Showing posts with label Tag Post. Show all posts
Showing posts with label Tag Post. Show all posts

သူငယ်ချင်းကောင်း


သူငယ်ချင်းကောင်းဆိုသည်နှင့်ကျွန်မပြေးမြင်မိသည်မှာ ငယ်ငယ်ကကျာင်းနေဘက်သူငယ်ချင်းဖြိုးဝေအေး..။ ဖြိုးဝေနှင့်ကျွန်မစတင်ဆုံတွေ့ခဲ့သည်မှာ ကျွန်မ၅တန်းတက်သည့်အချိန်တွင်ဖြစ်သည်။ ကျွန်မ၅တန်းရောက် သည့်နှစ်တွင်သူမက၄တန်း။ အသက်တူပင်ဖြစ်သော်လည်းဖြိုးဝေကကျောင်းအပ်နောက်ကျသည့်အတွက် ကျွန်မထက်သူမကတစ်တန်းငယ်နေသည်။ ကျွန်မတို့ချင်းက အိမ်ခေါင်းရင်းနှင့်ခြေရင်းကပ်လျက်ဖြစ်သော ကြောင့်လဲပိုတွဲမိသည်။ သူမကတော့ကျွန်မရဲ့ ရင်ဖွင့်ရာ၊ တီးတိုးတိုင်ပင်စရာ သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်ခဲ့သည်။ အခုလက်ရှိလဲအတွဲမပျက်သေးပဲ တစ်ယောက်နှင့်တစ်ယောက်ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင်သူငယ် ချင်းများအဖြစ်မှီခိုနေဆဲပဲဖြစ်သည်။


နောက်တစ်ယောက်ကတော့ ကျွန်မကချစ်စနိုးနှင့်ခေါ်သောညိုလေး.။ ညိုလေးကကျွန်မနှင့်၅တန်း ကတည်း ကအတန်းတူသူငယ်ချင်း အခုထိလဲအဆက်အသွယ်မပြတ်သေးသောသူငယ်ချင်း။ ကျွန်မကနိုင်စားနေကြ။ ကျွန်မနှိပ်စက်သမျှကိုအသည်းခံနိုင်ဆုံးချစ်ဆုံးသူငယ်ချင်းတစ်ယောက်..။


နောက်တစ်ယောက်ကတော့တက္ကသိုလ်တက်တဲ့အချိန်မှစတင်ဆုံတွေ့ခဲ့ရသည့် သီတာမ(ခေါ်)မယ်သီတာ..။ ကျွန်မကသူ့ကိုနာမည်မျိုးစုံနှင့်ချစ်စနိုးခေါ်တိုင်း ပြုံးစိစိမျက်နှာနှင့် ကျွန်မကိုလက်မောင်းကလေး ပုတ်ကာ ရယ်နေတတ်သည်။ သီတာမကြီးကတော့ တက္ကသိုလ်ရောက်မှတွေ့ခဲ့ကြပေမဲ့ ကျွန်မသူ့ကိုအရမ်းချစ်သည်။ ကျွန်မဘယ်လောက်စိတ်ဆိုးအောင်စလဲ သီတာမကကျွန်မကိုဘယ်တော့မှစိတ်မဆိုးတတ်ပါ။ ကျွန်မအစလွန်ရင်တော့သူမကမျက်နှာတည်တည်လေးနှင့်ပင် တည်မလိုရယ်မလိုလုပ်နေရင် ကျွန်မက သူမနာမည်ပါသည့်သီချင်းများဖြစ်သော သီတာနေပါဦး သီတာနေပါဦး သီတာကိုသိပ်ချစ်တယ်သိရဲ့ လား မယ်သီတာဒဿအပေါ်မှာ စသည့်သီချင်းများဖြင့်သူမကိုစောင်းဆိုရင် ဘယ်လိုမှတည်တည်မနေနိုင်ပဲ သွားတက်လေးပေါ်အောင်ရယ်ပါတော့သည်။


မိတ်ဆွေကောင်း


မိတ်ဆွေကောင်းကို ကျောင်းတက်စဉ်ဆုံတွေ့ခြင်းမဟုတ်ပဲ လုပ်ငန်းခွင်တွင်ဆုံတွေ့ရသည့်သူဟု ကျွန်မခွဲခြား ရေးသားလိုက်ပါတယ်။ လုပ်ငန်းလုပ်စဉ်တွင် ၀န်ထမ်းပေါင်းများစွာနှင့်ကျွန်မကြုံတွေ့ခဲ့ရပါသော်လည်း ထိုဝန်ထမ်းတွေထဲမှာတွင်မှ အတုယူစရာ၊ လေးစားစရာကောင်းသောအမ(၂)ယောက် အကြောင်းရေးသား လိုပါတယ်။ မသက်ဟုကျွန်မကခေါ်သောအမနှင့် မအေးခိုင်ဟုခေါ်သောတစ်ယောက်.။


သူမတို့နှစ်ယောက်လုံးသည်စကားပြောနဲသည် ပြောရင်ဗြောင်ဖွင့်ပြောသည်။ ဘယ်သူ့မျက်နှာမှမထောက်ပဲ မညှာမတာပြောတတ်သည်။ ပြောရဲဆိုရဲရှိသည်။ အလုပ်လုပ်ရာတွင်တိကျသည်။ ပြတ်သားသည်။ အစီအစဉ် တကျလုပ်ဆောင်နိုင်သည်။ သူတို့နှစ်ယောက်ဆီမှအတုယူစရာများ များစွာအတုခိုးခဲ့ရသည်။ လေးစားထိုက် သောမိတ်ဆွေညီအမများဖြစ်သည်။


နောက်တစ်ယောက်ကတော့ ကျွန်မနှင့်မတော်လိုက်ရသောယောင်းမလေးကေသီဖြစ်ပါတယ်။ ကေသီသည် ကျွန်မထက်၇နှစ်ခန့်ငယ်ပါသော်လည်း သူငယ်ချင်းကောင်းဆိုလဲဟုတ်၊ မိတ်ဆွေကောင်းဆိုလဲဟုတ်၊ ညီအမဆို လဲဟုတ်သည်။ ဒါကြောင့် အမျိုးတော်ချင်လို့ကျွန်မမောင်လေးနဲ့စပ်ပါသော်လည်း သူတို့ဖူးစာမပါသောကြောင့် ထင်သည်။ ကျွန်မနှင့်အမျိုးမတော်လိုက်ရပါ။


အဓိကတွဲဖြစ်ရခြင်းကတော့ သူမတို့သည် နှုတ်လုံခြင်း၊ အနစ်နာခံခြင်း၊ သစ္စာရှိခြင်း၊ စကားကိုလှည့်ပတ်မပြော တတ်ခြင်း၊ မလိမ်ညာတတ်ခြင်း၊ ပွင့်လင်းခြင်း၊ သူတစ်ပါးနစ်နာမည့်အလုပ်ဆိုမလုပ်ကိုင်တတ်ခြင်း၊ ကျွန်မကို အရမ်းချစ်ခြင်းကြောင့်သည်းခံခြင်း၊ ကျွန်မနှင့်ပတ်သက်၍အထိအခိုက်အပြောမခံခြင်း တစ်ယောက်နှင့် တစ် ယောက်အပြန်အလှန်ရိုသေလေးစားခြင်း. စသည့်အချက်ပေါင်းများစွာကြောင့်ဖြစ်သည်။


ကျွန်မတွင်အခြားအခြားသောသူငယ်ချင်းပေါင်းများစွာ၊ မိတ်ဆွေပေါင်းများစွာထပ်တွေ့ပါသော်လည်း ကျွန်မဘ၀တွင်အမှတ်တရနှင့်လေးစားစရာကောင်းသည့် သူငယ်ချင်း(၃)ယောက်နှင့် မိတ်ဆွေ(၃)ယောက်ကို အမှတ်တရအနေနှင့်ရေးသားမိခြင်းဖြစ်ပါသည်။


ဤပို့စ်ကို မောင်ငယ်သူရဿဝါကတဂ်ထားခြင်းဖြစ်ပါသည်။ ကြာသွားသည့်အတွက်ခွင့်လွှတ်ပေးပါလို့ တောင်း ပန်စကားဆိုရင်း ဒီပို့စ်အတွက်ဘုန်းသန့်လေးကျေနပ်နိုင်ပါစေ.။


မူပိုင် = နှင်းဆီနက်

Category : | Read More......

ဦးလင်းဦး(ဆိတ်ပညာ)ကြီးက ဒေါ်နှင်းဆီနက်ကိုအတင်းအကြပ်တဂ်ပို့ရေးရမယ် မရေးရင်မရဘူး၊ ခရီးမသွားခင် အပြီးရေးမှတ်ချက်ကြီးနဲ့ကိုလာတော့တာပဲ၊ သြော်. ငါမှမရေးရင်သူ့ခမျာ ဒေါသတွေထွက်၊ စိတ်မကောင်းတွေ ဖြစ်ပြီးတော့ စားမ၀င်အိပ်မပျော်ဖြစ်နေပါဦးမယ်လေ အဲ့လိုစဉ်းစားမိပြီး နေကောင်းခါစလူတစ်ယောက် စိတ်ချမ်းသာပါစေဆိုတဲ့စေတနာနဲ့ ကျွန်မ မရေးချင်ရေးချင်နဲ့ရေးလိုက်ပါတယ်(အဟတ် တမင်စတာ. စိတ်ဆိုးရဘူးနော်……… :D )။

ဝါသနာ……… ၀ါသနာဆိုလို့ကျွန်မစဉ်းစားကြည့်တယ် ကျွန်မဘာတွေဝါသနာပါလဲပေါ့ ၀ါသနာပါတာက စုံနေတာပဲ ကျွန်မကကိုယ်စလုပ်မိတဲ့အလုပ်ဆိုရင်လုပ်ချင်ချင်၊ မလုပ်ချင်ချင် စိတ်ပါဝင်စားစွာလုပ်လေ့ရှိတယ်။ အဲ့ဒီလုပ်ဆောင်မှုအပိုင်းတွေထဲကမှ ကိုယ်ဝါသနာအပါဆုံးကဘာလဲလို့သေချာစီစစ်ကြည့်လိုက်တော့ Graphic Designer ၊ သီချင်းနားထောင်တာ၊ ဟင်းချက်တာ၊ သစ်သီးပုံဖော်တာ၊ ပန်းအလှထိုးတာ၊ အိမ်အလှဆင်တာ၊ အခုနောက်ပိုင်းတိုးလာတာက ကဗျာတွေရေးတာပေါ့

ဒီဇိုင်းအပိုင်းနဲ့ပက်သတ်ပြီးစတင်ဝါသနာပါတာက သူငယ်ချင်းတစ်ယောက်က သူလုပ်လာတဲ့ဒီဇိုင်းတစ်ခုကို ကျွန်မကိုလာပြတယ်(အမှန်ကကြွားတာပေါ့လေ) ကျွန်မအဲ့ဒီ ဒီဇိုင်းလေးကိုအရမ်းကြိုက်သွားတယ် အဲ့ဒါနဲ့ နင်ဘယ်လိုလုပ်တာလဲဆိုတော့ ငါတက်နေတဲ့ကျောင်းကသင်ပေးတာကို ငါ့ဘာသာငါ့စိတ်ကူးနဲ့ဆွဲထားတာတဲ့ ကျွန်မလဲနောက်ကျတော့ ဒီဇိုင်းလေးတွေကိုယ့်ဘာသာဖန်တီးချင်တဲ့စိတ်တွေဖြစ်ပေါ်လာပြီးနောက် ကျွန်မ အနုပညာကွန်ပျူတာဒီပလိုမာသင်တန်းကိုစတက်ဖြစ်ပြီး ဒီဇိုင်းလေးတွေကိုစိတ်ကြိုက်ဖန်တီးဖြစ်ပါတယ်။ သို့ပေမယ့်အခုနောက်ပိုင်းကျွန်မလုပ်နေရတဲ့အလုပ်နဲ့ဒီဇိုင်းနဲ့ကတခြားစီလိုဖြစ်နေတော့ မေ့တဲ့အပိုင်းတွေလဲ မေ့ကုန်ပြီ(အမှန်က.. လာခိုင်းကြမှာစိုးလို့. ဟီးးးးးး)။

သီချင်းကတော့ဘယ်သီချင်းမဆိုကြိုက်တယ် ကျွန်မကသီချင်းသိပ်မရွေးဘူး အကုန်နားထောင်တယ်။ ခရီးသွား ရင်သီချင်းလေးနားထောင်သွားရင်ကိုပဲ စိတ်ကလန်းနေတာ။ စိတ်ညစ်ရင်တော့မျိုးကြီးသီချင်းနဲ့ပေါက်ကွဲလေ့ ရှိတယ်....(အဟဲဓာတ်ပြားဟောင်းကြီးကပေါက်ကွဲလို့အကောင်းဆုံးသီချင်းလေ)။

ဟင်းချက်တာကတော့ဝါသနာပါတယ်။ ကိုယ်စားချင်တာကို ကိုယ့်ဘာသာကိုစိတ်ကြိုက်ချက်စားရတာကိုပဲ ၀ါသနာတစ်ခုလိုဖြစ်နေတာ။ ကျွန်မချက်ပြီးကောင်းတယ်အပြောခံရရင် ပီတိတစ်ခုလိုခံစားရတာ။ (မကောင်းပေ မဲ့ကြိတ်မှိတ်ကောင်းတယ်ပြောကြပေါ့) :D ။ သစ်သီးပုံဖော်တာကပိုပြီးဝါသနာပါတယ်။ တစ်ခါတလေ ပုံဖော် လွန်ပြီးပျက်သွားတဲ့အသီးတွေဆို အိမ်ကအမေက နင့်အသီးဒီဇိုင်းကို ငါ့တစ်သက်ဒီတခါပဲမြင်ဖူးတယ်ဆိုပြီး ကြည်စယ်ပါတယ်။ (ဒါကသစ်သီးကမကောင်းလို့ပါနော် လုပ်တဲ့သူကသေချာလုပ်တာပဲဟာကို)

ပန်းအလှထိုးတာကိုလဲဝါသနာပါပါတယ်။ သူကအရမ်းလက်ဝင်တယ် ကျွန်မဖန်တီးလို့ ပန်းအိုးထဲကပန်းလေးလှ နေရင်ကို ကျွန်မစိတ်ထဲကြည်နှုးနေတာပါ။ အိမ်အလှဆင်တာလဲဝါသနာပါပါတယ်။ အိမ်နံရံလေးမှာ ဘယ်မင်း သမီးပုံလေးထားမယ်၊ အိမ်နံရံကိုဘာဆေးရောင်ခြယ်မယ်၊ ပရိဘောဂတွေကိုဘယ်နားမှာထားမယ်ဆိုပြီး တစ်နေ့တစ်နေ့ရှုပ်နေတဲ့ကျွန်မပါ။ အခုကျတော့ နေ့တိုင်းကျွန်မအခန်းကိုတောင်တံမြက်စည်းမလှဲဖြစ်တဲ့ဘ၀ အိမ်ကိုမပြန်ဖြစ်လို့ပါ။

အခုနောက်ပိုင်းကဗျာရေးတာကိုတော်တော်ဝါသနာပါလာပါတယ်။ စနေနေ့ဆိုကျွန်မအိမ်ကိုပြန်ရပါတယ်။ အိမ်ပြန်ရောက်လို့ရှိရင် စိတ်ထဲမှာကဗျာရေးချင်စိတ်ပဲပေါ်ပေါ်နေပါတယ်။ ကဗျာတွေရေးနေလို့ တစ်ပတ်မှ တစ်ခါရှင်းဖြစ်တဲ့ ကျွန်မအခန်းလေးကိုတောင်မှ မရှင်းဖြစ်တာကြာပါပေါ့လား။ ဒီလိုနဲ့ပဲကျွန်မဘလော့လေးမှာလဲ ကဗျာတွေချည်းပဲဖတ်နေရလို့ လာဖတ်တဲ့သူတွေလဲ စိတ်မကောင်းတွေဖြစ်ဖြစ်ပြန်သွားရတယ်ထင်တယ်.။ အသဲကွဲကဗျာတွေချည်းပဲမို့လို့……..။

ကျေနပ်ပါပြီလား ဦးလင်းဦး(ဆိတ်ပညာ)ကြီးရှင့်။

ကျွန်မရဲ့ ခင်မင်ရသောမိတ်ဆွေများရဲ့ ဝါသနာလေးတွေကိုသိချင်လာလို့ထပ်တဂ်ချင်တဲ့သူတွေကတော့ -

(အမယမင်း(ရေးပြီး)၊ အမပန်ဒိုရာ၊ ညီမငယ်ဝေလေး(ရေးပြီး)၊ ညီမငယ်မက်မက်(ရေးပြီး)၊ ညီမငယ်ရွှေပြည်သူ၊ ညီမငယ်မဆုမွန်၊ ညီမငယ်ပန်းခင်းလေး၊ ညီမငယ်ချင်းမလေး(ရေးပြီး)၊ ညီမငယ်တာတာ(ရေးပြီး)၊ ညီမငယ်မွန်၊ ညီမငယ်ပန်းခရေ(ရေးပြီး)၊ ညီမငယ်ကံကောင်းသူ(ရေးပြီး)၊ ညီမငယ်မီးလေးဇာ(ရေးပြီး)၊ ညီမငယ်မေဒီဇာ(ရေးပြီး)၊ ညီမငယ်မန်းသူလေး(ရေးပြီး)၊ ညီမငယ်ရောင်ပြန်(ရေးပြီး)၊ ညီမငယ်နွေးနွေးသဲမွန်(ရေးပြီး)၊ ညီမငယ်ဆူးလင်းသစ်)

(အကိုမိုးသွေးငယ်၊ အကိုကောင်းကင်ကို၊ အကိုဥပသကာ(ရေးပြီး)၊ အကိုစိတ်စမ်းရေ(ရေးပြီး)၊ ဒေါက်တာဝင်းသိန်း(ရေးပြီး)၊ မောင်ငယ်သီဟသစ်(ရေးပြီး)၊ မောင်ငယ်စောနောင်၊ မောင်ငယ်အချစ်မဲ့ဂစ်တာ(ရေးပြီး)၊ မောင်ငယ်ထင်လင်းအောင်၊ မောင်ငယ်ညီမင်းခန့်(ရေးပြီး)၊ မောင်ငယ်သောတ(ရေးပြီး)၊ မောင်ငယ်ဇာတိ၊ မောင်ငယ်၊ မောင်ငယ်နေဒေးသစ်(ရေးပြီး)၊ မောင်ငယ်နွယ်ရိုး၊ မောင်ငယ်ဝေယံ၊ မောင်ငယ်ဖိုးဂျယ်(ရေးပြီး)၊ မောင်ငယ်မီးတောက်၊ မောင်ငယ်ဗညားရှိန်(ရေးပြီး)၊ မောင်ငယ်တွေ့ကရာရှစ်သောင်း(ရေးပြီး)၊ မောင်ငယ်ဖိုးသင်္ကြန်(ရေးပြီး)၊ မောင်ငယ်ဇာဏီ(ရေးပြီး))

မူပိုင် = နှင်းဆီနက်

Category : | Read More......

ကျွန်မကို ကျွန်မရဲ့မောင်ငယ်ဗညားကတဂ်လာပါတယ်။ သူတဂ်လာတဲ့ခေါင်းစဉ်ကိုကြည့်လိုက်တော့ ကျွန်မ မျက်လုံးအတော်ပြူးသွားတယ်။ အမလေး.. ဗညားရယ်ဒါကြီးကိုလာတဂ်ရလား လို့ စိတ်ထဲကညည်းမိပါ တယ်။ ဗညားကိုတွေ့တော့ကျွန်မက ဗညားရေ မရေးချင်ဘူး၊ မရေးရင်မရဘူးလား ပြောတော့ အမရယ် နဲနဲ စတိလောက်တော့ရေးပတဲ့ မရေးမချင်း ကျွန်မကို မကြီးလတ် ရေးဦးလေ အားသေးဘူးလား သူများတွေ ရေးပြီးကုန်ပြီနော် ဆိုပြီး ဂျီကျနေတာနဲ့ပဲ အရင်တုန်းကအတိတ်ကိုပြန်လည်တူးဆွပြီး ရေးလိုက်ပါတယ်။


ကျွန်မငယ်ငယ်ကတည်းက အိမ်မှာသမီးတစ်ယောက်တည်းမို့ မိဘနဲ့အကို၊မောင်တွေက မျက်စေ့အောက်က အပျောက်မခံပါဘူး။ အကိုနဲ့မောင်ကြားမွေးလာလို့လားမသိ ကျွန်မမိန်းကလေးပေမဲ့ စကားပြောတာ၊ တွေး တောတာကအစ မိန်းမမဆန်ခဲ့ဘူး။ အကိုတွေမောင်တွေနဲ့အပြိုင် အနိုင်ပိုင်းဆော့ခဲ့တယ်။ အကိုကလဲသူ့ညီမ ကိုတခြားလူတွေကရိတိတိစကားပြောရင် စိတ်တိုပြီးလက်ကပါလာပြီ ၊ မောင်ငယ်ကလဲသူ့အမကို အထိမခံ၊ အကြည့်မခံ.။ နောက်ပြီးကျွန်မကိုယ်တိုင်ကယောကျာ်းဆန်ပြီး ယောကျာ်းလေးလိုပြောဆိုနေထိုင်တော့ တော်ရုံလူအနားကပ်လို့မရ။


အထက်တန်းကျောင်းတုန်းကလည်း ကျောင်းသွားရင် အကိုနဲ့မဟုတ်ရင်မောင်နဲ့သွားရတော့ ကျွန်မကိုလိုက် တဲ့သူတွေက စောင့်ကြည့်သီချင်းစောင်းဆိုရုံပဲအခွင့်အရေးရပါတယ်။ ကျောင်းခန်းထဲမှာဆိုရင်တော့ စာအုပ် ငှားပြီးစာအုပ်ကြားမှာစာညှပ်ပေး၊ စာအုပ်ထဲရည်းစားစာရေးပေး၊ ရည်းစားစာရွက်တွေကိုစက္ကူစွန်လုပ်ပြီးပစ်၊ သီချင်းတွေလက်ရွေးစင်ကူးပေး၊ ပို့စ်ကတ်တွေလက်ဆောင်ပေး၊ လက်ကိုင်ပုဝါလှလှလေးတွေဝယ်ပေး၊ ဖောင်တိန်၊ ကလစ်၊ ရင်ထိုးလေးတွေလက်ဆောင်ပေး စတဲ့ပိုးကြေးပန်းကြေး နည်းအမျိုးမျိုးနဲ့ကြိုးစားကြ ပါတယ်။ ကျောင်း၊ ကျူရှင်၊ အပြင်သွားတာကအစ အကို(သို့)မောင်တစ်ယောက်ယောက်ကအမြဲပါခဲ့တာရော ကျွန်မကိုယ်တိုင်က အချစ်ရေးကိုစိတ်မ၀င်စားတာရောကြောင့် အထက်တန်းပြီးတဲ့အထိရည်းစားမထားဖူး ခဲ့ဘူး။


ပထမနှစ်စတက်ရတဲ့အချိန်မှာတော့ ကျွန်မကိုရင်ခုန်စေတဲ့သူနဲ့စတင်ဆုံဆည်းခဲ့ပါတယ်။ စကားပြောရင် ပွင့်ပွင့်လင်းလင်း အသံကျယ်ကျယ်ပြောတတ်တဲ့ကျွန်မ. သူများကျွန်မဆီလာပြီး စကားပြောရင် ပြောစရာ စကားတွေပျောက်ဆုံးခဲ့ကာ အသံတွေတုန်ပြီး လက်တွေပါတုန်တဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပါတယ်။ သူကတော့မသိပေမဲ့ ကျွန်မသူငယ်ချင်းတွေက ကျွန်မအဖြစ်ကိုရိပ်မိနေခဲ့ပါတယ်။


စာသင်ခန်းရှေ့ မှာ သူလာရပ်ကြည့်နေရင် ကျွန်မအာရုံတွေစာမှာမရှိတော့………


ကင်န်တင်းထိုင်လို့သူပါလိုက်စားတဲ့နေ့ဆို ကျွန်မစားတဲ့အရာက အရသာတွေဘယ်ပျောက်ကုန်လဲမသိ……..။


စကားပြောရင်မျက်နှာကြည့်ပြောမှအားရတဲ့ကျွန်မ သူ့မျက်နှာကြည့်ဖို့အားယူရတာပင်ပန်းလွန်းခဲ့တယ်……..။


သူ့အသံကြားရင် ကျွန်မရင်တွေခုန်နေခဲ့တယ်………


သူကူးပေးတဲ့စာတွေကျက်ရတာ ပိုမှတ်မိစေခဲ့တာ………


သူမိုးပေးတဲ့စာအုပ်လေးတအုပ်က ကျွန်မအတွက်အရိပ်ရစေခဲ့တာ…………..။


သူဖျော်ပေးတဲ့ကော်ဖီက ချိုမြိန်စေခဲ့တာ………….။


သူ့ဂရုစိုက်မှုအောက်မှာ နွေးထွေးတတ်ခဲ့တာ…………


သူ့အပြုံးမှာ ပျော်ဝင်နေခဲ့တာ…………..။


သူဘေးမှာရှိနေတဲ့အချိန်တွေမှာ ကျွန်မကျောက်ရုပ်တရုပ်လိုငြိမ်သက်သွားခဲ့တာ……..။


ဒါဟာ…….အချစ်လား……….အချစ်တဲ့လား………..အချစ်ကလူတစ်ယောက်ကို အကြီးအကျယ်ပြောင်းလဲသွားစေသလား……… ကိုယ်တွေ့မို့ကျွန်မယုံခဲ့ရပြီ……..။


ကျွန်မတို့ချစ်သူတွေဖြစ်သွားပြီးနောက်ပိုင်းအဖြစ်တွေကိုဆက်သိချင်ရင်တော့ ပို့စ်အဖြစ်တင်ထားဖူးတာကို ပြန်ညွှန်းရတော့မှာပဲ။ http://www.hninsinet.com/2009/03/blog-post_08.html


ကဲ ကျေနပ်ပါတော့ဗညားရေ..။


မူပိုင် = နှင်းဆီနက်

Category : | Read More......

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။