မိုး မရွာခင်တိုက်တဲ့ လေနုအေးကို ချစ်တယ်..........
မိုး ရေထဲလမ်းလျှောက်ရတာ ကြိုက်တယ်........
မိုး ရွာရင်လျှပ်စီးလက်တာကို ကြောက်တယ်........

မိုး ရေတွေစိုနေတဲ့ ကပိုကရိုမင်းပုံလေးကို ချစ်တယ်........
မိုး ရွာလို့ ဖားအော်သံကိုနားထောင်ရတာ ကြိုက်တယ်........
မိုး ရွာရင် မိုးခြိမ်းတာကို ကြောက်တယ်........

မိုး ရွာလို့ရွက်ပင်စိမ်းတွေယိမ်းတာကို ချစ်တယ်........
မိုး သီးကြွေလို့လိုက်ကောက်ရတာကို ကြိုက်တယ်........
မိုး ရေထဲချော်လဲမှာကို ကြောက်တယ်.........

မိုး ရာသီထဲမက်တဲ့အိပ်မက်တွေကို ချစ်တယ်.........
မိုး ရွာထဲငါးမျှားရတာကို ကြိုက်တယ်...........
မိုး ရေထဲ ကဏန်းတွင်းနှိုက်လို့အညှပ်ခံရတာကို ကြောက်တယ်.........

မိုး ရွာပြီးတင်ကျန်ခဲ့တဲ့ပိန်းရွက်ပေါ်ကရေစက်လေးကို ချစ်တယ်............
မိုး ရွာထဲသီချင်းအော်ဆိုရတာကို ကြိုက်တယ်............
မိုး နဲ့အပြိုင်ငိုရမှာကို ကြောက်တယ်..........

မိုး ရေစက်တွေအိမ်ခေါင်မိုးပေါ်ကျတာနားထောင်ရတာကို ချစ်တယ်............
မိုး ရွာတုန်းကော်ဖီပူလေးသောက်ရတာကို ကြိုက်တယ်..........
မိုး ရာသီထဲလွမ်းရမှာကို ကြောက်တယ်.........

မိုး ရွာပြီးစမြေသင်းနံလေးရှုရှိုက်ရတာကို ချစ်တယ်...........
မိုး ရွာပြီးငှက်ကလေးတွေအစာရှာထွက်တာအသံစုံမြည်တာကိုနားထောင်ရတာကို ကြိုက်တယ်..........
မိုး ရွာပြီးနောက် နောက်ထပ်မိုးမရွာတော့မှာကို ကြောက်တယ်........


ကျွန်မရဲ့ မိုးရာသီနဲ့ပတ်သက်ပြီးခံစားချက်လေးများကိုတင်ပြပေးလိုက်ပါတယ်။ ဥတုသုံးမျိုးမှာ မိုးဥတုနဲ့ဆောင်းဥ တုကိုအကြိုက်ဆုံးပါပဲ။ မိုးရွာရင်မိုးနဲ့ပတ်သက်ပြီးခံစားရသလို ဆောင်းတွင်းကျရင်လဲ ဆောင်းနဲ့ပတ်သက်ပြီး ခံစားမှုလေးတွေဖြစ်ပေါ်လာပါတယ်။ မိုးရာသီမှာမွေးခဲ့လို့လားတော့မဆိုနိုင်ပါ ကျွန်မမိုးဥတုကိုအရမ်းကြိုက်ပါ တယ်။ ခံစားချက်လေးများတူညီခဲ့မယ်ဆိုရင် လိုအပ်နေတာလေးများတွေ့ခဲ့ရင် ဖြည့်စွက်ပေးလို့ရပါတယ်နော်....။

နှင်းဆီနက်

ကျောင်းသားဘ၀လို့ဆိုလိုက်တာနဲ့ကျွန်မတို့မကင်းနိုင်ကြာတာကတော့ ကျောင်းကားပါပဲ။ တက္ကသိုလ်ကျောင်းတွေက အသစ်တွေတိုးချဲ့ဆောက် လာတာနဲ့အမျှ ကျွန်မတို့လဲကျောင်းသွားရတာ တဖြည်းဖြည်းနဲ့ ဝေးဝေးသွားတော့ ကျောင်းကားကိုအမှီပြေးကြရပါတယ်။ ကျောင်းကားကိုမမှီလို့ လိုင်းကားနဲ့သွားရတဲ့အခါကျတော့ ကားကြပ် တဲ့ဒုက္ခ၊ မှတ်တိုင်တိုင်းမှာလူအကြာကြီးတင်ခေါ်တဲ့ဒုက္ခ၊ လူနံ့၊ချွေးနံ့တွေများစွာနဲ့ အသက်ရှုမ၀တဲ့ဒုက္ခ၊ ယောကျာ်း ရင့်မကြီးတွေရဲ့ထိုင်ခုံလုထိုင်မှုဒုက္ခ၊ လူမဆန်တဲ့လူတွေရဲ့နှမချင်းမစာနာတဲ့ဒုက္ခ..... စတဲ့ ဒုက္ခပေါင်းစုံကို ခံစားရပါတယ်။

ကျောင်းကားနဲ့တောင်မှ ၄၅မိနစ်ကျော်ကျော်စီးရတဲ့ခရီးကို လိုင်းကားနဲ့ဆို ကျွန်မတို့၁နာရီခွဲနီးပါးအချိန်ပေးရပါ တယ်။ ကျောင်းတက်ရတာနဲ့ စာမေးပွဲဖြေရတဲ့ရက်ကတစ်လမပြည့်လို့သာပဲ၊ တစ်နှစ်လောက်များတက်ရရင် ကျွန်မကျောင်းတက်ရတာထက် ကျောင်းကားစီးရတဲ့ဒုက္ခကြောင့်ဘွဲ့တောင်ရပါ့မလားမသိ။

ကျွန်မတို့ပထမနှစ်ကိုတက်ရတဲ့အချိန်တုန်းက ဗိုလ်တထောင်ကောလိပ်မှာစတက်ခဲ့ရတာပါ။ အိမ်နဲ့ကလည်း နီးတော့ ဖရက်ရှာလဲဖြစ်၊ အသစ်အဆန်းလဲဖြစ်နေတော့ ကျောင်းတက်ရတာကို ပျော်လိုက်တာ….။ ကျောင်းတက်ရတဲ့ တစ်လဆိုတဲ့အချိန်လေးကနည်းနေသေးလို့ ကျောင်းပိတ်သွားပြီးနောက်ပိုင်းမှာလဲ ကျွန်မတို့ သူငယ်ချင်းတွေတစ်ယောက်ချင်းစီရဲ့အိမ်လိုက်လည်ကြ၊ ရုပ်ရှင်ရုံတွေမှာမှောင်ခိုသမားတွေနဲ့ရန်ဖြစ်ပြီးကြည့် လိုက်၊ ကစားကွင်းတွေလျှောက်သွားလိုက်နဲ့ အပြင်မှာတွေ့ဖို့အုပ်စုလိုက်ချိန်းလိုက်ကြတာ ကျောင်းပြန်ဖွင့်လို့ နောက်တစ်နှစ်ရောက်တဲ့ အထိပါပဲ။

ဒုတိယနှစ်ကိုရောက်တော့ ကျွန်မတို့ကျောင်းကို တာဝ(ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်)မှာသွားတက်ရပါတယ်။ တာဝ(ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် )ဆိုတာနာမည်တောင်မကြားဖူးတော့ နာမည်ကြားတာနဲ့ တင်ဘယ်လိုကြီး လဲပေါ့။ ဒါနဲ့ပဲစုံစမ်းကြည့်လိုက်တော့ ကျောင်းကတော်တော်ဝေးတယ်တဲ့ ခရမ်း၊ သုံးခွဘက်ကိုသွားတဲ့လမ်းမှာ ဆောက်ထားတာ ကျောင်းကြီးကအကြီးကြီးပဲ၊ အဆောင်တွေကလဲအများကြီး၊ သစ်ပင်တွေကအခုမှစိုက်တုန်း နေကတော့ပူတာဘာပူသလဲမမေးနဲ့အရိပ်မရှိတော့ပိုဆိုးတယ်တဲ့။ တွေ့ကြပြီပေါ့တာဝရယ်.....။

ကျွန်မတို့ကျောင်းစတက်တဲ့နေ့မှာ အိမ်ကအကိုဖြစ်သူက စိတ်မချလို့ကားနဲ့လိုက်ပို့ပါတယ်။ ကျွန်မလဲဘေး ပတ်ဝန်းကျင်ကိုကြည့်ရင်းလိုက်ပါလာတာ သန်လျင်တံတားကျော်လာတော့ ရောက်ပြီထင်ပြီး ခဏ ခဏ မေး လွန်းလို့ အကိုဖြစ်သူကကျွန်မကို နင့်ကျောင်းကရောက်ဖို့လိုသေး တယ် ငြိမ်ငြိမ်လေးနေပါ ကားမောင်းရတာ အာရုံများတယ် ဆိုပြီးကျွန်မကိုစိတ်မရှည်စွာနဲ့ပြန်ဖြေပါတယ်။ ဟော….ဟိုးမှာတွေ့လား အဆောက်အဦးတွေ အဲ့ဒါနင့်တို့တက်ရမယ့်ကျောင်းပဲ လို့အကိုကပြတော့ကျွန်မတို့လှမ်းကြည့်ကြတာ အလုအယက်ပါပဲ။

အကိုပြတဲ့နေရာကနေဆက်ပြီး မောင်းလာလိုက်တာ မိနစ်အနဲငယ်ကြာတော့ ကျောင်းကိုရောက်ခဲ့ပါတယ်။ ကားထဲကအောက်ကိုဆင်းတော့ ကျွန်မတို့ခါးတွေ၊ ခြေထောက်တွေဆိုတာ ညောင်းချိနေတာနဲ့ ခြေထောက် ကျင်နေတဲ့သူနဲ့ ခြေခါတဲ့သူကခါ၊ တကျွတ်ကျွတ်နဲ့စုတ်သပ်တဲ့သူကသပ်၊ ခါးကိုဘယ်/ညာလှည့်သူကလှည့် နဲ့ တာဝဆိုတဲ့အရသာကိုကျွန်မတို့စတင်ခံစားရပါတယ်။

ကျွန်မတို့အုပ်စုက မြို့နယ်မတူ၊ တစ်ယောက်တစ်နေရာစီပြန်ရပေမဲ့ ကျောင်းကားကိုတော့ တစ်စီးထဲကိုပဲစီးကြ ပါတယ်။ ကျောင်းမှာတစ်နေ့လုံး စကားတွေဖောင်ဖွဲ့ပြီးတင်အားမရသေး ကျောင်းကားပေါ်မှာရော၊ ကျောင်းကား ဂိတ်ဆုံးလို့ လမ်းခွဲနှုတ်ဆက်ကြတာတောင်မှ စကားကမပြတ်လို့ အိမ်လိုက်အိပ်ကြ၊ အိမ်ခေါ်အိပ်ကြနဲ့ မခွဲနိုင် မခွာရက်ချစ်ကြတာ။ မိဘတွေကလဲအိမ်မှာ လူတွေတရုံးရုံးနဲ့ကိုမျက်စိနောက်တယ်မထင်ခဲ့ပါ၊ တညလုံးမအိပ်ပဲ စကားတွေပြောကြ၊ သီချင်းတွေနားထောင်ကြ၊ ကာရာအိုကေအသံပြိုင်ဆိုကြ၊ အပျော်တမ်းဖဲကစားကြနဲ့ ကျွန်မတို့ဒုက္ခကိုလဲ မိဘတွေခံစားခဲ့ရပါတယ်။ တက္ကသိုလ်ကျောင်းသားရဲ့လွတ်လပ်ပျော်ရွှင်တဲ့ဘ၀ကို မိဘတွေကနားလည်ပေးခဲ့ကြပါတယ်။

ဆက်ရန်-

နှင်းဆီနက်

ကျွန်မကို ကျွန်မရဲ့မောင်ငယ်ဗညားကတဂ်လာပါတယ်။ သူတဂ်လာတဲ့ခေါင်းစဉ်ကိုကြည့်လိုက်တော့ ကျွန်မ မျက်လုံးအတော်ပြူးသွားတယ်။ အမလေး.. ဗညားရယ်ဒါကြီးကိုလာတဂ်ရလား လို့ စိတ်ထဲကညည်းမိပါ တယ်။ ဗညားကိုတွေ့တော့ကျွန်မက ဗညားရေ မရေးချင်ဘူး၊ မရေးရင်မရဘူးလား ပြောတော့ အမရယ် နဲနဲ စတိလောက်တော့ရေးပတဲ့ မရေးမချင်း ကျွန်မကို မကြီးလတ် ရေးဦးလေ အားသေးဘူးလား သူများတွေ ရေးပြီးကုန်ပြီနော် ဆိုပြီး ဂျီကျနေတာနဲ့ပဲ အရင်တုန်းကအတိတ်ကိုပြန်လည်တူးဆွပြီး ရေးလိုက်ပါတယ်။


ကျွန်မငယ်ငယ်ကတည်းက အိမ်မှာသမီးတစ်ယောက်တည်းမို့ မိဘနဲ့အကို၊မောင်တွေက မျက်စေ့အောက်က အပျောက်မခံပါဘူး။ အကိုနဲ့မောင်ကြားမွေးလာလို့လားမသိ ကျွန်မမိန်းကလေးပေမဲ့ စကားပြောတာ၊ တွေး တောတာကအစ မိန်းမမဆန်ခဲ့ဘူး။ အကိုတွေမောင်တွေနဲ့အပြိုင် အနိုင်ပိုင်းဆော့ခဲ့တယ်။ အကိုကလဲသူ့ညီမ ကိုတခြားလူတွေကရိတိတိစကားပြောရင် စိတ်တိုပြီးလက်ကပါလာပြီ ၊ မောင်ငယ်ကလဲသူ့အမကို အထိမခံ၊ အကြည့်မခံ.။ နောက်ပြီးကျွန်မကိုယ်တိုင်ကယောကျာ်းဆန်ပြီး ယောကျာ်းလေးလိုပြောဆိုနေထိုင်တော့ တော်ရုံလူအနားကပ်လို့မရ။


အထက်တန်းကျောင်းတုန်းကလည်း ကျောင်းသွားရင် အကိုနဲ့မဟုတ်ရင်မောင်နဲ့သွားရတော့ ကျွန်မကိုလိုက် တဲ့သူတွေက စောင့်ကြည့်သီချင်းစောင်းဆိုရုံပဲအခွင့်အရေးရပါတယ်။ ကျောင်းခန်းထဲမှာဆိုရင်တော့ စာအုပ် ငှားပြီးစာအုပ်ကြားမှာစာညှပ်ပေး၊ စာအုပ်ထဲရည်းစားစာရေးပေး၊ ရည်းစားစာရွက်တွေကိုစက္ကူစွန်လုပ်ပြီးပစ်၊ သီချင်းတွေလက်ရွေးစင်ကူးပေး၊ ပို့စ်ကတ်တွေလက်ဆောင်ပေး၊ လက်ကိုင်ပုဝါလှလှလေးတွေဝယ်ပေး၊ ဖောင်တိန်၊ ကလစ်၊ ရင်ထိုးလေးတွေလက်ဆောင်ပေး စတဲ့ပိုးကြေးပန်းကြေး နည်းအမျိုးမျိုးနဲ့ကြိုးစားကြ ပါတယ်။ ကျောင်း၊ ကျူရှင်၊ အပြင်သွားတာကအစ အကို(သို့)မောင်တစ်ယောက်ယောက်ကအမြဲပါခဲ့တာရော ကျွန်မကိုယ်တိုင်က အချစ်ရေးကိုစိတ်မ၀င်စားတာရောကြောင့် အထက်တန်းပြီးတဲ့အထိရည်းစားမထားဖူး ခဲ့ဘူး။


ပထမနှစ်စတက်ရတဲ့အချိန်မှာတော့ ကျွန်မကိုရင်ခုန်စေတဲ့သူနဲ့စတင်ဆုံဆည်းခဲ့ပါတယ်။ စကားပြောရင် ပွင့်ပွင့်လင်းလင်း အသံကျယ်ကျယ်ပြောတတ်တဲ့ကျွန်မ. သူများကျွန်မဆီလာပြီး စကားပြောရင် ပြောစရာ စကားတွေပျောက်ဆုံးခဲ့ကာ အသံတွေတုန်ပြီး လက်တွေပါတုန်တဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပါတယ်။ သူကတော့မသိပေမဲ့ ကျွန်မသူငယ်ချင်းတွေက ကျွန်မအဖြစ်ကိုရိပ်မိနေခဲ့ပါတယ်။


စာသင်ခန်းရှေ့ မှာ သူလာရပ်ကြည့်နေရင် ကျွန်မအာရုံတွေစာမှာမရှိတော့………


ကင်န်တင်းထိုင်လို့သူပါလိုက်စားတဲ့နေ့ဆို ကျွန်မစားတဲ့အရာက အရသာတွေဘယ်ပျောက်ကုန်လဲမသိ……..။


စကားပြောရင်မျက်နှာကြည့်ပြောမှအားရတဲ့ကျွန်မ သူ့မျက်နှာကြည့်ဖို့အားယူရတာပင်ပန်းလွန်းခဲ့တယ်……..။


သူ့အသံကြားရင် ကျွန်မရင်တွေခုန်နေခဲ့တယ်………


သူကူးပေးတဲ့စာတွေကျက်ရတာ ပိုမှတ်မိစေခဲ့တာ………


သူမိုးပေးတဲ့စာအုပ်လေးတအုပ်က ကျွန်မအတွက်အရိပ်ရစေခဲ့တာ…………..။


သူဖျော်ပေးတဲ့ကော်ဖီက ချိုမြိန်စေခဲ့တာ………….။


သူ့ဂရုစိုက်မှုအောက်မှာ နွေးထွေးတတ်ခဲ့တာ…………


သူ့အပြုံးမှာ ပျော်ဝင်နေခဲ့တာ…………..။


သူဘေးမှာရှိနေတဲ့အချိန်တွေမှာ ကျွန်မကျောက်ရုပ်တရုပ်လိုငြိမ်သက်သွားခဲ့တာ……..။


ဒါဟာ…….အချစ်လား……….အချစ်တဲ့လား………..အချစ်ကလူတစ်ယောက်ကို အကြီးအကျယ်ပြောင်းလဲသွားစေသလား……… ကိုယ်တွေ့မို့ကျွန်မယုံခဲ့ရပြီ……..။


ကျွန်မတို့ချစ်သူတွေဖြစ်သွားပြီးနောက်ပိုင်းအဖြစ်တွေကိုဆက်သိချင်ရင်တော့ ပို့စ်အဖြစ်တင်ထားဖူးတာကို ပြန်ညွှန်းရတော့မှာပဲ။ http://www.hninsinet.com/2009/03/blog-post_08.html


ကဲ ကျေနပ်ပါတော့ဗညားရေ..။


မူပိုင် = နှင်းဆီနက်

Category : | Read More......

အတိတ်ဟောင်းကနေ့ရက်တွေကို မဆွေးချင်

အနာဂတ်ရဲ့ နေ့ရက်အကြောင်းလဲ မတွေးချင်

ရေစီးကြောင်းအတိုင်း

အလိုက်သင့်မျောပါရင်ပဲ ကောင်းမလား?

ရေဆန်ကိုပဲခြေကန်တက်ရင် ကောင်းမလား?

ကန့်သတ်ချက်များနဲ့စည်းမျဉ်းများက

ကြိုးပေါင်းများစွာနဲ့ချည်ထားခဲ့တော့

ရုန်းကန်မှုအားမဲ့စွာ ဒူးထောက်ခဲ့ရတယ်

ငါ့ကြမ္မာကို ငါရွေးခွင့်မရှိခဲ့တော့

ဖြစ်ချင်တဲ့ဆန္ဒတွေကို င့ါအိပ်မက်ထဲမှာပဲ

အကြိမ်ကြိမ်အသက်သွင်းခဲ့ရတယ်

မြိုသိပ်ထားတဲ့အကြောင်းတရားတွေက

ရင်ဘတ်နဲ့မမျှတော့ ရင်ဖွင့်စရာရှာကြည့်တယ်

သနားစရာသတ္တ၀ါလို

ဘေးမှာကြည့်နေတာ ငါကိုယ်တိုင်ပါလား……

(စိတ်ညစ်ညစ်နဲ့စိတ်ကူးပေါက်ရာ စိတ်ထွက်ပေါက်တစ်ခုအဖြစ်ရေးသားထားခြင်းဖြစ်ပါတယ်။)


မူပိုင် = နှင်းဆီနက်

ချစ်သူ့မျက်နှာညိုတဲ့အခါ
င့ါရင်တစ်ခုလုံး ပျက်ကြွေပြုန်း
ကောင်းကင်တစ်ခုလုံး မှောင်အတိဖုံး
ပစ္စုပန်ဟာ ခြောက်ကပ်သွားပြီး
င့ါမနက်ဖြန်တွေ အသက်မဲ့သွားခဲ့တယ်.....


ချစ်သူ့မျက်ဝန်းကစီးဆင်းလာတဲ့
သောကမြစ်ရေတွေ ခြောက်ခန်းဖို့
လောကသံစဉ်နဲ့ဖေးကာချော့လို့
ပင့်သက်အနမ်းနဲ့ ထွေးကာထားပါ့မယ်......


ချစ်သူ့နှုတ်ဖျားကလွင့်ပျံ့လာတဲ့
မောဟလှိုင်းတံပိုးတွေငြိမ်သက်ဖို့
ချစ်မေတ္တာတွေဖြန့်ကြဲလို့
လရိပ်နဲ့တေးသီကာနွေးစေပါ့မယ်.......


ချစ်သူ့မျက်နှာပြုံးတဲ့အခါ
င့ါရင်တစ်ခုလုံး
ပီတိအဟုန်လွှမ်းခြုံလို့
ကြယ်စင်တွေကခုန်သွားပြီး
ပန်းတွေအကုန်ဖူးပွင့်ခဲ့တယ်......


ချစ်သူ့အပြုံး
ကမ္ဘာတစ်ခုလုံး ထာဝစဉ်မပျက်သုဉ်းဖို့
စမ်းများတွင် ပန်းများအစဉ်လန်းဖို့
ကောင်းကင်တစ်ခွင် ကျေးငှက်တွေပျော်မြူးဖို့
တေးသံစဉ် ချိုမြိန်စွာသီကျူးဖို့
င့ါမနက်ဖြန်တွေ အသက်ဝင်လာဖို့
ထာဝစဉ် ထာဝရ
ပြုံးစမ်းပါ့ချစ်သူ.......။


မူပိုင် = နှင်းဆီနက်

ချစ်သူရေ

ပြောပြချင်တဲ့အကြောင်းအရာများနဲ့

မပြောဖြစ်ခဲ့တဲ့စကားလုံးများစွာက

မင်းအတွက် စိတ်ရှုပ်စရာ၊ နာကျည်းစရာတွေဖြစ်ခဲ့လို့

ငါ့ကိုမင်းမုန်းမယ်ဆိုရင်

ငါကျေနပ်စွာခေါင်းငုံခံမယ်..


ချစ်သူရေ

အရာရာအတွက် ငါခေါင်းငုံခံခဲ့တယ်

မင်းမုန်းနိုင်ဖို့အတွက်လဲ ငါခံရဲခဲ့တယ်

ငါ့အတွက်ရှင်ခြင်းဟာ

သေခြင်းနဲ့ဘာမှမထူးတော့ပြီပဲ

င့ါသိက္ခာအတွက် ငါသေတတ်ခဲ့တယ်..


ချစ်သူရေ

လိုအပ်ချက်တွေပြည့်နေတဲ့ဘ၀မှာ

ဖြစ်ချင်တဲ့ဆန္ဒကိုချိုးနှိမ်ခဲ့ပြီး

ဖြစ်သင့်တာကိုရွေးချယ်ခဲ့တာ

ဆူးလမ်းဖြစ်ခဲ့ရင်တောင်

ငါကျေနပ်စွာနင်းဖြတ်ရဲပါတယ်..


ချစ်သူရေ

ဒို့နှစ်ယောက် နောက်ဆုံးတွေ့ဆုံချိန်မှာ

မင်းပေးတဲ့ ၀ိုင်တစ်ခွက်က

င့ါအတွက်

ပြင်းရှတဲ့အဆိပ်တစ်ခွက်ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ

င့ါရဲ့ဂုဏ်သိက္ခာနဲ့မာနအတွက်

ငါကျေနပ်စွာသောက်ခဲ့မှာပါ…..


မူပိုင်= နှင်းဆီနက်

ထာဝရပါအမေလို့ခေါင်းစဉ်တပ်ထားပေမဲ့ ကျွန်မအတွက်အမေရော အဖေပါထာဝရကျေးဇူးရှင်မိဘနှစ်ပါးပါ။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို အမေများနေ့ကမေလ(၁၀)ရက်နေ့လဲဖြစ်ပြန်၊ ကျွန်မစိတ်မှာကလဲ အမေနဲ့ ပက်သက်ပြီးရေးချင်တဲ့စိတ်က တားမရဆီးမရဖြစ်လာတော့ အမေ့အကြောင်းလေးကို ဦးစားပေးရေးဖြစ်သွား တာပါ။

မွေးဖွားခြင်းအစ

ကျွန်မကို လောကကြီးကစတင်ကြိုဆိုတဲ့နေ့မှာ အမေဟာထူးထူးခြားခြားဗိုက်မနာပဲ ခြေထောက်တွေကိုက်လို့ နေပါသတဲ့။ ၀ါဆိုလပြည့်နေ့ဖြစ်တဲ့အတွက် အမေတစ်ယောက်တည်း မနက်စောစောစီးစီး ၀ါဆိုဆွမ်းကပ်ဖို့ အတွက် ချက်ပြုတ်တော့ ခြေထောက်တွေက မခံမရပ်နိုင်အောင်ကိုက်နေပါတယ်။ ဆွမ်းကျက်လို့ဆွမ်းကပ်ပြီး ဘုရားကန်တော့လို့ပြီးနောက်မှာ အမေနဲ့အဖေဟာအသင့်ပြင်ထားတဲ့ခြင်းလေးကိုဆွဲပြီး ဆေးရုံကိုတန်းပြေး တော့တာပါပဲ။ ဆေးရုံရောက်ပြီး မွေးဖွားခန်းထဲရောက်တဲ့အချိန်အထိကို ခြေထောက်တွေကကိုက်နေခဲ့တာပါ တဲ့။ ထူးဆန်းတယ်နော် တစ်ချို့ မိခင်တွေဆိုဗိုက်နာပြီးမွေးတာ ကျွန်မကမွေးခါနီးလေခြေထောက်တွေက ပိုကိုက်လေဆိုတော့လေ။

အဲ့ဒါကြောင့်မို့လားမသိ ကျွန်မမှာလေးဘက်နာရောဂါတော့မရှိဘူး ခြေထောက်ကိုက်တာတော့ တခါတလေ ဖြစ်တတ်ပါတယ်။ အမေဘယ်လိုခံစားခဲ့ရတယ်တော့မသိဘူး ကျွန်မတော့ခြေထောက်ကိုက်ပြီဟေ့ဆိုတာနဲ့ အော်နေရတော့တာပါပဲ။ ကျွန်မကိုမွေးဖွားချိန်က နေ့လည်၁နာရီမှဆိုတော့ အမေအတော်ပင်ပန်းနွမ်းနယ် နေပြီ။ သို့ပေမဲ့ နီတာရဲရဲ၊ အာခေါင်ပြဲပြဲ ၊တအဲအဲအော်ငိုနေတဲ့ကျွန်မမျက်နှာကိုမြင်လိုက်ရတဲ့အခါမှာတော့ အမေရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ ဆာလောင်မှုတွေ၊ နာကျင်မှုတွေဟာ သမီးတယောက်ခြေလက်အင်္ဂါအစုံ အလင်နဲ့ လောကကြီးကိုဝင်ရောက်လာမှုဆိုတဲ့ ကြည်နှုးမှုနဲ့အတူလွင့်စင်ကွယ်ပျောက်ကုန်ပါတယ်။

ကျွန်မကိုမိခင်နို့စတင်တိုက်ကျွေးတဲ့အချိန်မှာ အမေတစ်ယောက်တော်တော်ဒုက္ခရောက်ခဲ့ပါတယ်။ မိခင်နို့ကို သောက်သုံးရမယ်မှန်းမသိတဲ့ကျွန်မ အမေကနို့တိုက်တဲ့အခါမှာ ခေါင်းတလည်လည်နဲ့ အော်ငိုနေခဲ့တာမို့ အမေရော၊ အဖေပါဘာဆက်လုပ်ရမယ်မှန်းမသိပဲ အခက်တွေ့ခဲ့ရပါတယ်။ အမေကလဲနို့တိုက်မရတော့ င့ါသမီးလေး နို့စို့အောင်ဘယ်လိုလုပ်ရမလဲ နို့တိုက်လို့မှမရရင် အသက်ဆက်ရှင်မှာမဟုတ်ပါဘူးဆိုပြီး ငိုလေ တော့ အဖေကလဲအမေ့ကိုနှစ်သိမ့်ပေးရင်းက မကြံတတ်အောင်ဖြစ်နေပါတယ်။ အမေနဲ့အဖေအဖြစ်ကို ဘေးကုတင်ကနေမြင်နေရတဲ့အဖွားတစ်ယောက်က မနေနိုင်လို့ဝင်ပြီးကူညီပေးတော့မှပဲ အဆင်ပြေသွားပါ တယ်တဲ့။

နို့စတိုက်ချိန်တုန်းကဒုက္ခရောက်ခဲ့သလို နို့တိုက်ရင်လဲအမေ့မှာဇက်တွေလဲညောင်း၊ ခါးကြောတွေတောင့်တဲ့ အထိတိုက်ခဲ့ရပါတယ်။ ပါးစပ်ကနဲနဲလေးလွတ်သွားတာနဲ့အော်တတ်ငိုတတ်လွန်းလို့ အမေ့မှာနာရီများစွာကို ကျွန်မအတွက်အချိန်ပေးခဲ့ရပါတယ်။ ငိုပြီးရင်မတိတ်တော့ပဲ တက်မတတ်ငိုလွန်း ငိုကြောရှည်လွန်းလို့ ဘေးက အိမ်တွေကဆို အမေတို့ကဖြင့်နာမည်မမှည့်ရသေးဘူး သူတို့တွေက ကျွန်မကို ဆွဲလည်းလေး၊ ခေါင်းလောင်း လေးလို့ ကင်ပွန်းတပ်ပြီးနေပြီလို့ ရယ်စရာအဖြစ်ပြန်ပြောပြပါတယ်။

ကျွန်မရဲ့ချက်ကြိုးဖြတ်တဲ့နေရာက ရေချိုးပေးပြီးတော့ရေစက်လေးကသွေးစလိုဖြစ်နေတာကို ကျွန်မချက်က အနာမကျက်သေးဘူးသွေးပြန်ထွက်လာတယ်ထင်ပြီး ကျွန်မကိုပွေ့ချီပြီး အဖေ့ရုံးကိုပြေးပြောတော့ အဖေက လဲစိတ်ပူပြီးကျွန်မကိုအမေ့လက်ထဲမှပြောင်းပွေ့ကာ ဆေးရုံကိုပြေးပြကြတာ ဆေးရုံရောက်လို့ဆရာဝန်က သေချာစမ်းသပ်ပြီး ရှင်းပြတော့မှပဲ အဖေနဲ့အမေတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရှက်ရယ်ရယ်ခဲ့ ကြပါတယ်။ ကျွန်မအပေါ်ထားတဲ့မိဘမေတ္တာများကြီးမားလွန်းလှပါတယ်...။

လမ်းလျှောက်တတ်ခါစအချိန်မှာဆိုလည်း အမေတစ်ယောက်ကျွန်မအတွက် လမ်းလျှောက်ရလွယ်ကူစေရန် ၀ါးလုံးတန်းလေးများရိုက်ပေးခဲ့ပါတယ်။ မြေကြီးကိုကျင်းတူးထားပြီးတော့ ကျင်းထဲမှာကျွန်မကို ခြေထောက် သန်မာစေရန်အတွက် ထည့်ထားပေးခဲ့ပါတယ်။ ချုပ်နှောင်ထားတာကိုငယ်ငယ်ကတည်းက မကြိုက်တဲ့ ကျွန်မက ဖြတ်သွားတဲ့လူတွေကိုလက်ခုပ်တီးခေါ်ပြီး တအဲအဲနဲ့ကျွန်မကိုကျင်းထဲကထုတ်ပေးဖို့ သနားစရာ ပုံစံနဲ့လုပ်ပြတာကိုလဲ အမေကကျွန်မကိုတမ်းတမ်းတတပြန်ပြောပြတတ်ပါတယ်။ စိတ်ကြီးတာနဲ့ ခေါင်းမာတာ ကတော့ငါနဲ့တစ်ပုံစံတည်းပဲ ငါ့ထက်တောင်စိတ်ကထက်သေး ဒါကြောင့် အမြင်ကတ်တယ် ဟုကျွန်မကို အမေ နဲ့တူလို့ပဲ စိတ်မရှည်သလို၊ မချစ်တော့သလိုမျိုးလဲပြောတတ်ပါသေးတယ်။

အမေနဲ့အဖေစကားများကြရင်လည်းကျွန်မကအဖေ့ဘက်ကပဲပါလေ့ရှိပါတယ်။ အဖေကကျွန်မကိုအခုချိန်ထိ ဆူလည်းမဆူဖူး၊ ရိုက်လည်းမရိုက်ဖူးပါဘူး။ ငယ်ငယ်ကတည်းက အပြစ်လုပ်မိပြီဆိုရင်တော့ အမေ့လက်သံကို ရင်းနှီးထားပြီးသားလေ လက်နဲ့အခေါက်ခံရရင်ခံရ၊ မခံရရင်တော့ ကြိမ်လုံးကိုရေစိမ်ပြီးမှရိုက်တတ်တာ...။ ကျွန်မတို့မောင်နှမတွေကအမေရိုက်ခံရပြီးတာနဲ့ အဲ့ဒီကြိမ်လုံးကိုဖျောက်ပစ်တတ်လွန်းလို့ အမေ့မှာလဲကြိမ်လုံး ၀ယ်ရပေါင်းလည်းမနဲပါဘူး။

တခါအကိုဖြစ်သူကိုရိုက်မယ်လုပ်တော့ ကြိမ်လုံးကလဲရှာမရတော့ သစ်ကိုင်းကိုချိုးပြီးရိုက်တာ သစ်ကိုင်းကလဲ ခြောက်နေတော့ ရိုက်ဖို့လွှဲလိုက်တာနဲ့ကျိုးတာကို ရိုက်ခံရမှာစိုးလို့စာကျက်ချင်ယောင်ဆောင်နေတဲ့ကျွန်မ၂ခါ ၃ခါလဲကျရော မနေနိုင်တော့ပဲရယ်မိတာကြောင့် အမေ့မျက်စောင်းကကျွန်မဘက်ကိုလှည့်လာပါရော။ အမေကကျွန်မကိုရိုက်ရင်တော့တခါတခါအမြင်ကတ်ကတ်နဲ့ပိုရိုက်မိတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မကိုရိုက်ရင်ကျွန်မကအဖေ့အသည်းဆိုတော့ အဖေပြန်လာတိုင်းအရှိုးရာတွေကိုပြပြီးတိုင်တတ်လို့ပါပဲ။ ကျွန်မတိုင်ပြီးတိုင်းအဖေနဲ့အမေစကားအကြီးအကျယ်များတတ်ကြပါတယ်။

ကျွန်မကျောင်းပိတ်တဲ့အခါနဲ့ကြုံရင်တော့ အဖေကအမေ့ကိုစိတ်ဆိုးဆိုးနဲ့ ကျွန်မကိုရုံးခေါ်ခေါ်သွားတတ်ပါ တယ်။ ရုံးဆင်းတော့လဲသားအဖနှစ်ယောက်အိမ်ကိုတန်းမပြန်ကြသေးပါဘူး အဖေကကျွန်မကိုစတိုးဆိုင်ဝင်ပြီး လိုချင်တာဝယ်ပေး၊ ဆီချက်ခေါက်ဆွဲကြိုက်တဲ့အတွက် ရန်ရှင်းဆိုင်ကဆီချက်ခေါက်ဆွဲဝယ်ကျွေးပြီးမှ အိမ်ကို ပြန်ကြတာ။ အိမ်ကိုပြန်ရောက်တော့ ကျွန်မကိုသတိရနေတဲ့အမေက မသိချင်ယောင်ဆောင်ပြီး ဘာတွေဝယ် လာလဲ၊ ဘာတွေစားခဲ့လဲမေးရင်တော့ ကျွန်မကရိုက်ခံထားတာတွေမေ့ပြီး အဖေ၀ယ်ပေးသမျှကို တခုပြီးတခု အမေ့ကိုထုတ်ပြပြီးကြွားတောအမေ့ကိုသတိမရဘူးလားဟင် ဆိုတဲ့အမေးကို သတိရတာပေါ့ အမေ့ကိုလဲ ဆီချက်ကျွေးချင်တာ သမီးအများကြီးစားခဲ့တယ် ဒီမှာကြည့် ဆိုပြီးဗိုက်ကိုပုတ်ပြပြီးဖြေလိုက်တဲ့အခါမှာ အမေ့ မျက်လုံးအိမ်ကမျက်ရည်တွေဝိုင်းသွားခဲ့တာကို အခုမှသမီးနားလည်ခဲ့ပါတယ်။

အမေ့အကြောင်းရေးရတဲ့အခိုက်မှာ ကျွန်မရင်ထဲမှာ ပျော်ရွှင်ခြင်း၊ ကြည်နှုးခြင်း၊ ၀မ်းနည်းခြင်း စတဲ့ခံစားချက် မျိုးစုံဖြစ်တည်ခဲ့ပါတယ်အမေ။ အမေသာဒီစာလေးကိုဖတ်ဖြစ်ခဲ့မယ်ဆိုရင် သမီးကိုကြည့်ပြီး ဘယ်လိုခံစား ချက်နဲ့ပြောမယ်ဆိုတာသိချင်လိုက်တာ။ တခါတလေ စကားတစ်ခွန်းမှမပြောပဲ စိတ်ထဲကအလိုလိုသိနေမိတာ မျက်ဝန်းချင်းစကားပြောတယ်လို့ပြောကြပါတယ်။ စိတ်ချင်းဆက်သွယ်၊သိနားလည်တယ်ပေါ့။ ကျွန်မဆီက စကားသံမကြားရပဲ အမေနားလည်ခဲ့မယ်ဆိုတာကိုလည်း သမီးသိခဲ့ပါတယ် ။ အမေ့ဆီကစကားသံမကြား ရပေမဲ့ အမေပြောမဲ့စကားကိုသမီးနားလည်နေတယ်ဆိုတာ အမေသိမှာပါ..။ အမေသိနေခဲ့မှာပါ…….။

မူပိုင် = နှင်းဆီနက်

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။