“ အနန္တဂိုဏ်းဝင် အဓိကထားရသည့်
မိဘနှစ်ပါး ကြီးကျယ်စွာ
လက်ဦးဆရာ ဗြဟ္ဖာအလားသို့
ဘဂ၀ါတရားဟောခဲ့တာ
သူတို့မွေးတာ ကျေးဇူးအမြတ်ကို
ကြွေးအထူးဆပ်ဖို့ နားလည်ပါ
စွမ်းနိုင်လျက်သား အိုမင်းငြား
ပစ်ထားလူယုတ်မာ
အဲဒါကြောင့် ဗုဒ္ဒထုတ်ဟော
အယုတ်သဘောကင်းစေရာ ”

ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရ စတုတ္ထစံကျောင်းဆရာတော်ဘုရားကြီးက ၀သလသုတ္တန်ကိုကြည့်၍ ရေးစပ် ခဲ့ပါသည်။

လူတစ်ကိုယ်မှာ အဆင်းတန်ဆာ(၃)မျိုးရှိပါတယ်၊ ဤအဆင်းတန်ဆာများဖြင့်အလှဆင်နိုင်ကြပါစေ......

လက်၏တန်ဆာသည် လက်စွပ်၊ လက်ကောက်မဟုတ်၊ ပေးကမ်းစွန့်ကြဲခြင်းသာ….

နား၏တန်ဆာသည် နားကပ်၊ နားဋ္ဋောင်းမဟုတ်၊ တရားဓမ္မနာကြားခြင်းသာ…..

ကိုယ်၏အဆင်းတန်ဆာသည် ဘယက်ဒွါဒရာမဟုတ်၊ မေတ္တာကရုဏဖြင့်သူတစ်ပါးအကျိုးဆောင်ရွက်ခြင်းသာ...

(သပြေကန်ဆရာတော် အရှင်ဝါသေဌာဘိဝံသ)

သားသမီးများ မိဘကိုလုပ်ကျွေးနိုင်ဖို့အခွင့်အလမ်းဆိုတာ အောက်ပါအင်္ဂါလေးချက်နဲ့ညီနေတဲ့အခါမျိုးမှာသာ ပြုစုလုပ်ကျွေးနိုင်ပါတယ်...
အဲဒီ အင်္ဂါလေးချက်ကတော့....

၁။ မိဘများသက်ရှိထင်ရှားရှိနေသေးခြင်း၊

၂။ မိဘများက မိမိကိုမှီခိုနေခြင်း၊

၃။ မိဘကိုလုပ်ကျွေးပြုစုချင်သော စေတနာ၊ သဒ္ဒါတရား မိမိမှာရှိခြင်း၊

၎။ လုပ်ကျွေးပြုစုနိုင်သော အသပြာဥစ္စာရှိခြင်း။

" သဘောထားသေးသိမ်သောသူသည် သူတစ်ပါးအပြစ်ကိုသာ မြင်လေ့ရှိသည်။

သဘောထားကြီးမားသောသူသည် မိမိကိုယ်ကိုသာအပြစ်မြင်တော့သည်။

အလုံးစုံသဘောထားပြည့်ဝသွားသောသူသည်ကား မည်သူ့ကိုမျှအပြစ်မမြင်တော့ပေ။ "

အရမ်းကောင်းတဲ့စာသားလေးပါ... မပြည့်ဝသောသူ၊ ပြည့်ဝတဲ့သူနဲ့ အလုံးစုံပြည့်ဝနေတဲ့သူတွေရဲ့ တစ်ပါးသူအ ပေါ် မြင်တဲ့အမြင်လေးမတူတာလေးတွေကိုနှိုင်းယှဉ်ပြထားတာလေးပါ။ တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်ရေးထား တာပါ။

ကဲ ကိုယ်ကိုတိုင်ကော ဘယ်အထဲမှာပါသလဲဆိုတာ သိကြမှာပါနော်.... အချိန်မှီ ပြင်ဆင်နိုင်ကြပါစေ.......

အသက်ကယ် ပစ္စည်း(သို့)ရှင်သန်ရုန်းကန်နိုင်ဖွယ်ရာ အရေးပေါ်အထောက်အကူပစ္စည်း ဖြစ်နိုင်ပါသတဲ့။

(၁) အရေးပေါ် အတွက် keypad ကို locked လုပ်ထားရင်တောင် သင့်လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာတွေ့ရပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာအရေးပေါ်ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံးဆက်သွယ်မှုကွန်ယက်ကို အလိုအလျောက်ရှာမှာဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..

(၂) ကားထဲမှာ သော့တွေကျန်ခဲ့လားသင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲလက်နဲ့ဖွင့်ရမယ့် အနေအထားကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲထည့်ခဲ့ပြီး အပိုသော့က အိမ်မှာကျန်ခဲ့ရင် လက်ကိုင်ဖုန်းတစ်လုံးရှိရတာ ဒီလိုအခါကျတော့ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်ကပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါး ကနေ ခြေတလှမ်းအကွာမှာထားပါ။ နောက်ပြီး အိမ်ကလူကိုကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ် ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာပျော်စရာပဲ မဟုတ်လား။ ကျွန်မတို့ စမ်းကြည့်တာ အောင်မြင်တယ်ရှင့်။ အိမ်ကလူက လာပေးစာမလိုတော့ဘူးပေါ့။ အကွာအဝေးက အရေးမဟုတ်ပါဘူး။ သော့ အပိုက မိုင်တရာအကွာမှာရှိနေပါစေ ခုနကနည်းနဲ့ သင့်ကားတံခါးကို အလွယ်တကူဖွင့်နိုင်တာ သင့်လက်ကိုင် ဖုန်းကြောင့်ပါ။

(၃) ဖွက်ထားတဲ့ အပိုဘက္ထရီသင့်လက်ကိုင်ဖုန်းဓာတ်အားသိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့်လက်ကိုင်ဖုန်းက အရေးပေါ်သုံးချန်ထားတဲ့ ဓာတ်အားကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ် အား ထက်ဝက်ကျန်သေးကြောင်းပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့ အခါမှာ သာမန်နဲ့ အရေးပေါ်သုံးနှစ်မျိုးလုံးအတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါးသုံးလို့မရတော့အောင် ဘယ်လိုဖျက်ဆီးပစ်မလဲ။ သင့် လက်ကိုင် ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါလိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက်သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့အခါမှာ သင်ဟာဖုန်းကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကိုပြောပြတိုင်တန်းလိုက်ပြီး သင့်လက်ကိုင်ဖုန်းကိုပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာတိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲကသင့်ဆက်သွယ်မှု ကွန်ယက်ထဲက သူတွေစာရင်းနဲ့ ဖုန်းနံပါတ်များ ကိုလဲ သူတပါးသိခြင်းမှ ကာကွယ်နိုင်သလို သင့်အယောင်ဆောင်ပြီး သူတပါးကိုသင့်ဖုန်းနံပါတ်နဲ့ ဆက်သွယ် ခြင်းကိုပါ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင်တိုင်တန်းတာနောက်ကျလို့ သူခိုးကပိုလျင်သူ ဖြစ်ခဲ့ရင် တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာဖြစ်ပြီး သင်ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်းထဲမှာ မှတ် သား တတ်သူဖြစ်ပါက သင့်ဆက်သွယ်မှု ကွန်ယက်ကိုတော့ သူခိုးကကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကိုဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ပါဘူး။ ဒါကြောင့် အရေးကြီးဖုန်းနံပါတ်များကို Sim Card ထဲမှာသာမှတ်သားထားသင့်ပါတယ်။ ဒီလို ကာကွယ်ထားနိုင်ရင် လက်ကိုင်ဖုန်းခိုးယူခြင်းကြောင့် အကျိုး မဖြစ်ထွန်းတဲ့အတွက် လက်ကိုင်ဖုန်းခိုးယူမှုများလျော့ပါးလာမယ်လို့ မျှော်လင့်ရပါတယ်။
လက်ကိုင်ဖုန်းတစ်လုံးကိုဝယ်ထားရပြီး တန်အောင်အသုံးချနိုင်ကြပါစေ။

Forward mail မှတစ်ဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
နှင်းဆီနက်

သူသည်ကျွန်မအတွက် ခရစ်စမတ်နေ့ရောက်တိုင်း သတိရစေမယ့်သူတယောက် ဖြစ်ခဲ့ပါသည်။
သူသည် စကားအင်မတန်များသောသူတစ်ယောက်ဖြစ်သည်။
ပြောပြီးသားစကားကိုလည်း အထပ်ထပ်အခါခါပြောတတ်သော သူလည်းဖြစ်သည်။
ကျွန်မခေါင်းမူးပြီးနားပူတဲ့အထိအောင်ပြောနိုင်သူဖြစ်သည်။

ကျွန်မတို့ကသူ့ကိုလေးလေးကြီးဟုခေါ်သည်။ လေးလေးကြီးသည်စကားများသလောက် စေတနာကောင်းသူ၊ ဟင်းချက်ကောင်းသူတယောက် ဖြစ်သည်။ ကျွန်မတို့ရောက်လာရင် သူဈေးခြင်းကိုဆွဲပြီး ဈေးကိုသွားပါတော့ သည်။ ဈေးမှပြန်ရောက်လာရင် ၀ယ်လာသော ဟင်းချက်စရာများကို တစ်မျိုးပြီးတစ်မျိုးထုတ်ပြပြီး စကားကလဲ မနားတမ်းပြောလိုက်၊ ဟင်းချက်ဖို့အတွက် ပြင်ဆင်လိုက်၊ ပြောလိုက်၊ ချက်လိုက်ဖြင့် တစ်ယောက်တည်း မမော နိုင်မပန်းနိုင် တစ်မျိုးပြီးတစ်မျိုးချက်ကျွေးပါသည်။

ကျွန်မကိုလည်း “ ဘယ်ဟင်းကိုဘယ်လိုလေး ချက်မှကောင်းတာ၊ ဘယ်ဟာလေးက ဘယ်လိုလေးထည့်ရတယ် သိကောသိရဲ့လား ဒါတွေကို ညည်းချက်ကောချက်တတ်ရဲ့လား ” မေးရင်းနှင့်သင်လည်းသင်ပြပေးသည်။
လေးလေးကြီးသည် အိမ်ဆိုလည်းသန့်ရှင်းနေမှကြိုက်သူဖြစ်သည်။ သူ့နောက်ဖေးချောင်မှ အိုးခွက်ပန်းကန်များ သည် ပြောင်ရှင်းနေပြီး သပ်သပ်ရပ်ရပ်ရှိလှသည်။ မီးသွေးဖြင့်ချက်သော်လည်း အိုးခွက်များမှာ အမြဲပြောင်လက် နေမှစိတ်ကျေနပ်သူဖြစ်သည်။ ပန်းကန်ဆေးရာတွင်လည်း သူကိုယ်တိုင်ဆေးရမှကျေနပ်သောသူဖြစ်သည်။

သူများတွေဆေးရင်ဖြင့်သူကကိုင်ကြည့်ပြီး “ ပန်းကန်ကချွဲနေတာပဲ... ရေမပြောင်ဘူး သေချာမဆေးဘူးလား၊ ထားခဲ့ထားခဲ့... ငါ့ဘာသာငါပဲဆေးမယ်၊ ရေကုန်တာပဲအဖတ်တင်တယ် ပန်းကန်ကမပြောင်ဘူး ” စသည်ဖြင့် ချေးများတတ်သည်။ ဇီဇာကြောင်တတ်သည်။ ကျွန်မဆေးရင်တော့ လေးလေးကြီးပြောတာတခါမှမကြုံဖူးပါ။ ကျွန်မကိုအားနာလို့ပဲလား၊ နောက်မှပဲသူ့ဘာသာသူပြန်ဆေးသလားတော့မပြောတတ်ပါ ဟီးးးးးးးး ……….

ကျွန်မတို့သူ့ဆီမရောက်တာကြာလျှင် သူကတမေးတည်းမေးနေတေတ်သည်။ ရောက်လာရင်တော့ သူသိသမျှ၊ ကြားသမျှ သတင်း၊ အတင်းတွေကိုရေနွေးခွက်ဘေးချပြီး ကျွန်မမူးလည်နေတဲ့အထိကို အားရပါးရပြောပါတော့ သည်။ ကျွန်မစားဖို့ဆိုပြီးလည်း အလုပ်ခွင်ထဲထိကို စားစရာများကြုံလျှင်ကြုံသလိုပို့ပေးတတ်သည်။ တစ်ခါ သူ နေမကောင်း၍ဆေးရုံတက်ရသည်ကြားတော့ ကျွန်မတို့ဆေးရုံသို့အပြေးအလွှားသွားကြည့်တော့ လေးလေးကြီး က ဆေးရုံမှာတစ်ယောက်တည်းအားငယ်တဲ့ပုံလေးဖြင့် သနားစရာ....၊

ကျွန်မတို့ကိုလဲမြင်ရော ၀မ်းသာအားရကြိုသည်။ ပြီးတော့ သူ့အနာစိမ်းကိုပြလိုက်၊ ဆရာမတွေအကြောင်းပြော လိုက်၊ ဘေးမှလူနာများကိုလည်း သူကစပ်စုပြီးပြီဆိုတော့ ကျွန်မတို့ကိုဘေးမှလူနာတွေရဲ့ ရောဂါနဲ့သူသိသမျှ အကြောင်းတွေကို ပြန်ဖောက်သည်ချပါသည်။ ကျွန်မသူ့ဆီလူနာလာမေးတာ ၀မ်းသာကြောင်းကိုလည်း အပ် ကြောင်းထပ်နေအောင် ပြောပါတော့သည်။

ကျွန်မတို့လည်းသူစားချင်၊ သောက်ချင်တာဝယ်ကျွေး၊ သူနဲ့စကားတွေပြောပြီး အတန်ကြာထိနေပြီး ပြန်မည်လဲ ဆိုရော လေးလေးကြီးက “ နောက်နေ့လဲလာမှာလားဟင် အားမှလာပါ အလုပ်တစ်ဘက်နဲ့ဆိုတော့ အားနာ တယ် လာတာကိုအရမ်းဝမ်းသာတယ်၊ င့ါမှာလဲ တယောက်တည်းဆိုတော့ အားငယ်တယ်ဟယ် ” ဟု လာလဲလာစေချင် ကျွန်မအတွက်ဝန်ထုပ်လဲဖြစ်မှာစိုးပြီးပြောတော့ ကျွန်မစိတ်ထဲတွင်သနားသွားပါသည်။

“ ဟုတ်ကဲ့ လေးလေးကြီး သမီးမလာနိုင်လဲ သူ့ကိုလွှတ်လိုက်မယ်လေ လာကြည့်ခိုင်းလိုက်မယ်နော် သမီးလဲ အားရင်အားသလိုလာခဲ့ပါမယ် ” လို့လဲကျွန်မကပြောလိုက်ကော သူ့မျက်နှာမှာအပျော်ရိပ်များ သန်းသွားပါတော့ သည်။ ကျွန်မကလည်းအလုပ်ကမအားသဖြင့် လေးလေးကြီးဆေးရုံဆင်းပြီးမှပဲ သူ့ဆ်ီရောက်ဖြစ်တော့ ကျွန်မကို သူမျှော်နေကြောင်း ဆေးရုံဆင်းပြီးမှရောက်လာရင်သူ့ကိုမတွေ့မှာစိုးတဲ့အတွက် သူစိတ်ပူနေကြောင်း ကျွန်မကို ဆီးကြိုပြီးပြောပါတော့သည်။

ကျွန်မလည်း အလုပ်တဘက်နှင့်မအား၍ လေးလေးကြီးဆီမရောက်တာကြာလျှင် ကျွန်မကို မျှော်နေတတ်သည်။ လေးလေးကြီးသည် ကျွန်မတို့ကိုအလွန်သံယောဇဉ်ကြီးသည်။ လေးလေးကြီးနောက်တစ်ခါနေမကောင်းတော့ ကျွန်မလည်းရိုးရိုးသာမန်နေမကောင်းတာပဲထင်ပြီး ပေါ့ပေါ့ပဲတွေးမိသည်။ ကျွန်မ ခရစ်စမတ်နေ့ ပုဂံဘုရားဖူး ခရီးထွက်မယ့်အကြောင်း သူနှင့်တစ်ဆင့်လေးလေးကြီအားပြောခိုင်းလိုက်သေးသည်။ လေးလေးကြီး၏ နောက် ဆုံးအချိန်ဆိုတာကိုသာ ကျွန်မသိခဲ့ရင် ကျွန်မဒီခရီးကိုလည်းလိုက်ဖြစ်မည်မဟုတ်ပါ။

ကျွန်မသိရသောအချိန်တွင် လေးလေးကြီးဆုံးသည်မှာ ရက်ပင်လည်တော့မည်။ ကျွန်မခရစ်စမတ်နေ့ ပုဂံသို့ ရောက်နေချိန်တွင် လေးလေးကြီးသည် သူ့လက်ပေါ်တွင်ပင်အသက်ထွက်သွားခဲ့ပါသည်။ သူကလည်း ကျွန်မ စိတ်မကောင်းဖြစ်မည်စိုးပြီး ကျွန်မကိုမပြောပြခဲ့ပါ။ ကျွန်မပုဂံမှ မနက်ဖြန်တွင် ရန်ကုန်ပြန်ရောက်မည်ဟု သူ့ဆီ အကြောင်းကြားသောအခါမှ သူကကျွန်မကိုလေးလေးကြီးဆုံးသွားပြီဖြစ်ကြောင်း ကျွန်မကိုဖွင့်ပြောသည့်အခါ မှာ ကျွန်မသည် မယုံကြည်နိုင်ပါ။

“ ဟာ……….. ဒါစစရာမဟုတ်ဘူးနော် လာမစနဲ့… ဘာလို့ဆုံးရမှာလဲ လေးလေးကြီးကနေမကောင်းဖြစ်တာပဲ ပြန်ကောင်းမှာကို နောက်စရာမဟုတ်ဘူးလေ ပြန်ကောင်းမှာပေါ့ လာမနောက်နဲ့နော် “ ကျွန်မ မယုံကြည်စွာဖြင့် ပြန်ပြောလိုက်သည်။
သူမှကျွန်မကို “ ဟုတ်ပါတယ်ကွာ အဲ့ဒီနေ့မနက်မှာပဲဆုံးသွားတာ မောင့်ကိုစောင့်နေတာ မောင့်လက်ပေါ်မှာပဲ ဆုံးသွားရှာတယ် တကယ်ပါကွာ လေးလေးကြီးတကယ်ဆုံးသွားတာပါ ” ဟု ကျွန်မကိုသေချာ ထပ်ပြောပါသည်။ ကျွန်မဖုန်းခွက်ကြီးကိုင်ပြီးတော့ လောကကြီးနှင့်ခေတ္တအဆက်ပြတ်သလိုဖြစ်သွားပါသည်။ ကျွန်မ မယုံနိုင်ပါ။ ဖြစ်နိုင်လျှင် ကျွန်မချက်ချင်းရန်ကုန်ကိုအပြေးသာသွားလိုက်ချင်တော့သည်။

ဒီလိုနဲ့ဒီဇင်ဘာ၃၁ရက်နေ့ကျွန်မ ရန်ကုန်ပြန်ရောက်တော့ချက်ချင်းပင် လေးလေးကြီးအိမ်သို့လိုက်သွားပါသည်။
သြော်…… လေးလေးကြီးရှိစဉ်ကနှင့်အခုတော်တော်ကိုကွာခြားသွားသော အိမ်ကလေးပါလား…….
ကျွန်မရောက်တော့ သူ့မိဘများက၀မ်းသာသွားကြပါသည်။ လေးလေးကြီးအကြောင်းကို တဖွဖွပြောပြကြပါ သည်။ အားလုံးပြောစရာစကားများကုန်တော့ အိမ်မှာလည်းတိတ်ဆိတ်ပြီးတော့ အဓိပါယ်မရှိသလိုဖြစ်နေပါ သည်။ လေးလေးကြီးရှိစဉ်ကစိုပြေဆူညံနေတတ်သောအိမ်မှာ ခုတော့ တိတ်ဆိတ်ခြောက်ကပ်နေသည်။

နောက်ပိုင်းရက်များတွင် ကျွန်မတို့နှစ်ယောက် စကားစပ်တိုင်းပြောမိသည်မှာလည်း လေးလေးကြီးအကြောင်း များချည်းပင်…။ လေးလေးကြီးအကြောင်းမပါလျှင်စကားလုံးတိုင်းမှာ အသက်မပါသလို…။

လေးလေးကြီးဘယ်ဘ၀ရောက်နေပြီလည်း……….

လေးလေးကြီးဘယ်မှာများပြန်ဝင်စားနေမလဲ………

အခြားဘ၀မှာရော စကားများနေတုန်းပဲလား……….
လားးးးးးးး ပေါင်းများစွာနှင့်

လေးလေးကြီးရေ ရောက်ရာဘ၀ကနေပြီးတော့
အမျှ…… အမျှ……. အမျှ……… ရပြီးတော့ ကောင်းရာဘုံဘ၀ကိုရောက်ရှိပါစေ..။

ဒီနှစ်ဒီဇင်ဘာ၂၅ရက် ခရစ်စမတ်နေ့တွင်၁နှစ်ပြည့်လေးလေးကြီးအတွက်အမှတ်တရ
တူမငယ်လေး နှင်းဆီနက်

သတိပေးချက်

``ဟေ့ကောင်၊လေထီးမပါဘဲ ခုန်ဆင်းမလို့လား မင်းရူးနေသလားကွ ဟေ..´´
``ဘာဖြစ်လို့လဲ´´
´´အပြင်မှာ မိုးရွာနေတယ်လေကွာ။´´

မှီနိုင်သေးတယ်

အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
``ဒီမှာခင်ဗျာ၊ ဒီမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
``ဟုတ်ပါရဲ့ ကျွန်မထီးမေ့ကျန်ခဲ့တယ်´´
``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´

စစ်အတွင်းက

တဲစုတ်ကလေးတစ်ခုရှေ့တွင် မာစီးဒီးကားသစ်တစ်စီး ထိုးရပ်လိုက်သည်။ ကားထဲမှအကောင်းစားဝတ်စုံကို
ဝတ်ထားသော အသက်၄၀အရွယ်ခန့်ရှိလူတစ်ယောက်ထွက်လာသည်။ တဲရှေ့တွင် မြေကိုတူးဆွနေသော အဘွားကြီးထံလျှောက်သွားပြီးမေးသည်။
``မင်္ဂလာပါ အဘွား၊စစ်အတွင်းက အပြာနုရောင်ကုတ်အင်္ကျီအစုတ်ကလေးကိုဝတ်ထားတဲ့ ဂျူးချာတိတ်ကလေး တစ်ယောက်ကို အမျိုးသမီးတစ်ယောက် တဲမှာဝှက်ပေးခဲ့တယ်။ အဲ့တဲဟာ ဒီတဲလားဟင်။´´
``ဟုတ်တယ် သားအဲ့ဒီ အမျိုးသမီးဟာအဘွားပဲ၊သားဘာဘာကိစ္စမေးတာလဲ။´´
``အဲ့ဒီကုတ်အင်္ကျီကို ပြန်လာယူတာပါ။´´

တန်ဖိုးမရှိသောသူ

သူငယ်ချင်းနှစ်ယောက် အလောင်းအစားလုပ်ကြသည်။တက္ကစီကားမှတ်တိုင်သို့ရောက်လာပြီး တစ်ယောက်က တက္ကစီကားဒရိုင်ဘာကိုမေးသည်။
``ဒီကနေ မြို့ထဲကို ဘယ်လောက်ပေးရမလဲ။´´
``နှစ်ရာ´´
``ကျွန်တော့်သူငယ်ချင်းပါ ကျွန်တော်နဲ့လိုက်မယ်ဆိုရင်ကော´´
``နှစ်ရာပါပဲ´´
``ကြားတယ်မဟုတ်လား ဘမောင်၊ မင်းဟာ ဘာတန်ဖိုးမှမရှိတဲ့အကောင်ဆိုတာ ယုံပြီလား။´´

ဇာတ်သိမ်းမကောင်းတဲ့ပုံပြင်

ရွှေငါးလေးတစ်ကောင်ကို အဘိုးကြီး ဖမ်းမိသည်။
`ဆန္ဒသုံးခုကိုဇြည့်ပေးပါမည်။သူ့ကိုလွှတ်ပါ`ဟု ရွှေငါးကပြောသည်။
အဘိုးကြီး ငါးကိုအိမ်သို့ယူလာပြီးကြော်စားလိုက်သည်။ အကြောင်းမှာ အဘိုးကြီးနားထိုင်းနေသောကြောင့်ဖြစ် သည်။

မဟာပညာကျော်

တစ်ခါက တောရွာတစ်ရွာတွင် မိသားစုတစ်စုရှိသည်။ ယင်းမိသားစုသည်အလွန့်အလွန် ရိုးအလှသည်။ တစ်နေ့ တွင် သူတို့နွားသည် အစာစားရာမှအစာများထည့်ထားသောအိုးထဲသို့ ခေါင်းဝင်သွားရာ ပြန်နှုတ်လို့မရတော့ ပေ။သူတို့သည်မည်သို့လုပ်ရမည်ကို မသိနိုင်ကြသဖြင့် ခက်ခဲသောပြဿနာကိုဖြေရှင်းနိုင်ရန် ဦးလေးဖြစ်သူကို အကူအညီတောင်းသည်။ ဦးလေးဖြစ်သူကသူတို့အိမ်ရောက်လာပြီး အခြေအနေကိုအကဲခတ်ကြည့်ရှုသည်။
`` ဒါအလွယ်လေးပါကွာ ´´ ဦးလေးဖြစ်သူက အသေအချာနားလည်ဟန်ဖြင့်ပြောသည်။
``နွားခေါင်းကိုဖြတ်လိုက်ပေါ့´´ တူဖြစ်သူများက ဦးလေးစကားအတိုင်း နွားခေါင်းကိုဖြတ်ပစ်လိုက်ကြသည်။
သို့သော်လည်းနွားခေါင်းကအိုးထဲတွင် ထုတ်မရဘဲ ဖြစ်နေဆဲပင်။ သူတို့သည် အကူအညီကင်းမဲ့နေသကဲ့သို့ ခံစားကြရသည်။ ဦးလေးဖြစ်သူထံ ထပ်မံအကြံဉာဏ်တောင်းပြန်သည်။ ဦးလေးဖြစ်သူက ပြောသည်။
``မခက်ပါဘူးကွာ အိုးကိုရိုက်ခွဲပစ်လိုက်ပေါ့´´အိုးကိုရိုက်ခွဲလိုက်သောအခါ နွားခေါင်းထွက်လာသည်။ ဤသို့ ဖြင့်ပြဿနာသည်ပြီးဆုံးသွားလေသည်။ လူတိုင်းက ဦးလေးဖြစ်သူ၏ မနှိုင်းယှဉ်နိုင်လောက်အောင် အတွေးအ ခေါ်မြင့်မားမှုကို ချီးကျူးကြလေသည်။ ဦးလေးဖြစ်သူက သူသည်စိတ်ရှုပ်ထွေးနေကြောင်း၊ စိတ်ညစ်နေကြောင်း ပြောပြလေသည်။
``အခုဆို ငါဟာအသက်ကြီးလာပြီကွ။ လူ့ပြည်မှာသိပ်ကြာကြာနေရတော့မှာမဟုတ်ဘူး။ သေရတော့မှာပဲ။
တကယ်လို့ငါသေသွားတဲ့အခါ မင်းတို့မှာ ဒီလိုပြဿနာမျိုးတွေကြုံလာခဲ့ရင်တော့ မင်းတို့ကိုဘယ်သူကများ လာပြီးကူညီနိုင်ပါတော့မလဲကွာ။´´

သူဌေးနဲ့နွား

လူတစ်ယောက်က သူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။ သို့ကြောင့်လည်း နွားငှားရန် သူဌေး ကြီးထံစာရေးကာ တပည့်တစ်ယောက်ကိုစေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီး သည် ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။ စာမတတ်သည်ကို ရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´

စိုးရိမ်စရာမဟုတ်ပါ

ခရီးသည်များလှေတစ်စင်းဖြင့် မြစ်ပြင်ကိုဖြတ်သန်းစဉ်ကဖြစ်သည်။ လှေကလေးသည် ကျောက်ဆောင်နှင့် ရုတ်တရက်တိုက်မိကာရေများကလှေဝမ်းထဲသို့စီးဝင်လာသည်။ ခရီးသည်မျာသည် သူတို့၏အသက်အန္တရာယ် အတွက်စိုးရိမ်လာသည်။ လူတစ်ယောက် သူကမူတစ်မူထူးခြားလှသည်။ သူသည်ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ် စွာထိုင်နေသည်။ သူသည်ရယ်မောနေနိုင်သည့်အပြင် အခြားသူများကိုလည်း မစိုးရိမ်မပူပန်ကြရန် ပြောနေလေ သည်။
``မစိုးရိမ်ကြပါနဲ့။မစိုးရိမ်ကြပါနဲ့။´´သူကပြောသည်။
``ဒါ စိုးရိမ်စရာ ပြဿနာလည်းမဟုတ်ပါဘူး။ လှေထဲရေ၀င်လာတာပါ။ ဒါဟာကျွန်တော်တို့ ပြဿနာမှမဟုတ် ပါဘူး။ လှေကကျွန်တော်တို့ပိုင်တဲ့လှေမှ မဟုတ်တာ။´´

ခြေခြောက်ချောင်းအပြေး

တစ်ခါကအထောက်တော်တစ်ဦးသည် အရေးကြီးသည့်ကိစ္စဖြင့်ခရီးထွက်ရန်ရှိလေသည်။ အရာရှိကြီးကခြေမြန် တော်ကိုနောက်ကျမည်။ အမြန်ဆုံးမရောက်မည်ကိုစိုးရိမ်သဖြင့်အလွန်အပြေးလျင်သည့်မြင်းတစ်ကောင်ကို ပေးလိုက်သည်။ သို့သော်.. အထောက်တော်ကမူအရေးကြီးကိစ္စဖြင့် အလျင်အမြန်သွားရမည့်ခရီးလမ်းတွင် မြင်းကိုမစီးဘဲလမ်းတစ်လျှောက်မြင်းကိုဆွဲပြေးလေသည်။
``ခင်ဗျားက ဘာလို့မြင်းကိုမစီးတာလဲ´´
မင်းကိုမစီးဘဲ ဆွဲပြေးသွားသည့်မြင်ကွင်းကြောင့် ခရီးသွားတစ်ယောက် ကသူ့ကိုမေးသည်။
``ခြေထောက်လေးချောင်းပြေးတာထက် ခြေခြောက်ချောင်းပြေးတာ ပိုမမြန်ဘူးလားဗျ´´
အထောက်တော်က သူ့အတွေးဖြင့်သူ့မြင်းကိုဆွဲကာပြေးနေလေသတည်း။

သတ္တိရှိပါတယ်

စစ်အရာရှိကြီးသည် စစ်သားများနေထိုင်သော သုံးထပ်တိုက်အဆောင်ကိုဖြတ်လျှောက်လာသည်။ စစ်အရာရှိ ကြီးသည် စိတ်လက်ပေါ့ပါးရွှင်ပျနေသည်။ မမျှော်လင့်ဘဲသုံးထပ်အပေါ်မှနေ၍ ညစ်ပုပ်သောရေကိုပက်ချလိုက် ရာ တစ်ကိုယ်လုံးစိုရွှဲသွားသည်။ စောစောကပျော်ရွှင်နေသောစိတ်လုံးဝပျောက်သွားသည်။ ရှုံမဲ့ပြီးရေကျလာ သည့်သုံးထပ်တိုက်ပြတင်းပေါက်ဘက်သို့မော့ကြည့်သည်။ မည့်သူကိုမှမမြင်ရချေ။ သို့နှင့်ကြားအောင် အော် ပြောသည်။
``ကိုယ့်မျက်နှာတောင်ကိုယ်မပြရဲတဲ့သတ္တိကြောင်တဲ့သူတွေ ဟင်း..´´
``ဘာလို့မပြရဲရမှာလဲ၊ပြရဲပါတယ်´´ ဟူသော အသံကြားရပြီးပြတင်းပေါက်တွင်ခေါင်းတစ်လုံး ပြူထွက်လာ သည်။ ခေါင်းတွင်ဓါတ်ငွေ့ကာကွယ်ရေးကိရိယာကို စွပ်ထားလေသည်။

ဘယ့်သူလက်ချက်လဲ

ဧည့်ခံပွဲတစ်ခုတွင်ဖြစ်သည်။ အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော စိန်ဘယက်ကိုကြည့်ပြီး ဧည့်သည်အားလုံးက
`လှလိုက်တာ၊လှလိုက်တာ´
ဝိုင်းဝန်းချီးကျူးကြသည်။ ချီးမွမ်းခံရသဖြင့်ပီတိဖြစ်မိသောအမျိုးသမီးသည် အားပါးတရကြည့်ပါစေဟူသော ရည် ရွယ်ချက်ဖြင့် ဘယက်ကိုချွတ်ပေးသည်။ စိန်ဘယက်သည်တစ်လက်မှ တစ်လက်သို့ကူးသွားသည်။ နောက်ဆုံး တွင်စိန်ဘယက်ပျောက်သွားတော့သည်။ အိမ်ရှင်ကစိတ်မကောင်းဖြစ်ရသော အသံဖြင့်ပြောသည်။
``ကျီစားတာဆိုရင်လွန်သွားပြီဗျာ။ အခုစားပွဲပေါ်ကိုကျွန်တော်ငွေဖလားတင်ထားမယ်။ မီးခလုတ်ကိုပိတ်လိုက် ပြီးတစ်ရာထိကျွန်တော်ရေမယ်။ မီးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာစိန်ဘယက်ကို ငွေဖလားထဲမှာပြန်တွေ့ရမယ်လို့ မျှော်လင့်ချင်ပါတယ်။' '
မီးကိုပိတ်ပြီးနောက် ပြန်ဖွင့်လိုက်သည်....ငွေဖလားကြီးမရှိတော့။


မူပိုင်မဟုတ်ပါ။

နှင်းဆီနက်

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။