ကျွန်မဘ၀မှာပထမဆုံးနာကျင်ခဲ့ဖူးပါတယ်။ ကျွန်မကိုတစ်ခါမှ ဆူဖို့မပြောနှင့်တုတ်နဲ့တောင်မရိုက်ဖူးတဲ့အဖေက ကျွန်မကိုမချစ်တော့ဘူးလို့ပြောခဲ့ပြီး အတွင်းတံခါးဂျက်ချထားကာအိမ်အပြင်မှာထားခဲ့တုန်းက တယောက်တည်း ကြောက်စိတ်တွေနဲ့ငိုနေခဲ့မိပါတယ်။ ဖခင်ဖြစ်သူထံမှမချစ်တော့ဘူးလို့ပြောတာ ပထမဆုံးကြားခဲ့ရခြင်းဖြစ်ပြီး ၀မ်းနည်းကြေကွဲသဖြင့် အိမ်အပြင်အမှောင်ထဲမှာ မျက်ရည်များနဲ့ကျွန်မဆုံးရှုံးမှုတစ်ခုကိုခံစားရပြီးနောက် တံခါးကို အဆက်မပြတ်ထုလျက် စိတ်ဆိုးနေတဲ့ဖခင်ကို ကတိတွေအထပ်ထပ်ပေးကာ ပွင့်လာမဲ့တံခါးနဲ့အတူ ချစ်ရတဲ့ဖခင်ကို တောင်းပန်နေခဲ့မိတယ်။ လုပ်မိတဲ့အပြစ်တစ်ခုအတွက်ဖခင်၏စကားနှင့်လုပ်ရပ်ဟာ ကျွန်မကို နှုတ်ဖြင့်ဆူတာ၊ တုတ်ဖြင့်ရိုက်တာထက်အဆတစ်ရာပိုနာကျင်ခဲ့ရပါတယ်။

ပထမဆုံးအကြိမ်ဆုံးရှုံးခဲ့ရတာကတော့ ကျွန်မအရမ်းချစ်ရတဲ့အဖွားဖြစ်သူက ကျွန်မတို့ကိုခွဲခွာသွားခဲ့တုန်းက ဖြစ်ပါတယ်။ အဖွားရှေ့ ရောက်ပြီး အဖွားဖြစ်သူ၏မျက်နှာကိုစေ့စေ့ငှငှကြည့်ကာ -

လက်ကလေးကိုကိုင်ကြည့်လိုက်တော့ ကျွန်မလက်ကိုပြန်ဆုပ်ကိုင်တယ်.

ရင်ဘတ်ပေါ်ကိုလက်တင်ထားကြည့်တယ် နှလုံးခုန်နေတယ်……

နှာခေါင်းနားမှာလက်ချောင်းလေးကိုကပ်ကြည့်တယ် လေတိုးသွားတယ်..

ခြေချောင်းလေးတွေကိုဆုပ်နယ်ကြည့်တယ် နွေးနေတယ်..

မယုံကြည်နိုင်ခြင်းများစွာဖြင့်စိတ်အထင်နဲ့အမျိုးမျိုးစမ်းသပ်နေတဲ့ကျွန်မ.

အသက်မရှိတော့ပြီဖြစ်သော အဖွားဖြစ်သူ၏မျက်နှာကိုသာမလွတ်တမ်းငေးကြည့်နေမိတယ်။

အဖွားမရှိတော့ဘူး အဖွားရေသမီးတို့ကိုထားခဲ့ပြီလား...... လို့ပြောပြီးငိုချလိုက်တဲ့ညီမ၀မ်းကွဲလေးကို ကျွန်မ စိတ်တိုစွာနဲ့လှမ်းကြည့်မိတယ်။

ငိုချလိုက်လေ တင်းမထားနဲ့သမီးအဖွားကမရှိတော့ဘူး သမီးစိတ်ကိုလျှော့ပြီးငိုချလိုက်တင်းမထားနဲ့ငိုချလိုက် အဒေါ်ဖြစ်သူကအနားကပ်လာပြီး အားပေးစကားသံနဲ့ကျွန်မပုခုံးကိုလာဖက်ကာ ချော့မော့ပြီးပြောလာပါတယ်။ သိပ်မကြာသောအချိန်လေးအတွင်းမှာ ဆရာဝန်ရောက်လာပြီးသေဆုံးချိန်ကို သတ်မှတ်၊ သေစာရင်းအတွက် ထောက်ခံချက်ရေးပေးပြီးနောက်တွင် ကျွန်မလည်းမျှော်လင့်မိနေသော စိတ်ကိုလျှော့ချလိုက်မိချိန်မှာတော့ မျှော်လင့်ချက်ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ နာကျင်ကြေကွဲခြင်းများစွာနှင့် အဖွားရေ ဟုတီးတိုးရေရွတ်လိုက်မိကာ နေရာတွင်လဲကျသွားပါတော့တယ်..

မူပိုင် = နှင်းဆီနက်



ကျွန်မထိုကောင်လေးကို သတိထားမိနေတာ ၃၊၄ကြိမ်မကတော့။ ကော်ဖီဆိုင်တွင် ကျွန်မတို့သူငယ်ချင်းတစ် သိုက် စာမေးပွဲနားနီးနေပြီဖြစ်သောကြောင့် ကျောင်းပြေးသောသူများကလည်း စာမရှိ၍ အသည်းအသန် စာကူးသူကကူး၊ စာနားမလည်သူကမေးသူမေး၊ စာရှင်းသူကလည်းရှင်းပြ တစ်ယောက်တစ်ပေါက်ဖြင့် တစ်ဆိုင် လုံးကို ကျွန်မတို့အသံများဖြင့်ဖုံးလွှမ်းနေပါသည်။ မေးနိုင်မည့်စာများကိုအမှတ်အသားပြုခြစ်လိုက်ဖြင့် ကျွန်မ လည်း အလုပ်ရှုပ်၊ ခေါင်းရှုပ်ပြီးအားရုံတွေများနေခဲ့သည်။ အမှတ်မထင် ကျွန်မခေါင်းမော့လိုက်မိချိန်တွင် တစ်ဘက်ခုံမှာထိုင်နေသောကောင်လေးမှ ကျွန်မအားလှမ်းပြုံးပြပါသည်။ ကျွန်မလည်းကျွန်မကိုပြုံးပြသည်ဟုမထင်၍ ကျွန်မအနောက်ဘက်ခုံကို တချက်လှည့်ကြည့်ရုံကြည့်လိုက်ပြီး သူငယ်ချင်းများနှင့်ဆက်၍ စာအကြောင်းဆွေးနွေးနေခဲ့သည်။ နောက်တစ်ကြိမ်တွင်မတော့ ကော်ဖီခွက်ကိုမော့သောက်ပြီးပြန်အချတွင် ထိုကောင်လေးမှာ ကျွန်မကိုစိုက်ကြည့်နေကြောင်း သတိထားမိခဲ့သည်။

ကျွန်မတို့သူငယ်ချင်းများသည် အရမ်းခင်ဖို့ကောင်းပြီး၊ တစ်ယောက်နှင့်တစ်ယောက် ပြောမနာ၊ ဆိုမနာ၊ အစ အနောက်သန်သောသူများဖြစ်သည်။ အစအနောက်လွန်ပြီးစိတ်ဆိုးရင်လည်ကြာကြာစိတ်မဆိုးနိုင်ကြ။ တစ်ယောက်ကစိတ်ဆိုးရင် ကျန်တဲ့သူတွေကဖြန်ဖြေပေးရင်းနဲ့ ရယ်စရာပြက်လုံးများကို တောက်လျှောက်ပြော တော့စိတ်ဆိုးတဲ့သူမှာကြာကြာစိတ်မဆိုးနိုင်ပဲ ချက်ချင်းပြေကြသည်။ တစ်ယောက်ကိုတစ်ယောက်ချောက်တွန်းလိုက်ကြ၊ ခံရတဲ့သူကလဲစိတ်ဆိုးလိုက်ကြ၊ မခေါ်ပဲနေကြ၊ ပြီးတော့လဲမနေနိုင်ပြန်တည့်လိုက်နဲ့ပဲ အတွဲမပျက်ပဲ ရှိသော သူငယ်ချင်းများဖြစ်ကြသည်။

ထိုအုပ်စုထဲတွင် ကျွန်မကိုတော့စကားအရာနှင့်ပဲဖြစ်ဖြစ်၊ အစအနောက်သန်၊ ချောက်ချရာတွင်ဖြစ်ဖြစ် ဘယ်သူ မှမနိုင်ကြပါ။ သူတို့ပြောသည်ထက် ကျွန်မကပိုပြောနိုင်သည်။ စကားအရာတွင် အရှုံးမပေးတတ်တာ ကျွန်မ အကျင့်။ တစ်ခြားအချိန်တွင် စကားကိုအပိုမပြောတတ်၍ မသိတဲ့သူများဆို ကျွန်မကို စကားနည်းတဲ့သူ၊ မာန ကြီးတဲ့သူဟုအထင်နှင့်ပြောတတ်ကြသည်။ တကယ့်တကယ်တွင် ကျွန်မကအကြောင်းသိက ပေါရှာသူ၊ အစ အနောက်သန်သူ၊ ရယ်စရာဟာသများကို ပြောနိုင်သူဖြစ်သည်။ သူငယ်ချင်းများသည် ကျွန်မဒဏ်ကိုအခံရဆုံး သောသူများဖြစ်သည်။ အထူးသဖြင့် ကျွန်မအချစ်ဆုံးသီတာမကတော့ အုပ်စုထဲတွင်အအေးဆုံး၊ ကျွန်မဘယ် လောက်အနိုင်ကျင့်ကျင့် ကျွန်မကိုအသည်းခံဆုံး

ချစ်ဖို့ကောင်းတာကတော့ ကျွန်မဘယ်လောက်ဆိုးဆိုး သူတို့က ကျွန်မအပေါ်အကောင်းမြင်အကြည့်လေးတွေ နှင့် ခွင့်လွှတ်ပေးကြသည်။

အခုလဲ ထိုကောင်လေးက ကျွန်မကိုစိုက်ကြည့်နေတာကို သူတို့ကလည်းသတိထားမိနေပြီးဖြစ်သောကြောင့် တယောက်တပေါက်ဖြင့် ကျွန်မကိုစကြပါတော့သည်။ ကျွန်မလည်းသူတို့စနောက်ကြသည်ကို အရေးမထား စာကအရေးကြီးသည့်ဟန်ဖြင့် နင်တို့နော် စာမေးပွဲကဖြင့်တပတ်ပဲလိုတော့တယ် စာမေးပွဲခန်းထဲရောက်မှ ကူပါဦး၊ ကယ်ပါဦးလာမလုပ်နဲ့ စာကိုပဲလုပ် တခြားဟာအာရုံမရှုပ်နဲ့ ဟု ဆရာမကြီးလေသံဖြင့်ပြန်ပြောလိုက်ပေမဲ့. ဒီလောက်နဲ့တော့မဖြုံတဲ့အကြောင်းသိသူငယ်ချင်းများကဆက်စမြဲ။ သူတို့တွေကစလေလေ ထိုကောင် လေးမှာလည်းကျွန်မကိုသူနှင့်ဝိုင်းစနေသည်ကိုရိပ်မိနေပြီဖြစ်သောကြောင့်ထင် အတင့်ရဲလာသည်။

သူနှင့်အတူထိုင်နေသော သူငယ်ချင်းများကလည်းမြှောက်ပေးကြသည်ထင်သည် ကောင်လေးသည် ထိုင်ရာမှ ထလာပြီး ကျွန်တော့ကိုထိုင်ခွင့်ပြုပါခင်ဗျာ ဟုကျွန်မကိုကြည့်ပြီးခွင့်တောင်းလာပါသည်။ ကျွန်မလည်း သူ့ကိုမသိချင်ယောင်ဆောင်ပြီး စာအုပ်ကိုအသဲအသန်ဖတ်ချင်ယောင်ဆောင်နေလိုက်တော့ သူငယ်ချင်းတစ် ယောက်ဆီမှ အဟမ်း. အဟမ်း. လည်ချောင်းရှင်းသံနှင့်အတူ ဟုတ်ကဲ့ ရပါတယ်ထိုင်ပါ ခုံပိုယူပြီးထိုင် လို့ရပါတယ် ပြောလိုက်တော့ ကောင်လေးမှာခုံတစ်ခုံယူပြီး ကျွန်မတို့ဝိုင်းမှာထိုင်မလိုလုပ်တော့ ကျွန်မကို ချောက်ကျတာမြင်ချင်တဲ့သူငယ်ချင်းတစ်ယောက်က ကျွန်မရှေ့တည့်တည့်နေရာတွင်ထိုင်နေသောသူကို ဖယ် ခိုင်းပြီး ထိုကောင်လေးကိုနေရာချပေးပါတော့သည်။

ကောင်လေးလဲနေရာတွင်ထိုင်ပြီးသည်နှင့်သူ့ကိုယ်သူစတင်မိတ်ဆက်ပါသည်။ သူမိတ်ဆက်ပြီးသည်နှင့် ကျွန်မ နာမည်သိချင်ကြောင်းတိုက်ရိုက်မေးလာပါတော့သည်။ ကျွန်မကိုချောက်ကျနေပြီ၊ ခံနေရပြီဆိုပြီး ပြုံးစိစိနဲ့ကြည့် နေကြတဲ့သူငယ်ချင်းတွေကိုဒီလိုနဲ့တော့အရှုံးမပေးချင်။ တော်ရုံလူစိမ်းယောကျာ်းလေးဆိုစကားစမပြောတတ်တဲ့ ကျွန်မ၊ ဒီတခါကျမှတော့ မေးလာတဲ့မေးခွန်းကိုမှပြန်မဖြရင် သူငယ်ချင်းတွေကြားမှာ ကျွန်မကို နိုင်ကွက်အဖြစ် အမြဲပြောစရာအကြောင်းအရာတစ်ခုအဖြစ်မခံနိုင်။ ကျွန်မလဲခေသူမဟုတ်ပါလား.။

ကံကြမ္မာကပဲကျွန်မဘက်အလေးသာခဲ့သလား၊ နတ်ကောင်းပဲမသလားမသိ ကျွန်မနာမည်မဖြေခင် အချိန်လေး အတွင်းမှာပဲ ကျွန်မခေါင်းကိုလက်နှင့်အပုတ်ခံရပြီးနောက် အော်…….ညီမကဒီမှာစာလာလုပ်နေတာကိုး…… အကိုကဆိုင်ရှေ့ကဖြတ်တော့ ညီမကိုမြင်လိုက်လို့ဝင်လာခဲ့တာ တယ်ကြိုးစားနေပါလား ဟုပြောသံနှင့်အတူ ကျွန်မဘေးကိုရောက်လာသူက ကျွန်မအကိုရဲ့ အချစ်ဆုံးသူငယ်ချင်း(ကျွန်မနှင့်လည်းအကိုတယောက်လိုချစ် ခင်ရသောသူ)။ ကျွန်မလည်းလက်ရှိအခြေအနေအကျဉ်းအကြပ်ထဲမှကယ်တင်ရှင်ရောက်လာသလို ၀မ်းသာ အားရဖြစ်ကာ အကိုက ဘယ်သွားမလို့လဲဟင်…” မေးလိုက်တော့ အကိုလား စာအုပ်ဆိုင်ဘက်သွားမလို့ စာအုပ်ဝယ်မလို့လေ ညီမမုန့်လိုက်စားဦးမလား ဟုမေးသံဆုံးသည်နှင့်ကျွန်မလည်း ဟာ.စားမှာပေါ့ လိုက်မယ်လေ ခဏနော် စာအုပ်တွေသိမ်းလိုက်ဦးမယ် ဟုပြောလဲပြော၊ စာအုပ်တွေကိုအိတ်ထဲအမြန်သိမ်းဆည်းပါတော့သည်။ ကျွန်မလည်းအိတ်ကိုကောက်လွယ်ပြီးထိုင်နေရာမှထတော့ ထိုကောင်လေးမှာ ဆက်ပဲ ထိုင်ရမလိုလို၊ သူ့သူငယ်ချင်းတွေဘက်ကိုပဲ ပြန်သွားရတော့မလိုလိုနှင့် မျက်စိမျက်နှာပျက်နေသည်။

စိတ်လက်ပေါ့ပါးသွားတဲ့ကျွန်မ အပြုံးတွေများစွာနဲ့ဆိုင်ပြင်ကိုရောက်တော့မှ သူငယ်ချင်းတွေကိုလှည့်ကြည့်လိုက်ပြီး မျက်စိတစ်ဘက်ကိုမှိတ်၊ လျှာထုတ်ပြပြီး ငါ့ကိုနင်တို့ဘယ်တော့မှအနိုင်ရမယ်မထင်နဲ့ ဆိုတဲ့ပုံနှင့် လက်မ ထောင်ပြလိုက်၊ သနားပါတယ်ဆိုတဲ့ပုံစံမျိုးလက်ခါပြလိုက်နှင့် အမျိုးမျိုးလုပ်ပြတော့ ဆိုင်တွင်းမှ မအီမလည် မျက်နှာတွေနှင့်ကျွန်မကို လက်သီးဆုပ်သူဆုပ်ပြ၊ အေး နင်တော့ နောက်တခါကျရင်တွေ့မယ် ဆိုတဲ့ပုံနှင့် အံကြိတ်သူကြိတ်ပြနှင့်မကျေမနပ်မျက်နှာများနှင့်ကျန်ခဲ့ကြပါတော့သည်။

ကျောင်းသားဘ၀အမှတ်တရများစွာထဲမှ တခုကိုရေးသားထားခြင်းဖြစ်ပါသည်။ အခုတော့တစ်ယောက်ကို တစ်နေရာဆီမှာ အရင်လိုပြန်ဆုံတွေ့ဖို့လဲမလွယ်၊ ကိုယ်စီအလုပ်များစွာနဲ့ ဘ၀ဆိုတဲ့စကားလုံးနှစ်လုံးအောက်မှာ ရုန်းရင်းကန်ရင်းနစ်မြုပ်နေကြပါတယ်။

လွမ်းလိုက်တာ ကျောင်းတော်ကြီးနဲ့ချစ်သောသူငယ်ချင်းများရယ်.....

မူပိုင် = နှင်းဆီနက်








ချစ်တယ်......

ချစ်တယ်..တဲ့

မောင့်ဆီကချစ်တယ် ဆိုတဲ့စကားတစ်ခွန်းမှာ ကျွန်မဆီမှာအားအင်တွေအပြည့်နဲ့ပါလား

ချစ်…….တယ် တဲ့ စကားလေးကနှစ်လုံးတည်း.

စကားနှစ်လုံးကိုပေါင်းလိုက်တော့ လူနှစ်ဦးရဲ့ ဘ၀(သို့)သူစိမ်းနှစ်ယောက်ရဲ့ ဘ၀နှစ်ခုကို တစ်ခုတည်း၊ တစ်ဘ၀ တည်း၊ တစ်ထပ်တည်းဖြစ်စေခဲ့တယ်……

မောင့်ရင်ခွင်ဟာ မကျယ်ပေမယ့် ကျွန်မအတွက်တော့လုံခြုံနွေးထွေးမှုကိုပေးနိုင်ပါတယ်တဲ့

မောင့်ရဲ့ အချစ်တွေက ကျွန်မအတွက်အကောင်းဆုံးအင်အားဖြစ်စေခဲ့တယ်.

မောင့်ရင်ခွင်ထဲမှာ ကျွန်မအတွက်တည်ဆောက်ထားတဲ့ နန်းတော်တစ်ခုရှိတယ်တဲ့.

အဲ့ဒီနန်းတော်ကို အချစ်၊ မေတ္တာ၊ သစ္စာ၊ နားလည်မှုဆိုတဲ့ တိုင်ကြီးလေးခုနဲ့အခိုင်အမာတည်ဆောက်ထားတာ တဲ့လေ.

နန်းတော်ထဲမှာ ကျွန်မအတွက်အခန်းတစ်ခန်းအပြင် အချစ်သစ်ပင်လေးတစ်ပင်ပါစိုက်ပျိုးထားခဲ့တယ်....

အချစ်သစ်ပင်လေးကတော့

ကျွန်မဆာရင်စားသုံးဖို့ ပန်းသီးလဲဖြစ်တယ်……..

ကျွန်မသောက်သုံးဖို့ ရေလဲဖြစ်တယ်……..

ကျွန်မပျင်းရင် စကားပြောဖို့ လူလဲဖြစ်တယ်……..

ကျွန်မဖျားရင် ဆေးကုဖို့ ဆရာဝန်လဲဖြစ်တယ်…….

ကျွန်မစိတ်ညစ်ရင် အားပေးဖို့ အဖော်လဲဖြစ်တယ်…...

ကျွန်မငိုရင် နှစ်သိမ့်ဖို့ ပုခုံးတစ်ဘက်လဲဖြစ်တယ်…….

ကျွန်မပျော်ရွှင်ဖို့ သီချင်းတွေနဲ့ ဖြေဖျော်သူလဲဖြစ်တယ်……

ကျွန်မအိပ်ရင် ပုံပြင်လှလှလေးတွေနဲ့ချော့သိပ်ဖို့ ပုံပြောသူလဲဖြစ်တယ်…….

ကျွန်မရဲ့ အချိန်တွေအကုန်လုံးမှာလိုအပ်သမျှကိုဖြည့်ဆည်းပေးနိုင်တဲ့ အချစ်သစ်ပင်လေးတစ်ပင်ကိုပါ စိုက်ပျိုး ပေးထားတယ်…….

ဒီလိုခမ်းနားတဲ့နန်းတော်ကြီးနဲ့အချစ်သစ်ပင်ရှိနေမှတော့ ကျွန်မအတွက်ဘာလိုအပ်ဦးမှာလဲရှင်

နန်းတော်ကြီးမပျက်စီး၊ မပြိုလဲဖို့နဲ့ အချစ်သစ်ပင်မခြောက်ခန်း၊ မသေဆုံးဖို့ကတော့ မောင်နဲ့ကျွန်မတို့နှစ်ဦးရဲ့  အချစ်၊ မေတ္တာ၊ သစ္စာ၊ နားလည်မှုတွေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

မူပိုင် = နှင်းဆီနက်

ထိုမိန်းကလေးကို ကျွန်မစတွေ့သည့်အချိန်တွင် ကလေးလေးတစ်ယောက် သာမန်ကလေးလေးဟုပဲ မြင်ခဲ့မိ ပါသည်။ သူမကိုစတွေ့ချိန်တွင် သူမသည်အဖွားဖြစ်သူ၏ လက်ကိုဆုပ်ကိုင်ထားပြီး၊ ၀တ်ဆင်ထားသော အ၀တ်အစားမှာလည်း စပန့်သားအကျီင်္ပွပွနှင့် ဘောင်းဘီမတိုမရှည်ပွပွဝမ်းဆက်ကိုဝတ်ဆင်ထားသည်။ သူမကို တွေ့တိုင်းလည်း ဒီလိုပုံစံနှင့်အမြဲတွေ့ရပါသည်။

သူမ၏အကြောင်းကိုစတင်သိရှိတဲ့နေ့တွင် သူမအစား နာကျည်းခြင်း၊ လုပ်ရက်လေခြင်း၊ ဖြစ်မှဖြစ်ရလေခြင်း စသည့်ခံစားချက်မျိုးစုံနှင့်သူမအတွက်မခံမရပ်နိုင်ဖြစ်ပြီး ထိုလူအား တွေ့ဖူးမြင်ဖူးချင်စိတ်တွေတားမရဆီးမရနှင့် ကျွန်မ။ ကျွန်မကသာ သူမအစား မခံမရပ်နိုင်ဖြစ်နေရတာ..... သူမကတော့ လက်ရှိသူမအဖြစ်ကိုတောင် နာကျည်းရကောင်းမှန်း၊ စိတ်နာရကောင်းမှန်းမသိ..။ အေးချမ်းလေစွ။

သူမ၏အသက်မှာ၁၄နှစ်ကျော်ကျော်လေးပဲရှိသေးသည်။ မိဘနှစ်ပါးမှာ မရှိကြတော့။ အရပ်ကတော့ ၄ပေ တောင်မပြည့်။ သူမ၏စိတ်အခြေအနေဟာလည်း ကလေးတယောက်စိတ်ပင်မပြည့်ချင်။ သူမနားလည်ထား သည်က သူမ၏အဖွား ကျွေးတာစားမည်၊ ဆော့မည်၊ အိပ်ချိန်တန်လျှင်အိပ်မည်။ ကလေးတစ်ယောက်လို အပြစ် ကင်းစင်တဲ့သူမရဲ့ ဘ၀ကို ဖျက်ဆီးပစ်သောထိုယောကျာ်းသည် လူပီသပါရဲ့ လား..။

ကျွန်မက သူမကို၀၀ကစ်ကစ်ကလေးမလေးဟု ထင်ထားမိသည်။ နောက်မှ သူမသည် ယုတ်မာသော လူတစ် ယောက်၏ ကိုယ်ဝန်ကိုဆောင်ထားရခြင်းဖြစ်ကြောင်း၊ သူမကိုယ်တိုင်ပင် ကိုယ်ဝန်ရှိနေမှန်းမသိပဲ ထမင်းအများ ကြီးစား၍ သူမဗိုက်ကြီးဖောင်းကားလာသည်ဟု သူမအားမေးလာသည့်လူတိုင်းကို ဗိုက်လေးအား ပုတ်ပုတ်ပြ၍ ဖြေတတ်ကြောင်းသိရသည့်အချိန်တွင် ကျွန်မသည်သူမအစား စိတ်မကောင်း

သူမ၏အမှုအားတရားရုံး၊ တရားခွင်စစ်ဆေးသောနေ့တွင် စိတ်ဝင်တစားလာရောက်ကြည့်ရှုနားထောင်ကြသော လူများမှာမနည်းလှပေ။ ထိုလူအားရုံးထုတ်လာသောအခါတွင် ကျွန်မမှာဘယ်လိုလူစားမျိုးလဲဆိုတာ သိချင်ဇော နှင့် အပြေးအလွှားလိုက်ကြည့်မိပါသည်။ ထိုလူကိုတွေ့လိုက်ရသောအခါတွင် ကျွန်မမှာ အံ့အားသင့်သွားပါတော့ သည်။ အသားဖြူဖြူ၊ အရပ်မနိမ့်မမြင့်၊ ပိန်ပိန်ပါးပါး၊ ရုပ်ရည်သန့်သန့်နှင့်ကောင်လေး။ အသက်ကဖြင့် ၁၇နှစ်ပဲ ရှိသေးသည်တဲ့၊ မိန်းမယူထားတာ၆လလောက်ပဲရှိသေးသည်။ အိမ်ထောင်သက် မကြာလှသေး။ သူ့မိန်းကလေး မှာလဲ အသားဖြူဖြူချောချောလေးဖြစ်သည်။

ထိုလိုလူတစ်ယောက်က ဦးနှောက်စွမ်းရည်မပြည့်ဝသောသူမကို အနိုင်ကျင့်ခဲ့သည်ဆိုသည်မှာ ကျွန်မ မပြောနှင့် တွေ့တဲ့သူတိုင်းကမယုံနိုင်။ သူ၏လက်ရှိမိန်းကလေးနှင့်ယှဉ်ရင်တောင်မှ အပုံကြီးကွာခြားရက်နှင့် ဘယ်လို ကြောင့်များစော်ကားခဲ့ရပါသလဲ။ တရားရုံး၏စစ်ဆေးချက်အရ သူမအားမုန့်ကျွေးမည်ဟုဆိုကာ ထိုလူမှ အနိုင် ကျင့်စော်ကားခဲ့ကြောင်း၊ သူမအားတခြားလူတွေအားပြန်မပြောနှင့် ပြန်ပြောလျှင် နောက်မုန့်မကျွေးတော့ဘူးဆို ကာ နှုတ်ပိတ်ထားကြောင်း၊ ကိုယ်ဝန်ရှိလာသောအခါတွင်လည်း မုန့်စားလို့ဗိုက်ကြီးဖောင်းလာသည်ဟု ပြော ခိုင်းကြောင်း၊ နောက်ပိုင်းတွင် သူမအားရှောင်နေခဲ့သည်ဟု သိရသည်။

ထိုလူဘက်မှလည်း ရှေ့ နေနှင့်ခုခံကာကွယ်ပြီး၊ သူမဘက်မှစွပ်စွဲချက်များသည် တပတ်နှင့်တပတ်မပြတ်နိုင်ပဲ လအတန်ကြာလာခဲ့သည်မှာ သူမမီးဖွားမည့်အချိန်သို့ပင်ရောက်လာခဲ့သည်။ ကျွန်မလည်း ကျောင်းစာမေးပွဲနှင့် လုံးလည်လိုက်ပြီး သူမတို့ဆီတောင်မရောက်ဖြစ်ခဲ့ပေ။ စာမေးပွဲဖြေဆိုပြီး၍ ကျွန်မသူငယ်ချင်းဆီသို့ အလည်ရောက်သောအခါတွင်မှ စိတ်မကောင်းစရာ သူမသတင်းကို ကြားသိခဲ့ရသည်။

သူမသည် ကိုယ်ဝန်အဆိပ်တက်ပြီး လမ်းမလျှောက်နိုင်သဖြင့် ဆေးရုံတွင်တက်ရောက်နေခဲ့ရပြီး မီးဖွားမည့် အချိန်သို့ရောက်လာသောအခါ တင်ပဆုံရိုးကျဉ်းလွန်းသောကြောင့် မမီးဖွားနိုင်ပဲ ဆေးရုံတွင်ပင် ကလေးရော မိခင်ပါ အသက်ဆုံးရှုံးခဲ့ရပါသည်။ မိခင်ရော၊ ကလေးအတွက်ပါ ကျွန်မစိတ်မကောင်းပါ။ တစ်ဖက်လှည့်တွေး တော့လည်း မရှိတော့တာကတစ်မျိုးတော့ကောင်းသည်ဟု ဖြေတွေးမိပါသည်။ တာဝန်ယူမည့်သူကမရှိ၊ သူမ ကိုယ်တိုင်ကလဲ သူမကိုယ်သူမ မစောင့်ရှောက်နိုင်တော့...ကလေးတစ်ယောက်ကိုဘယ်လိုနည်းနဲ့ စောင့်ရှောက် မည်နည်း။

ထိုတရားခံကောင်လေးမှာ တရားစွဲဆိုထောင်ချမည့်သူမှာ အသက်ဆုံးရှုံးသွားသောကြောင့် ဆက်လက်၍ တရား ရင်ဆိုင်အမိန့်ချရာတွင် ချုပ်ရက်ကျခံသောနေ့များနှင့်ထောင်ဒဏ်ချမှတ်သည့်ရက်မှာ နှစ်ပြည့်သွားသဖြင့် အမိန့် ချသည့်နေ့တွင်ပင် အမှုမှလွတ်မြောက်သွားခဲ့ပါသည်။ ကောင်လေးနှင့်သူ့မိန်းကလေးတို့နှစ်ဦးမှာ လက်ချင်းချိတ် ၍ ပြုံးပျော်စွာနှင့်အိမ်ကိုပျော်ရွှင်စွာဖြင့်ထွက်ခွာသွားသည့်မြင်ကွင်းမှာ မြင်ရသူတွေအတွက်ကြည်နှုးဖို့ကောင်း ပေမဲ့ ဖြစ်စဉ်အားလုံးကိုသိထားတဲ့ကျွန်မအတွက်တော့ အပြည့်အ၀မကြည်နှုးနိုင်ပါ။ ပျော်စရာနေ့(၃)နေ့ထဲမှ ထောင်မှလွတ်သောနေ့သည် သူတို့နှစ်ဦးအတွက်တော့ အဓိ
ပ္ပါယ်အပြည့်နဲ့လှပနေမှာဖြစ်မှာပင်...။

တမလွန်မှသူမအတွက် ဆုတောင်းပေးရုံမှတစ်ပါး အခြားမရှိတော့ပြီပဲ။ နောက်နောင်ဘ၀များမှာ ဒီလိုအဖြစ်ဆိုး မျိုးမကြုံရပါစေနှင့်လို့ .........။

မူပိုင် = နှင်းဆီနက်

အိပ်မက်သာဖြစ်လိုက်ရင်သိပ်ကောင်းမှာပဲလို့တွေးမိတယ်… အိပ်မက်မဟုတ်မှန်းသိရဲ့ နဲ့လေ နင် င့ါကို လုပ်ရက် လိုက်တာ နင့်ကိုငါဘယ်လောက်ချစ်တယ်ဆိုတာလဲ နင်သိတယ် နင်င့ါကိုဘယ်လောက်ချစ်တယ် ဆိုတာကို တော့ အခုငါသိခဲ့ရပြီလေ…။

အခုတော့ နင်ထားခဲ့တဲ့နေရာလေးမှာ ငါနင့်ကိုတမ်းတနေမိတာ နင်သိမှာမဟုတ်ပါဘူး။ ဒီနေရာလေးမှာပဲ နင်ငါ့ ကိုချစ်တယ်လို့ပြောခဲ့တာ….ပြီးတော့ ဒီနေရာလေးမှာပဲ နင်ငါ့ကိုထားခဲ့တာ….

နင်တော်တော်ရက်စက်တယ်နော်၊ ငါ့မိဘတွေကိုငါဘယ်လိုမျက်နှာမျိုးနဲ့ ငါမဟုတ်တဲ့တခြားတယောက်နဲ့တွဲနေ ပြီလို့ပြောမလဲ ငါ့မိဘတွေနဲ့မိတ်ဆက်ပေးဖို့ဆိုတာ ငါ့အနေနဲ့ဘယ်လိုအင်အားမျိုးနဲ့ပြောခဲ့ရတယ်ထင်လဲ၊ ဒါတွေကိုနင်ကတော့သိမှာမဟုတ်ပါဘူး၊ သိလဲသိချင်မယ်မထင်ပါဘူးလေ…။ င့ါမိဘတွေဘက်က ငါသဘော ကျရင်လဲမတားတော့ပါဘူး ဆိုတဲ့စကားသံအဆုံးမှာ ငါဘယ်လောက်ပျော်ခဲ့ရတယ်ထင်လဲ…။ ဒါပေမဲ့ နင်ငါ့ကို ဘယ်လိုအငြိုးနဲ့များရက်စက်ခဲ့လဲ..။ ငါ့မိဘတွေနဲ့တွေ့ပြီးလို့မှ နှစ်ပတ်မပြည့်ခင် နင်ဟာ ငါမဟုတ်တဲ့ တခြား ကောင်မလေးနဲ့တွဲနေပြီဆိုတဲ့သတင်းဟာ ငါ့နားကိုတောင်မယုံခဲ့ပါဘူး။ လာပြောတဲ့ သူတွေကိုတောင် ငါမုန်းမိ တယ်။ နင့်ဆီကမဟုတ်ပါဘူးဆိုတဲ့စကားအဆုံးမှာ ငါအကုန်လုံးနဲ့ရန်သူဖြစ်ခဲ့တယ်။

ဒါပေမဲ့လည်း နင်ဟန်ဆောင်လိမ်ညာထားတာကို ငါသိလိုက်ရတဲ့အချိန်မှာ ငါ့မျက်စိကိုမယုံနိုင်ဖြစ်ခဲ့ရတယ်။ နင်လုပ်ရက်တယ်နော်… နင်ငါ့ကိုလူပုံအလယ်မှာအရှက်ခွဲလိုက်တာ၊ အံ့သြတဲ့အကြည့်တွေနဲ့ကြည့်နေကြတဲ့ င့ါရဲ့သူငယ်ချင်းတွေ၊ စပ်စုတဲ့အကြည့်နဲ့ကြည့်နေကြတဲ့သူတွေကြားမှာ ငါအဲ့ဒီနေရာကနေ အငွေ့ပျံ ပျောက်ကွယ် သွားလိုက်ချင်တော့တယ်….

ငါ့ကျူရှင်အောက်မှာ နင်ဟာတခြားကောင်မလေးရဲ့လက်ကိုတွဲ၊ ရယ်ရယ်မောမောစကားတွေပြောပြီး ဖြတ် လျှောက်သွားတာကိုငါမြင်လိုက်ရတော့ င့ါမျက်စိကိုငါမယုံနိုင်ခဲ့ဘူး…။ နင်တို့ကိုကြည့်နေတဲ့ ငါ့ရင်ထဲမှာ မီးတောက်ကြီးတခုတောက်လောင်နေသလိုပဲ.....ရှက်လွန်းလို့ ဘယ်သူမှလဲမကြည့်ရဲ… ၀ိုင်းတက်လာတဲ့ မျက်ရည်စတွေနဲ့ငါ ဘာလုပ်ရမယ်မသိခဲ့….. နင် င့ါကိုတချက်တည်းသေနိုင်တဲ့နည်းနဲ့သာ အသေသတ်သွားပါ လားဟယ် အဲ့ဒီဒဏ်ရာက အခုခံစားရတဲ့ဝေဒနာထက်သက်သာမယ်ထင်တယ်…. ။ ဒီလိုတော့ မရက်စက်သင့် ဘူး….

အားပေးဆုပ်ကိုင်လာတဲ့သူငယ်ချင်းအသံတွေကြားမှာ ငါမနေတတ်ခဲ့… ဘာဖြစ်တာလဲ ဘယ်လိုဖြစ်ကြတာ လဲဆိုတဲ့ မေးခွန်းတွေဟာလဲ ငါသိချင်နေခဲ့တဲ့အကြောင်းအရာတွေပါပဲ ငါမဖြေတတ်ခဲ့ဘူး….

ငါ့အသံကြားရင်ချသွားတဲ့ဖုန်းကိုငါစိတ်နာတယ် နင့်အသံမှန်းသိရက်နဲ့ မရှိပါဘူး အပြင်သွားနေပါတယ် ဆိုတဲ့ စကားကိုငါမုန်းတယ် ငါ့ကိုဘယ်လိုချစ်ခဲ့တာလဲငါသိချင်ခဲ့တယ်...နင်ကငါ့ကိုမတွေ့ချင်လို့ရှောင်နေမှတော့ ငါလဲ နင်နဲ့အဝေးဆုံးလေးမှာ နေခဲ့တယ် ။

ငါကနင်နဲ့အဝေးမှာနေခဲ့ပေမယ့် နင်ကငါ့ကိုအလွတ်မပေးခဲ့ဘူးနော် ငါရှိတတ်တဲ့နေရာတွေကို တခြား ကောင်မ လေးနဲ့အမြဲလာခဲ့တယ် ငါ့ရှေ့မှာဆိုအရမ်းဂရုစိုက်ပြခဲ့တယ်၊ ငါနင့်ကိုဘာအပြစ်တွေများကျူးလွန်မိလို့ လဲ........ ငါမေးချင်တယ် အကြည့်ချင်းဆုံရင် ပြုံးစိစိနဲ့လုပ်နေတဲ့ နင့်ကိုငါဘယ်လိုနားလည်ရမလဲ နင်ဘာပြောထားလဲ မသိတဲ့နင့်ကောင်မလေးက ငါ့ကိုပုခုံးချင်းတမင်လာတိုက်တဲ့အထိတော့ ငါသည်းမခံချင်ခဲ့ဘူး.... ဒါတွေဟာ နင့်ကြောင့်ငါခံစားခဲ့ရတာတွေလေ…

ဝေဒနာတွေကိုကြိတ်မှိတ်ခံစားခဲ့ရတဲ့ငါ အနည်ထိုင်ဖို့အတွက်တော်တော်လေးကြိုးစားခဲ့ရတယ်.....နင်လဲင့ါရှေ့ မရောက်လာတာအတော်ကြာတော့ ငါ့အတွက်တစ်မျိုးတော့သက်သာခဲ့ရတယ်၊ အချိန်ဆိုတာကြီးက ငါ့ကိုကုစား ပေးနိုင်ခဲ့တယ် ...အရင်ကလောက်မဆိုးပေမယ့် ငါဖြေသာနိုင်လာတယ်…..

ကံကြမ္မာကင့ါကိုမျက်နှာသာမပေးခဲ့ပြန်ဘူးနော်၊ နင်ငါ့ရှေ့ကိုထပ်ရောက်လာတယ်........ဒီတစ်ခါတော့ အရင်လို ပြုံးစိစိနဲ့လဲမဟုတ်တော့ပါလား....နောင်တတွေရနေတဲ့ပုံနဲ့ စကားပြောချင်တယ်တဲ့လေ ဆုံးဖြတ်ရ ခက်နေတဲ့ ငါ့ကို သူငယ်ချင်းတွေကစောင့်ပေးကြတယ်........နင်က “ ကျွန်တော်သူ့ကိုစကားပြောချင်လို့ပါ ခဏလေးပါပဲနော် ” ဆိုတဲ့စကားသံအဆုံးမှာ ငါလဲငါသိချင်ခဲ့တဲ့အကြောင်းအရာတွေအတွက် “ ရတယ်လေ သွားတာပေါ့ ”ဆိုလိုက် တော့ သူငယ်ချင်းတွေက စိတ်မချတဲ့အကြည့်တွေနဲ့မလွှတ်ချင်ပဲလွှတ်ပေးလိုက်တယ်

ဆိုင်ထိုင်တော့ နင်ကငါသောက်တတ်တဲ့ကော်ဖီကိုမှာပေးတယ် နင်ငါ့အကြိုက်ကိုတော့မမေ့သေးဘူးပဲ၊ “နင်အဆင်ပြေလား ” တဲ့ မေးရက်လိုက်တာနင်ထားခဲ့တဲ့ဘ၀မှာငါအဆင်ပြေတာရှိမလားငါပြောလိုက်ချင်တယ်
“ ရည်းစားအသစ်ရနေပြီလား ” တဲ့ ငါ့ကိုနင့်လိုမျက်နှာများတဲ့သူလို့နင်ထင်နေလို့လား….
“ ငါနင့်ကိုသတိရနေခဲ့တာ ” တဲ့ ငါအကောင်းဆုံး ပျက်လုံးတခုကြားလိုက်ရသလိုပဲ……
“ ငါပေးထားတဲ့လက်ဆောင်တွေ နင်လူကြုံနဲ့ပြန်ပေးတာလက်ခံရတဲ့နေ့တုန်းက ငါနင်နဲ့တကယ်ခွဲရပြီဆိုပြီး ငိုမိတယ် ” တဲ့ အဟတ် ဟတ် ငါယုံချင်လိုက်တာ၊ ဒါပေမဲ့ငါနင့်ကိုဘယ်လိုမှမယုံတော့တာကို နင်မှမသိတော့ပဲ နင်သင်ပေးသွားတာလေ…

ငါသူ့ကိုအပျော်တွဲတာပါကွာ ငါလေသူ့ကိုဖြတ်လိုက်ပြီ ငါတကယ်ချစ်တာနင့်ကိုမှန်းငါသိခဲ့ပါပြီ၊ နင် ငါမရှိတဲ့ နောက်မှာ ဘယ်သူမှမတွဲဘူးဆိုတာလဲ ငါသိပါတယ်...... ငါနင့်အနားကိုမလာရဲလို့ နင့်သတင်းတွေတော့ ငါအမြဲ စုံစမ်းတယ် နင့်ကိုတွေ့ချင်လွန်းရင် ငါလာလာကြည့်တယ် နင်မသိဘူးမဟုတ်လား ” တဲ့လေ ။

ငါမသိချင်တော့ပါဘူး ငါရဲ့လက်ရှိဘ၀မှာ နင်ဆိုတာမပါပဲလည်း ငါနေနိုင်ပြီ.......... နောက်ပြီး နင့်ကို ငါကြောက် သွားခဲ့တာ……ငါ့ကို နင်ပထမဆုံးအကြိမ်ထားခဲ့ကတည်းက ငါကြောက်သွားခဲ့တာ နောက်တစ်ကြိမ်ထားမလား လို့လဲ ငါမတွေးချင်ဘူး မခံစားချင်ဘူး။

င့ါဆီကစကားသံကိုစောင့်နေတဲ့နင့်ကို ငါအတတ်နိုင်ဆုံးပြုံးပြီး “ နင့်ကိုငါမချစ်တော့ဘူးဟ ငါကတစ်ယောက်ဆို တစ်ယောက်ပဲချစ်ခဲ့တာ အဲ့တစ်ယောက်ကငါ့ကိုသစ္စာဖောက်သွားကတည်းက ငါအဲ့လူကိုငါ့နှလုံးသားထဲက အပြီးအပိုင်ထုတ်ထားပြီးသား နင့်ကိုပြန်လက်ခံဖို့ငါ့မှာအပိုမပါတော့ဘူး၊....နောက်ပြီးငါနင့်ကိုရွံတယ်.......... အဲ့လိုလူကိုမုန်းတယ် ”

င့ါစကားလဲဆုံးသွားရော မျှော်လင့်ချက်တွေနဲ့ကြည့်နေတဲ့နင့်မျက်နှာ တားမရအောင် ပျက်သွားခဲ့တယ်နော် ...... နင့်ကိုငါပြောခဲ့တာက နင်ငါ့ကိုလုပ်သွားခဲ့တာထက်စာရင် အသေးအဖွဲဆိုတာ နင်သိမှာပါ ။ နောက်ပြီး ငါ့ကို နင်က ကစားစရာအရုပ်လိုသဘောထားနေခဲ့တယ်ထင်တယ်.......နင်ထားခဲ့ရင်နေခဲ့၊ နင်ကချစ်ရင်ပြန်ချစ် ငါက စားစရာမဟုတ် အရုပ်မဟုတ်ဘူးနော် ငါလဲခံစားတတ်တယ် ။

“ ငါဆုတောင်းပေးခဲ့တယ် နင်လဲနင်တကယ်ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး လက်တွဲနိုင်ပါစေလို့ ” ပြောပြီး ထထွက်လာခဲ့တော့ ထိုင်ခုံမှာနင်ခေါင်းငိုက်စိုက်နဲ့ကျန်ခဲ့တယ်။ ဆိုင်ပြင်ကိုရောက်တော့ ငါလေထူးဆန်းတာ ခံစားမိတယ်…. ငါ့ရင်ထဲမှာကာလရှည်ကြာခံစားနေရတဲ့ဝေဒနာတွေဟာ ဘာတစ်ခုမှကို မကျန်ခဲ့တာပါပဲ ရင်တစ်ခုလုံးပေါ့ပါးသွားတယ်.....

ငါနင့်ကိုအခုတကယ်မေ့နိုင်ခဲ့ပြီပဲ……….။


မူပိုင် = နှင်းဆီနက်

သူမ

On 2:08 AM 8 comments

သူမနှင့်ကျွန်မတွေ့ဆုံချိန်သည် သိပ်မကြာလိုက်။ သူမသည် ကျွန်မကိုမှတ်သားစရာတွေ အများကြီး ထားခဲ့၏။ သူမသည် အပြင်ပန်းအနေဖြင့် ရိုးအေးပြီး၊ ဘာမှမသိနားမလည်သည့်ပုံစံနှင့် ဟန်ဆောင်မှုတွေကို မျက်နှာဖုံး တပ်ကာထားသည်။ သူမသည် စကားကိုမပွင့်တပွင့်၊ ရှက်စဖွယ်ပုံစံပြောတတ်ပြီး၊ တကယ့်အပြင်တွင် မည်သည့် နေရာတွင်မဆိုရန်ဖြစ်ဖို့ ၀န်လေးသူမဟုတ်ပေ။ ထို့ပြင် သူမသည် ကျွန်မကို အလိမ်အညာစကားများစွာပြောဆို ခဲ့သည်။

ကျွန်မထိုင်သောနေရာအား သူမထိုင်ဖို့အတွက် နည်းမျိုးစုံသုံးခဲ့သည်။ သူမသည် အေးချမ်းသာယာသော သူများမိသားစုဘ၀ပြိုကွဲရန်ကြိုးစားခဲ့သည်။ ကျွန်မပြောသောစကားကို သူမက သူမသိက္ခာကို စော်ကားခံရသ လိုမျိုး ကျွန်မကွယ်ရာတွင်ပြန်ပြောခဲ့သည်။ သူမသည် ကျွန်မ မသိလိုက်သောအချိန်တွင်ကျွန်မကို အကောင်းဆုံး ထိုးနှက်သွားခဲ့သည်။

ထိုနေ့ကို ကျွန်မ ဘယ်တော့မှမေ့မည်မဟုတ်ဘူးဆိုတာ သူမသိစေချင်သည်။

သူမလို မိန်းကလေးမျိုးကို ကျွန်မတော်တော်လန့်သွားသည်။

ကျွန်မပြောခဲ့သောစကားများက သူမနောင်ရေးကောင်းဖို့ဆိုတာကိုတော့ သူမကိုသိစေချင်ခဲ့တာ ကျွန်မရဲ့ စေတ နာ အမှန်ဖြစ်ပေသည်။

မူပိုင် = နှင်းဆီနက်

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။