ထားခဲ့ရပြီး အမြစ်မပြတ်ပဲနောက်ထပ်တဘက်ကိုပါပွားလာပီး နောက်ထပ်တဘက်ပါဖြတ် ထားရသောလူနာဖြစ်ပါသည်။ ကျွန်မကလည်းစပ်စပ်စုစု ဆေးထည့်တာကဘယ်လိုထည့်တာလဲ၊ ရင်သားကင် ဆာဆိုတာဘယ်လိုကြီးလဲ၊ ဖြတ်ထားရင်ရောဘယ်လိုကြီးလဲ သိချင်စိတ်များစွာဖြင့်ရှေ့သို့ရဲရဲဝံ့ဝံ့တိုးသွားပါသည်။ ဖြိုးကတော့ အမမကြည့်ရဲဘူးတဲ့ အို ဒီလိုမျိုးလေ့လာရတာ တခါတလေမှကြုံရတာ ဘာလို့မကြည့်ရဲရမှာလဲ လာ ကြည့်ဆိုပီး ကိုယ်ကသူ့ကိုဆရာလုပ်ပီးတော့တောင်ခေါ် မိသေး။
လူနာကိုစကြည့်ကြည့်ခြင်းတော့ကျွန်မနဲနဲလန့်သွားသည်။ ရင်ထဲတွင်မကောင်း၊ သူ့ခမျာသနားပါတယ်ပေါ့၊ နောက်လဲကျရော လူနာရဲ့ အနာကိုဆရာမမှသန့်ရှင်းရေးလုပ်ပေး၊ နောက်အကြိမ်ကြိမ်သန့်ရှင်းပြီးတော့ ဆေးလဲ အကြိမ်ကြိမ်လဲထည့်ရော ကျွန်မသည် လူနာကတချက်တွန့်သွားလိုက် ကျွန်မကလဲလိုက်တွန့်လိုက်၊ လူနာက ညည်းလိုက် ကျွန်မကလဲလိုက်ညည်းလိုက်ဖြင့် ရင်ထဲတွင်ကတုန်ကရင်ဖြစ်လာ၊ အသက်ရှုတွေကြပ်လာပီး၊ မျက် လုံးများေ၀၀ါးလာကာ နောက်ဆုံးကျွန်မသည်ထိုနေရာတွင်ပင်ခွေကနဲလဲကျသွားပါတော့သည်။
ဘေးမှလူနာမှ ဟာ ဆရာမလေးတယောက်မူးလဲသွားပီ လုပ်ကြပါဦးဆိုပီးအော်ပါတော့သည်။ သိဂီမှလည်း ကျွန် မကိုပွေ့ထားခဲ့ပါသည်။ ကျွန်မလည်းသတိကရပြီး မထနိုင်၊ အန်ကလဲအန်ချင် အန်လဲမအန် အန်လို့လဲမရ၊ လူနာ ကိုလဲအားနာ၊ ရှက်လဲရှက်ဖြင့် ထူပူနေပါတော့သည်။ နောက်သူငယ်ချင်းများအကူအညီဖြင့် အပြင်သို့ ထွက်လာခဲ့ ကြပြီး တယောက်ပီးယောက် အပြင်လဲရောက်ရော အန်ကြပါတော့သည်။ ကျွန်မသည် ထိုလူနာအား မြင်ယောင် နေပြီး သနားလဲသနား၊ လူကလဲသာခွေယိုင်ထက်ဆိုးပီး မလှုပ်နိုင်၊ လက်ထိုးအန်တာတောင်မှမအန်တော့ ထိုရှေ့ တွင်ပင်ဆေးမျိုးစုံလူးပြီး၊ ရှုဆေးမျိုးစုံအား တမျိုးပြီးတမျိုးရှုနေခဲ့ရပါတော့သည်။
သူငယ်ချင်းများက ကျွန်မကိုယပ်ခပ်ပေးသူပေးကြ၊ အန်ပြီးမျက်ရည်ကျသူများကကျ၊ သနားလို့ငိုသူများမှငိုဖြင့် အလုပ်တွေရှုပ်နေကြပါတော့သည်။ ကျွန်မသည်သူတို့ရဲ့ဝေဒနာကို ကိုယ်ချင်းစာမိပါသည်။ ဝေဒနာရှင်များသည် ကင်ဆာဖြစ် ပြီဆိုတာကိုစသိကတည်းက သူတို့သည်တနေ့ဒီရောဂါဖြင့်သေရမည်ကိုကြိုသိပြီး သေမည့်ရက်ကို စောင့်နေသော သူများဖြစ်ကြပါသည်။ ကင်ဆာရောဂါကိုကြိုတင်ကာကွယ်ဆေးမရှိပါ။ ကင်ဆာရောဂါပျောက်တဲ့ ဆေးမရှိပါ။ ကင် ဆာရောဂါသက်သာအောင် ဓာတ်ကင်ခြင်းဖြင့်သာရောဂါကိုကုသပေးနေကြပါသည်။ ကြောက်စရာကောင်းလောက်အောင် ကင်ဆာဆိုသည်ကလည်းရောဂါဖြစ်ပွားပြီးကျွမ်းတော့မှသိရသော ဝေဒနာ မျိုးလည်းဖြစ်သည်။
ထိုသို့သောလူနာများသည် သူတို့ဘ၀၏နေ၀င်ချိန်ကိုစောင့်နေကြသောသူများလည်းဖြစ်ပါသည်။ ဝေဒနာနောက် ဆုံးရက်များတွင် သူတို့သည်နာကျင်ကိုက်ခဲမှုဒဏ်ကိုမခံနိုင်ကြသောအခါ သူတို့အားဆေးထိုး၍သတ်ပေးပါဟု အသနားခံကြကြောင်း ဆရာမကြီးမှပြောကြားပါသည်။ကျွန်မလည်း သူတို့၏ဝေဒနာကိုကိုယ်ချင်းစာသနားမိပါ သည်။ ကျွန်မမျက်စိရှေ့တွင်ပင်နာကျင်ကိုက်ခဲသဖြင့်အော်ဟစ်နေသောသူများ၊ ငြီးတွားနေသောသူများကိုကြည့် ပြီး ကျွန်မလည်းကိုယ်တိုင်ဝေဒနာဖြစ်သကဲ့သို့နာကျင်ခံစားရသည်။ ကင်ဆာရောဂါသည်အသက်အရွယ်မရွေး၊ ကျား၊မ မရွေးဖြစ်ပွားနိုင်ပါသည်။ ကျွန်မတို့လည်း ဝေဒနာရှင်များအားတတ်နိုင်သလောက် အလှူငွေများလှူဒါန်း ကြပြီး သူတို့ရဲ့မနက်ဖြန်အတွက် ဆုတောင်းပေးခဲ့ကြပါတော့သည်။
တခါက သူနာပြုအကူသင်တန်းတက်စဉ်ကအကြောင်းလေးပါ။ သူငယ်ချင်းများနှင့် ဆရာမကြီးများကိုသတိရ သောအားဖြင့် ရေးသားထားခြင်းဖြစ်ပါသည်။ ဤကဲ့သို့လူနာများအား အခမဲ့ကုသပေးနေသော ဦးလှထွန်း(ကင် ဆာဖောင်ဒေးရှင်း)အားလည်း ချီးကြူးဂုဏ်ယူမိပါသည်။ ကျွန်မတို့တတွေလည်းအသက်ရှင်နေထိုင်စဉ်အချိန်တွင် လူ့လောကအတွက်အကျိုးရှိသောလုပ်ငန်းများကိုလုပ်ကိုင်ရင်းဖြင့် ဘ၀ရဲ့နေ၀င်ချိန်ကိုလှပစွာဖြတ်သန်းနိုင်ပါစေ ဟု ဆုတောင်းရင်း.......

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။