ကျွန်မနဲ့ကျွန်မသူငယ်ချင်းနှစ်ယောက်ပြောဖြစ်တဲ့အကြောင်းအရာလေးတစ်ခုပါ

ကျွန်မတို့ကိစ္စတစ်ခုခုပေါ်လာတိုင်း အရေးကြီးတယ် အရေးကြီးတယ်. အရမ်းအရေးကြီးတယ် ဟုသုံးနှုန်း လေ့ရှိကြပါတယ်။ပေါ်လာတဲ့အကြောင်းအရာကိစ္စတိုင်းဟာလည်း ကျွန်မတို့အတွက် အရေးကြီးနေခဲ့တာပဲ မဟုတ်ပါလား။

ဒီလိုနဲ့ပဲ ဘာအရေးကြီးဆုံးလဲဆိုတဲ့အကြောင်းအရာလေးကို ကျွန်မတို့နှစ်ယောက် ပြောဖြစ်၊ ဆွေးနွေးဖြစ်ခဲ့ကြ ပါတယ်။ ဒါကလည်း ကျွန်မတို့ပြောဖြစ်၊ တွေးဖြစ်တဲ့အကြောင်းအရာလေးပါ...... ကြော်ငြာထဲကလိုပါပဲ ကိုယ့်အတွေးနဲ့ကိုယ်သောက်ကြသည်ပေါ့.။ ကျွန်မတို့သောက်ဖြစ်ခဲ့တဲ့ အရေးကြီးဆုံးဆိုတာကတော့.

ကျွန်မ။ ။ လောကမှာဘာအရေးကြီးဆုံးလို့နင်ထင်လဲ

သူငယ်ချင်း။ ။ အင်း ငါကတော့လောကမှာငွေအရေးကြီးဆုံးလို့ထင်တာပဲ၊ ငွေရှိရင်အားလုံးလုပ်လို့ရတယ်လေ

ကျွန်မ။ ။ ဒါဆိုနင်ကလောကမှာငွေကအရေးကြီးဆုံးလို့ထင်တယ်ပေါ့ ငွေရှိရင်ပြီးပြည့်စုံတယ်ပေါ့ ကျန်တာ ကောမရှိတော့ဘူးလား.

သူငယ်ချင်း။ ။ ကျန်တာတွေကငွေလောက်အရေးမကြီးဘူးထင်တာပဲ အရေးကြီးတာတွေလဲရှိတာပေါ့ ငါပြောတဲ့သဘောကငွေရှိရင်ဘာမဆိုလုပ်လို့ရတယ်ပေါ့ ဒီခေတ်ကြီးထဲမှာ နင်ကကောဘယ်လိုထင်လို့လဲ

ကျွန်မ။ ။ အင်း. ငွေကလောကကြီးမှာအရေးတော့ကြီးပါတယ် ဒါပေမဲ့အရေးကြီးဆုံးလည်းမဟုတ်ဘူးပေါ့.

သူငယ်ချင်း။ ။ ဒါဆို ဘာကအရေးကြီးဆုံးလဲ နင်ကတော့လုပ်တော့မယ် ပြောပြစမ်းပါဦး နင့်အတွေးကို..

ကျွန်မ။ ။ တစ်ယောက်နှင့်တစ်ယောက်သတ်မှတ်တာချင်းတော့ဘယ်တူနိုင်ပါ့မလဲဟ အရေးကြီးဆုံးဆိုတာ မရှိဘူးလို့ထင်တာပါပဲ ဘာလို့လဲဆိုတော့ ငါဥပမာပြောပြမယ်ဟာ ဆယ်တန်းဖြေတဲ့ ကျောင်းသားတစ် ယောက်ပေါ့ သူဟာမြန်မာစာဖြေရမယ့်နေ့မှာမြန်မာစာကသူ့အတွက်အရေးကြီးဆုံးပဲ ဖြေပြီးသွားရင်တော့ နောက်နေ့အတွက် အင်္ဂလိပ်စာကသူ့အတွက်အရေးကြီးဆုံးဖြစ်သွားပြီ. အဲ့တော့အရေးကြီးဆုံးဆိုတဲ့အရာ ဟာ အမြဲပြောင်းလဲနေတယ်မဟုတ်ဘူးလား. အဲ့ဒီအပေါ်မှာပဲကိုယ်ကလိုက်ပြောင်းလဲနေပြီးတော့ မှန်မှန် ကန်ကန်စိတ်ထားတတ်ဖို့သာအရေးကြီးတယ်လို့ငါထင်တယ်.။

သူငယ်ချင်း။ ။ အင်း နင်ပြောတာလဲဟုတ်တာပဲ လူတိုင်းလူတိုင်းဟာ ကိုယ့်ကိစ္စကိုအရေးကြီးတယ် ထင်နေ ကြတာလေ ဟုတ်တယ်နော်.

ကျွန်မ။ ။ အင်းပေါ့..... အဲ့ကိစ္စကိုကျော်လွှားပြီးတဲ့အခါမှာ အရေးကြီးတယ်ဆိုတာက သူတို့အတွက်သာမန်ကိစ္စ တစ်ခုဖြစ်သွားပြီလေ နောက်ထပ်ပေါ်လာတဲ့ကိစ္စကသာ အရေးကြီးတယ်ဆိုတာထပ်ပြီးတော့ ဖြစ်ပေါ်လာတာ ဆိုတော့ အရေးကြီးဆုံးဆိုတာက အခြေအနေနဲ့အချိန်အခါပေါ်မှာပြောင်းလဲနေတယ်လို့ငါကတော့ ယူဆတယ်

သူငယ်ချင်း။ ။ အခုအချိန်မှာငါ့အတွက်အရေးကြီးဆုံးတစ်ခုရှိတယ် အဲ့ဒါကိုနင်ဖြည့်ဆည်းပေးမှဖြစ်မယ်နော်

ကျွန်မ။ ။ အမ် ဘာကိုငါကဖြည့်ဆည်းပေးရမှာလဲ ဘာဖြစ်ပြန်ပြီလဲကောက်ကာငင်ကာကြီးကို.

သူငယ်ချင်း။ ။ အခုအချိန်မှာငါ့အတွက်အရေးကြီးဆုံးက ငါကော်ဖီခါးခါးလေးသောက်ချင်တယ် အဲ့ဒါ နင်ဝယ် တိုက်မှဖြစ်မယ်လေ ဟိဟိ.

ကျွန်မ။ ။ အော်မိန်းမ လူလည်ကျပြီးတော့ ကော်ဖီသောက်ချင်တာကို ငါ့ကို ငါ့စကားနဲ့ဝယ်တိုက်ခိုင်းတာ ပေါ့လေ ကဲပါ လာသွားသောက်ကြတာပေါ့.

မူပိုင် = နှင်းဆီနက်

မောင့်တောအုပ်မှာ

ငှက်ပြာဝတ်ရည်၊ သောက်ယစ်ရီတတ်

နှင်းဆီဖြူလဲ့၊ ပျံသင်းဖွဲ့တတ်

ဝါသွဲ့ရွက်ကြွေ၊ လိပ်ပြာပွေတတ်

မြစ်ရေချောင်းစ၊ တေးညင်းမြတတ်

မိန်းမလှသူယောင်၊ မျက်တောင်ခတ်တတ်

ကျမ်းတက်ဇော်ဂျီ၊ ဖိုဝင်မီတတ်

ကြံစည်သမျှ ဖြစ်မြောက်ရသည်။

မောင့်တောအုပ်မှာ

လာလှည့်နေလှည့်၊ အိပ်စက်လှည့်ဟု

သဲ့သဲ့ခေါ်ငင်၊ မပီပြင်လည်း

ထင်ထင်ကြားလိုက်၊ တိမ်းမူးခိုက်ဝယ်

မိုက်မှားကြမ္မာ၊ တွန်းပို့ရာသို့

ထွက်ခွာလွင့်ပါး၊ ရပ်တပါး၌

ရွေ့ လျားရာသီ ထပ်ခဲ့သည်။

မောင့်တောအုပ်မှာ

ချမ်းသာအေးမြနေချင်လှလည်း

လမ်းစပျောက်ပျက်၊ ရှာပြန်ဆက်ပြီး

ပင့်သက်မောတွေ၊ မျက်ရည်ဝေဆဲ

မနေပျော်နဲ့ လာလိုက်ခဲ့ဟု

သဲ့သဲ့ခေါ်သံကြားရပြန်၏။

မြဲမြံနွယ်နှောင်၊ လူတို့ဘောင်၌

ယောင်မှားဧည့်သည်၊ မပျော်ကြည်ဘူး

မဆည်နိုင်တော့၊ နွမ်းပျော့ခွေညိုး

လမ်းမှားတိုးဆဲ၊ တိုးတိုးတစ်မျိုး

ချိုးငယ်ပြောသည်၊ မောင့်တောအုပ်မှာ

ငှက်ပြာဝတ်ရည်၊ သောက်ယစ်ရီသတဲ့

နှင်းဆီဖြူလဲ့၊ ပျံ့ သင်းဖွဲ့သတဲ့

မြစ်ရေချောင်းစ၊ တေးညှင်းမြသတဲ့

မိန်းမလှသူယောင်၊ မျက်တောင်ခတ်သတဲ့

ကျမ်းတက်ဇော်ဂျီ၊ ဖိုဝင်မီသတဲ့

ကြံစည်သမျှ ဖြစ်မြောက်လှသတဲ့

နှမ မသိရှိမည်လား.....။

ရေးသားသူ (ကြည်အေး)

(ရှုမ၀ ၁၉၇၃၊ ဖေဖော်ဝါရီ)

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။