Showing posts with label ဘ၀အစိတ်အပိုင်း. Show all posts
Showing posts with label ဘ၀အစိတ်အပိုင်း. Show all posts

လမ်း

On 6:01 AM 14 comments

" ဒါဟာ လမ်းသစ်မှမဟုတ်ပဲ ငါ့သမီးဖြတ်ခဲ့ဖူးတာပဲ အခုလိုမိသားဖသားပီပီလာရောက်ကမ်းလှမ်းတာကိုပဲ အမေ့မှာ ၀မ်းသာလှပါပြီ အမေမျက်စိမမှိတ်ခင် သမီးကို စိတ်ချ ထားချင်တယ်ကွယ် "

ဒီလမ်းတွင် ဒီပန်းခူး၍ပေးကတည်းကဘာအပွင့်ပွင့်တော့မည်ဆိုတာကို မေသိပါတယ်။ ဒီလမ်းကိုစိမ်းသည်မှမဟုတ်တာ…..။ ဖြတ်ခဲ့ဖူးသောလမ်း…. မှန်ပါသည်….


စကားပန်းရနံ့တွေခင်းတုန်းကတော့ အသက်ရှုကောင်းခဲ့သည်။ တောင်ကုန်းတက်တော့လည်း လက်တွဲ ရမည့်သူပါတော့ မောရမှန်းမသိ။ တောဆိုတော့ စေးပျစ်၊ ဆူးချုံ၊ ပန်းရုံနွယ်ပင်အစုံပဲပေါ့။ ဆူးခြစ်မိ၍ ခြေသလုံးမှာ သွေးစစီးဆင်းလာတော့ မောင်ကဂွမ်းလေးနဲ့တို့ပေးခဲ့တယ်။ တောလမ်းပေမဲ့ စိန်ပန်းပွင့် ကြွေတို့ ခင်းသောလမ်းလေးလျှောက်ခဲ့ရသည်ကိုပျော်ပါသည်။ စံပယ်ရိုင်းတို့ပေါသောတောင်ကုန်းလေးအနားတွင်မှ ချစ်သောမောင်ကမေ့ကိုထားရစ်သည။ ထားရက်လေခြင်းလို့ဘယ်လိုဆိုရက်ပါ့…. အနိစ္စနွယ်ရှင်က မောင့်ကို ဆွဲငင်ရစ်ပတ်ခေါ်ယူသွားခဲ့ပြီ။ တောကြီးမှောင်မှောင်တော့မဟုတ်…. နေရောင်ပျပျမှာ မရှင်းလင်း…. ဒီတော့ လမ်းကိုမောင်မပါပဲ မေဆက်လျှောက်ခဲ့ရသည်။


ကိုကိုကြီးက သဘောင်္သားမို့ချမ်းသာသည်။ မေနှင့်အသက်အတော်ကွာလှသည်။ မေ့ကိုမုဆိုးမမို့ သနားစိတ်နှင့် များ ကြည့်သလား မေလှလို့လားတော့မသိ။ ကိုကိုကြီးကမေ့ကိုတွေ့ပြီးနောက်ပိုင်းမရိုးမသားနှင့်ချဉ်းကပ်လာသည်။ မေ၏အနေအထိုင်တည်ကြည်မှုကြောင့် ကိုကိုကြီးသည်အမေ့ဆီတရားဝင်လက်ထပ်ခွင့်တောင်းကမ်းလှမ်းလာပါသည်။

မေ့ရင်ထဲမှာတော့ ခေါင်မိုးမှမိုးယိုလို့ နောက်အိမ်ထောင်ပြုရသည်ကိုတော့ မောင်နားလည်ပေးပါ့မလား…. ခေါင်မိုးကြီးကိုပဲတရားခံရှာလေသလား၊ ဖြစ်နိုင်လျှင်မေကိုယ်တိုင်ပဲတက်၍ ဓနိနှင့်ဖာထေးလိုက်ချင်ပါသည်။ နောက်ဖေးရေစင်ကိုလည်း လက်သမားခေါ်ပြင်လိုက်လျှင်ဘယ်လောက်ကျမှာမှတ်လို့…..။


မေတို့မင်္ဂလာပွဲလေးစည်ကားလှပါသည်။ ကိုကိုကြီးဘက်မှအသိုင်းအ၀ိုင်းများကြားမေအသက်ရှုမ၀ခဲ့ပါ။ အမေ့ အပြုံးမှာမေနေတတ်ချင်ယောင်ဆောင်ခဲ့ရသည်။ ဒီတစ်ခါတော့ ယောက်ျားရကံကောင်းတယ် ချီးကျူးသံ တွေကြားမှာမေအံ့တင်းထားခဲ့ရသည်။ ဒီလမ်းကိုမျက်စိမှိတ်၍ ဇွတ်အတင်းလျှောက်ရပေဦးမည်။ မျက်စိ မှိတ်မှ မမှိတ်လျှင် မောင့်မျက်နှာသည် မေ့မျက်လုံးတွင် ဆီးကာနေ၍ ဒီလမ်းကိုလျှောက်ဖြစ်မည် မဟုတ်။


မေ့ဘက်မှအားနည်းချက်တွေများတော့ မေအတတ်နိုင်ဆုံးကိုကိုကြီးကိုလိုက်လျောသည်။ မပြည့်မစုံမုဆိုးမမေ့ကို တယုတယကောက်ကာတန်ဖိုးထားခဲ့သူမို့ကိုကိုကြီးမျက်နှာမငြိုစေရ။

အိမ်ထောင်သက်လေးရလာတော့ ကိုကိုကြီးခြေလှမ်းတွေတဖြည်းဖြည်းပျက်လာသည်။ အစတော့အိမ်ပြန်နောက်ကျသည်။ နောက်တော့အိမ်ပြန်မအိပ်တဲ့ညတွေများလာသည်။ ကိုကိုကြီးဆီမှအ ကြောင်း ပြချက်တွေ မေမကြားချင်ပေမဲ့ နားထောင်ပေးခဲ့သည်။ မေတစ်ယောက်တည်း ညတွေဖြတ်သန်းခဲ့ရသည်။ မိန်းမသားတစ်ယောက်တည်းမို့ ညပြန်လာအိပ်ပေးဖို့ တောင်းဆိုချင်ပေမဲ့ မေ့မှာပြောမထွက်ခဲ့။


" မေတို့ကလေးယူကြပါလား၊ ကလေးရှိမှအိမ်ထောင်ရေးသာယာတာ " မေ့ကိုအကြံပေးကြသည် မေ့ကိုဘာကြောင့်ဒီလိုအကြံတွေပေးသည်ကိုမေနားလည်ပါသည်။ မေဘယ်လိုကြိုးစားပေမဲ့ မေ့ဆီဒီပျော်ရွှင်စရာ ရင်သွေးလေးရောက်မလာခဲ့။ ဒါကြောင့် ကိုကိုကြီးအိမ်ပြန်မလာလဲ မေမပြောရက်၊ လိုက်မခေါ်နိုင်ရက်ခဲ့……။


ချုံပိတ်ပေါင်းလည်းမထူ နေလည်းမပူပါပဲ မောလိုက်တာ….. ပန်းအတိခင်းထားသော်လည်း လေညင်းသာသာ နေရောင် ဖျဖျတွင်မှ ရေငတ်ပါဘိခြင်း။ ဆင်းတောင့်ဆင်းရဲ နှစ်ယောက် ခြိုးခြိုးခြုံခြုံနဲ့ လျှောက်လာခဲ့ရတဲ့ လမ်းလေးက ပင်ပန်းပေမဲ့မနွမ်းခဲ့ဘူး။ ဒီလမ်းကိုပဲနောက် တစ်ကြိမ်ပြန်လျှောက်ရချိန်မှာ ချုံတွေရှင်းလို့ လမ်းကဖြူး နေပေမဲ့ မောင့်ရင်ထဲက လေးစင်တိုင်နဲ့ ထိုးထားတဲ့ရေအိုးစင်ကမရှိဘူးမောင်ရယ်။ မောင်တည်ထားတဲ့သဲအိုးလေးဟာ စပါးပင်ပေါက်လေးတွေအလယ်မှာတည်ထားတော့ ဒီရေချမ်းစင်မှာ မောမောရှိတိုင်းခပ်သောက်လိုက်ရတာ အမောပြေပါဘိ။ အခုဒီလမ်းမှာရေအိုးစင်မရှိတော့ဘူးလား……။


အခုတော့ဖောင်စီးရင်းရေငတ်နေခဲ့ရတာ။ မေ့ဘက်မှဝတ္တရားမပျက်အောင်မေကြိုးစားခဲ့ပါလျက် သူဝတ္တရားပျက်လွန်းသည်။ မေ့ကိုငွေရှာပေးနိုင်လျှင်ပြီးပြီဟု သဘောထားသည်။ မေလိုချင်တာငွေမဟုတ်တာ ကိုကိုကြီးမသိဘူးလား မေတစ်ယောက်တည်းဖြတ်သန်းခဲ့ရတဲ့နေ့တွေမှာ မေဘာလုပ်နေသလဲ ကိုကိုကြီး စိတ်မ၀င်စားခဲ့။ မေမဟုတ်တဲ့ မိန်းကလေးတွေကြားမှာ ပျော်မွေ့နေခဲ့သည်။ ကလေးယူဖို့ မတိုက်တွန်းသလို မေ့ကိုလဲ အပြစ်မရှာခဲ့။ တစ်ယောက်အပြစ် ကိုတစ်ယောက်ဖွင့်ပြောလိုက်ရသည်မှ ကောင်းဦးမည်။ အခုတော့ ကိုကိုကြီး မပြောသလို မေလဲမပြောခဲ့ရ။


တစ်ယောက်တည်း ကြိတ်ငိုခဲ့ရတဲ့ ရက်တွေများလာတော့ မေနောက်ထပ်မငိုချင်တော့…. မငိုချင်ဘူး….. ငိုလို့ ဘယ်သူကသနားမှာလဲ….မေလျှောက်ခဲ့တဲ့လမ်းပဲ….အိမ်မိုးယိုတာတွေ ရေစင်ပြင် ဖို့တွေနှင့် မလုံလောက်သော လစာကို တရားခံရှာ လိုက်မိတဲ့မေ့ကို လောကကြီးကဒဏ်ခတ်လိုက်တယ်ထင်ပါရဲ့ ။ တမလွန်ကမောင်ကကောမေ့ကိုခွင့်လွှတ်နိုင်ပါ့မလား…..

ဒီလမ်းကိုဖြတ်ခဲ့ဖူးပါသည်…..။


ဆရာမကြီးခင်နှင်းယု၏စာသားများကိုကြိုက်လွန်း၍ ကူးယူဖော်ပြထားသည်များရှိပါသည်။ ဘလော့ သူငယ်ချင်း များ ကို ဇူလိုင်၁၉တွင်ကျရောက်မည့်နှင်းဆီနက်၏မွေးနေ့ အမှတ်တရ အဖြစ်ဒီပို့စ်လေးနဲ့ ကျေနပ်နိုင် ပါစေ လို့ .........


နှင်းဆီနက်

ကျောင်းသားဘ၀လို့ဆိုလိုက်တာနဲ့ကျွန်မတို့မကင်းနိုင်ကြာတာကတော့ ကျောင်းကားပါပဲ။ တက္ကသိုလ်ကျောင်းတွေက အသစ်တွေတိုးချဲ့ဆောက် လာတာနဲ့အမျှ ကျွန်မတို့လဲကျောင်းသွားရတာ တဖြည်းဖြည်းနဲ့ ဝေးဝေးသွားတော့ ကျောင်းကားကိုအမှီပြေးကြရပါတယ်။ ကျောင်းကားကိုမမှီလို့ လိုင်းကားနဲ့သွားရတဲ့အခါကျတော့ ကားကြပ် တဲ့ဒုက္ခ၊ မှတ်တိုင်တိုင်းမှာလူအကြာကြီးတင်ခေါ်တဲ့ဒုက္ခ၊ လူနံ့၊ချွေးနံ့တွေများစွာနဲ့ အသက်ရှုမ၀တဲ့ဒုက္ခ၊ ယောကျာ်း ရင့်မကြီးတွေရဲ့ထိုင်ခုံလုထိုင်မှုဒုက္ခ၊ လူမဆန်တဲ့လူတွေရဲ့နှမချင်းမစာနာတဲ့ဒုက္ခ..... စတဲ့ ဒုက္ခပေါင်းစုံကို ခံစားရပါတယ်။

ကျောင်းကားနဲ့တောင်မှ ၄၅မိနစ်ကျော်ကျော်စီးရတဲ့ခရီးကို လိုင်းကားနဲ့ဆို ကျွန်မတို့၁နာရီခွဲနီးပါးအချိန်ပေးရပါ တယ်။ ကျောင်းတက်ရတာနဲ့ စာမေးပွဲဖြေရတဲ့ရက်ကတစ်လမပြည့်လို့သာပဲ၊ တစ်နှစ်လောက်များတက်ရရင် ကျွန်မကျောင်းတက်ရတာထက် ကျောင်းကားစီးရတဲ့ဒုက္ခကြောင့်ဘွဲ့တောင်ရပါ့မလားမသိ။

ကျွန်မတို့ပထမနှစ်ကိုတက်ရတဲ့အချိန်တုန်းက ဗိုလ်တထောင်ကောလိပ်မှာစတက်ခဲ့ရတာပါ။ အိမ်နဲ့ကလည်း နီးတော့ ဖရက်ရှာလဲဖြစ်၊ အသစ်အဆန်းလဲဖြစ်နေတော့ ကျောင်းတက်ရတာကို ပျော်လိုက်တာ….။ ကျောင်းတက်ရတဲ့ တစ်လဆိုတဲ့အချိန်လေးကနည်းနေသေးလို့ ကျောင်းပိတ်သွားပြီးနောက်ပိုင်းမှာလဲ ကျွန်မတို့ သူငယ်ချင်းတွေတစ်ယောက်ချင်းစီရဲ့အိမ်လိုက်လည်ကြ၊ ရုပ်ရှင်ရုံတွေမှာမှောင်ခိုသမားတွေနဲ့ရန်ဖြစ်ပြီးကြည့် လိုက်၊ ကစားကွင်းတွေလျှောက်သွားလိုက်နဲ့ အပြင်မှာတွေ့ဖို့အုပ်စုလိုက်ချိန်းလိုက်ကြတာ ကျောင်းပြန်ဖွင့်လို့ နောက်တစ်နှစ်ရောက်တဲ့ အထိပါပဲ။

ဒုတိယနှစ်ကိုရောက်တော့ ကျွန်မတို့ကျောင်းကို တာဝ(ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ်)မှာသွားတက်ရပါတယ်။ တာဝ(ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် )ဆိုတာနာမည်တောင်မကြားဖူးတော့ နာမည်ကြားတာနဲ့ တင်ဘယ်လိုကြီး လဲပေါ့။ ဒါနဲ့ပဲစုံစမ်းကြည့်လိုက်တော့ ကျောင်းကတော်တော်ဝေးတယ်တဲ့ ခရမ်း၊ သုံးခွဘက်ကိုသွားတဲ့လမ်းမှာ ဆောက်ထားတာ ကျောင်းကြီးကအကြီးကြီးပဲ၊ အဆောင်တွေကလဲအများကြီး၊ သစ်ပင်တွေကအခုမှစိုက်တုန်း နေကတော့ပူတာဘာပူသလဲမမေးနဲ့အရိပ်မရှိတော့ပိုဆိုးတယ်တဲ့။ တွေ့ကြပြီပေါ့တာဝရယ်.....။

ကျွန်မတို့ကျောင်းစတက်တဲ့နေ့မှာ အိမ်ကအကိုဖြစ်သူက စိတ်မချလို့ကားနဲ့လိုက်ပို့ပါတယ်။ ကျွန်မလဲဘေး ပတ်ဝန်းကျင်ကိုကြည့်ရင်းလိုက်ပါလာတာ သန်လျင်တံတားကျော်လာတော့ ရောက်ပြီထင်ပြီး ခဏ ခဏ မေး လွန်းလို့ အကိုဖြစ်သူကကျွန်မကို နင့်ကျောင်းကရောက်ဖို့လိုသေး တယ် ငြိမ်ငြိမ်လေးနေပါ ကားမောင်းရတာ အာရုံများတယ် ဆိုပြီးကျွန်မကိုစိတ်မရှည်စွာနဲ့ပြန်ဖြေပါတယ်။ ဟော….ဟိုးမှာတွေ့လား အဆောက်အဦးတွေ အဲ့ဒါနင့်တို့တက်ရမယ့်ကျောင်းပဲ လို့အကိုကပြတော့ကျွန်မတို့လှမ်းကြည့်ကြတာ အလုအယက်ပါပဲ။

အကိုပြတဲ့နေရာကနေဆက်ပြီး မောင်းလာလိုက်တာ မိနစ်အနဲငယ်ကြာတော့ ကျောင်းကိုရောက်ခဲ့ပါတယ်။ ကားထဲကအောက်ကိုဆင်းတော့ ကျွန်မတို့ခါးတွေ၊ ခြေထောက်တွေဆိုတာ ညောင်းချိနေတာနဲ့ ခြေထောက် ကျင်နေတဲ့သူနဲ့ ခြေခါတဲ့သူကခါ၊ တကျွတ်ကျွတ်နဲ့စုတ်သပ်တဲ့သူကသပ်၊ ခါးကိုဘယ်/ညာလှည့်သူကလှည့် နဲ့ တာဝဆိုတဲ့အရသာကိုကျွန်မတို့စတင်ခံစားရပါတယ်။

ကျွန်မတို့အုပ်စုက မြို့နယ်မတူ၊ တစ်ယောက်တစ်နေရာစီပြန်ရပေမဲ့ ကျောင်းကားကိုတော့ တစ်စီးထဲကိုပဲစီးကြ ပါတယ်။ ကျောင်းမှာတစ်နေ့လုံး စကားတွေဖောင်ဖွဲ့ပြီးတင်အားမရသေး ကျောင်းကားပေါ်မှာရော၊ ကျောင်းကား ဂိတ်ဆုံးလို့ လမ်းခွဲနှုတ်ဆက်ကြတာတောင်မှ စကားကမပြတ်လို့ အိမ်လိုက်အိပ်ကြ၊ အိမ်ခေါ်အိပ်ကြနဲ့ မခွဲနိုင် မခွာရက်ချစ်ကြတာ။ မိဘတွေကလဲအိမ်မှာ လူတွေတရုံးရုံးနဲ့ကိုမျက်စိနောက်တယ်မထင်ခဲ့ပါ၊ တညလုံးမအိပ်ပဲ စကားတွေပြောကြ၊ သီချင်းတွေနားထောင်ကြ၊ ကာရာအိုကေအသံပြိုင်ဆိုကြ၊ အပျော်တမ်းဖဲကစားကြနဲ့ ကျွန်မတို့ဒုက္ခကိုလဲ မိဘတွေခံစားခဲ့ရပါတယ်။ တက္ကသိုလ်ကျောင်းသားရဲ့လွတ်လပ်ပျော်ရွှင်တဲ့ဘ၀ကို မိဘတွေကနားလည်ပေးခဲ့ကြပါတယ်။

ဆက်ရန်-

နှင်းဆီနက်

ထာဝရပါအမေလို့ခေါင်းစဉ်တပ်ထားပေမဲ့ ကျွန်မအတွက်အမေရော အဖေပါထာဝရကျေးဇူးရှင်မိဘနှစ်ပါးပါ။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို အမေများနေ့ကမေလ(၁၀)ရက်နေ့လဲဖြစ်ပြန်၊ ကျွန်မစိတ်မှာကလဲ အမေနဲ့ ပက်သက်ပြီးရေးချင်တဲ့စိတ်က တားမရဆီးမရဖြစ်လာတော့ အမေ့အကြောင်းလေးကို ဦးစားပေးရေးဖြစ်သွား တာပါ။

မွေးဖွားခြင်းအစ

ကျွန်မကို လောကကြီးကစတင်ကြိုဆိုတဲ့နေ့မှာ အမေဟာထူးထူးခြားခြားဗိုက်မနာပဲ ခြေထောက်တွေကိုက်လို့ နေပါသတဲ့။ ၀ါဆိုလပြည့်နေ့ဖြစ်တဲ့အတွက် အမေတစ်ယောက်တည်း မနက်စောစောစီးစီး ၀ါဆိုဆွမ်းကပ်ဖို့ အတွက် ချက်ပြုတ်တော့ ခြေထောက်တွေက မခံမရပ်နိုင်အောင်ကိုက်နေပါတယ်။ ဆွမ်းကျက်လို့ဆွမ်းကပ်ပြီး ဘုရားကန်တော့လို့ပြီးနောက်မှာ အမေနဲ့အဖေဟာအသင့်ပြင်ထားတဲ့ခြင်းလေးကိုဆွဲပြီး ဆေးရုံကိုတန်းပြေး တော့တာပါပဲ။ ဆေးရုံရောက်ပြီး မွေးဖွားခန်းထဲရောက်တဲ့အချိန်အထိကို ခြေထောက်တွေကကိုက်နေခဲ့တာပါ တဲ့။ ထူးဆန်းတယ်နော် တစ်ချို့ မိခင်တွေဆိုဗိုက်နာပြီးမွေးတာ ကျွန်မကမွေးခါနီးလေခြေထောက်တွေက ပိုကိုက်လေဆိုတော့လေ။

အဲ့ဒါကြောင့်မို့လားမသိ ကျွန်မမှာလေးဘက်နာရောဂါတော့မရှိဘူး ခြေထောက်ကိုက်တာတော့ တခါတလေ ဖြစ်တတ်ပါတယ်။ အမေဘယ်လိုခံစားခဲ့ရတယ်တော့မသိဘူး ကျွန်မတော့ခြေထောက်ကိုက်ပြီဟေ့ဆိုတာနဲ့ အော်နေရတော့တာပါပဲ။ ကျွန်မကိုမွေးဖွားချိန်က နေ့လည်၁နာရီမှဆိုတော့ အမေအတော်ပင်ပန်းနွမ်းနယ် နေပြီ။ သို့ပေမဲ့ နီတာရဲရဲ၊ အာခေါင်ပြဲပြဲ ၊တအဲအဲအော်ငိုနေတဲ့ကျွန်မမျက်နှာကိုမြင်လိုက်ရတဲ့အခါမှာတော့ အမေရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ၊ ဆာလောင်မှုတွေ၊ နာကျင်မှုတွေဟာ သမီးတယောက်ခြေလက်အင်္ဂါအစုံ အလင်နဲ့ လောကကြီးကိုဝင်ရောက်လာမှုဆိုတဲ့ ကြည်နှုးမှုနဲ့အတူလွင့်စင်ကွယ်ပျောက်ကုန်ပါတယ်။

ကျွန်မကိုမိခင်နို့စတင်တိုက်ကျွေးတဲ့အချိန်မှာ အမေတစ်ယောက်တော်တော်ဒုက္ခရောက်ခဲ့ပါတယ်။ မိခင်နို့ကို သောက်သုံးရမယ်မှန်းမသိတဲ့ကျွန်မ အမေကနို့တိုက်တဲ့အခါမှာ ခေါင်းတလည်လည်နဲ့ အော်ငိုနေခဲ့တာမို့ အမေရော၊ အဖေပါဘာဆက်လုပ်ရမယ်မှန်းမသိပဲ အခက်တွေ့ခဲ့ရပါတယ်။ အမေကလဲနို့တိုက်မရတော့ င့ါသမီးလေး နို့စို့အောင်ဘယ်လိုလုပ်ရမလဲ နို့တိုက်လို့မှမရရင် အသက်ဆက်ရှင်မှာမဟုတ်ပါဘူးဆိုပြီး ငိုလေ တော့ အဖေကလဲအမေ့ကိုနှစ်သိမ့်ပေးရင်းက မကြံတတ်အောင်ဖြစ်နေပါတယ်။ အမေနဲ့အဖေအဖြစ်ကို ဘေးကုတင်ကနေမြင်နေရတဲ့အဖွားတစ်ယောက်က မနေနိုင်လို့ဝင်ပြီးကူညီပေးတော့မှပဲ အဆင်ပြေသွားပါ တယ်တဲ့။

နို့စတိုက်ချိန်တုန်းကဒုက္ခရောက်ခဲ့သလို နို့တိုက်ရင်လဲအမေ့မှာဇက်တွေလဲညောင်း၊ ခါးကြောတွေတောင့်တဲ့ အထိတိုက်ခဲ့ရပါတယ်။ ပါးစပ်ကနဲနဲလေးလွတ်သွားတာနဲ့အော်တတ်ငိုတတ်လွန်းလို့ အမေ့မှာနာရီများစွာကို ကျွန်မအတွက်အချိန်ပေးခဲ့ရပါတယ်။ ငိုပြီးရင်မတိတ်တော့ပဲ တက်မတတ်ငိုလွန်း ငိုကြောရှည်လွန်းလို့ ဘေးက အိမ်တွေကဆို အမေတို့ကဖြင့်နာမည်မမှည့်ရသေးဘူး သူတို့တွေက ကျွန်မကို ဆွဲလည်းလေး၊ ခေါင်းလောင်း လေးလို့ ကင်ပွန်းတပ်ပြီးနေပြီလို့ ရယ်စရာအဖြစ်ပြန်ပြောပြပါတယ်။

ကျွန်မရဲ့ချက်ကြိုးဖြတ်တဲ့နေရာက ရေချိုးပေးပြီးတော့ရေစက်လေးကသွေးစလိုဖြစ်နေတာကို ကျွန်မချက်က အနာမကျက်သေးဘူးသွေးပြန်ထွက်လာတယ်ထင်ပြီး ကျွန်မကိုပွေ့ချီပြီး အဖေ့ရုံးကိုပြေးပြောတော့ အဖေက လဲစိတ်ပူပြီးကျွန်မကိုအမေ့လက်ထဲမှပြောင်းပွေ့ကာ ဆေးရုံကိုပြေးပြကြတာ ဆေးရုံရောက်လို့ဆရာဝန်က သေချာစမ်းသပ်ပြီး ရှင်းပြတော့မှပဲ အဖေနဲ့အမေတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရှက်ရယ်ရယ်ခဲ့ ကြပါတယ်။ ကျွန်မအပေါ်ထားတဲ့မိဘမေတ္တာများကြီးမားလွန်းလှပါတယ်...။

လမ်းလျှောက်တတ်ခါစအချိန်မှာဆိုလည်း အမေတစ်ယောက်ကျွန်မအတွက် လမ်းလျှောက်ရလွယ်ကူစေရန် ၀ါးလုံးတန်းလေးများရိုက်ပေးခဲ့ပါတယ်။ မြေကြီးကိုကျင်းတူးထားပြီးတော့ ကျင်းထဲမှာကျွန်မကို ခြေထောက် သန်မာစေရန်အတွက် ထည့်ထားပေးခဲ့ပါတယ်။ ချုပ်နှောင်ထားတာကိုငယ်ငယ်ကတည်းက မကြိုက်တဲ့ ကျွန်မက ဖြတ်သွားတဲ့လူတွေကိုလက်ခုပ်တီးခေါ်ပြီး တအဲအဲနဲ့ကျွန်မကိုကျင်းထဲကထုတ်ပေးဖို့ သနားစရာ ပုံစံနဲ့လုပ်ပြတာကိုလဲ အမေကကျွန်မကိုတမ်းတမ်းတတပြန်ပြောပြတတ်ပါတယ်။ စိတ်ကြီးတာနဲ့ ခေါင်းမာတာ ကတော့ငါနဲ့တစ်ပုံစံတည်းပဲ ငါ့ထက်တောင်စိတ်ကထက်သေး ဒါကြောင့် အမြင်ကတ်တယ် ဟုကျွန်မကို အမေ နဲ့တူလို့ပဲ စိတ်မရှည်သလို၊ မချစ်တော့သလိုမျိုးလဲပြောတတ်ပါသေးတယ်။

အမေနဲ့အဖေစကားများကြရင်လည်းကျွန်မကအဖေ့ဘက်ကပဲပါလေ့ရှိပါတယ်။ အဖေကကျွန်မကိုအခုချိန်ထိ ဆူလည်းမဆူဖူး၊ ရိုက်လည်းမရိုက်ဖူးပါဘူး။ ငယ်ငယ်ကတည်းက အပြစ်လုပ်မိပြီဆိုရင်တော့ အမေ့လက်သံကို ရင်းနှီးထားပြီးသားလေ လက်နဲ့အခေါက်ခံရရင်ခံရ၊ မခံရရင်တော့ ကြိမ်လုံးကိုရေစိမ်ပြီးမှရိုက်တတ်တာ...။ ကျွန်မတို့မောင်နှမတွေကအမေရိုက်ခံရပြီးတာနဲ့ အဲ့ဒီကြိမ်လုံးကိုဖျောက်ပစ်တတ်လွန်းလို့ အမေ့မှာလဲကြိမ်လုံး ၀ယ်ရပေါင်းလည်းမနဲပါဘူး။

တခါအကိုဖြစ်သူကိုရိုက်မယ်လုပ်တော့ ကြိမ်လုံးကလဲရှာမရတော့ သစ်ကိုင်းကိုချိုးပြီးရိုက်တာ သစ်ကိုင်းကလဲ ခြောက်နေတော့ ရိုက်ဖို့လွှဲလိုက်တာနဲ့ကျိုးတာကို ရိုက်ခံရမှာစိုးလို့စာကျက်ချင်ယောင်ဆောင်နေတဲ့ကျွန်မ၂ခါ ၃ခါလဲကျရော မနေနိုင်တော့ပဲရယ်မိတာကြောင့် အမေ့မျက်စောင်းကကျွန်မဘက်ကိုလှည့်လာပါရော။ အမေကကျွန်မကိုရိုက်ရင်တော့တခါတခါအမြင်ကတ်ကတ်နဲ့ပိုရိုက်မိတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မကိုရိုက်ရင်ကျွန်မကအဖေ့အသည်းဆိုတော့ အဖေပြန်လာတိုင်းအရှိုးရာတွေကိုပြပြီးတိုင်တတ်လို့ပါပဲ။ ကျွန်မတိုင်ပြီးတိုင်းအဖေနဲ့အမေစကားအကြီးအကျယ်များတတ်ကြပါတယ်။

ကျွန်မကျောင်းပိတ်တဲ့အခါနဲ့ကြုံရင်တော့ အဖေကအမေ့ကိုစိတ်ဆိုးဆိုးနဲ့ ကျွန်မကိုရုံးခေါ်ခေါ်သွားတတ်ပါ တယ်။ ရုံးဆင်းတော့လဲသားအဖနှစ်ယောက်အိမ်ကိုတန်းမပြန်ကြသေးပါဘူး အဖေကကျွန်မကိုစတိုးဆိုင်ဝင်ပြီး လိုချင်တာဝယ်ပေး၊ ဆီချက်ခေါက်ဆွဲကြိုက်တဲ့အတွက် ရန်ရှင်းဆိုင်ကဆီချက်ခေါက်ဆွဲဝယ်ကျွေးပြီးမှ အိမ်ကို ပြန်ကြတာ။ အိမ်ကိုပြန်ရောက်တော့ ကျွန်မကိုသတိရနေတဲ့အမေက မသိချင်ယောင်ဆောင်ပြီး ဘာတွေဝယ် လာလဲ၊ ဘာတွေစားခဲ့လဲမေးရင်တော့ ကျွန်မကရိုက်ခံထားတာတွေမေ့ပြီး အဖေ၀ယ်ပေးသမျှကို တခုပြီးတခု အမေ့ကိုထုတ်ပြပြီးကြွားတောအမေ့ကိုသတိမရဘူးလားဟင် ဆိုတဲ့အမေးကို သတိရတာပေါ့ အမေ့ကိုလဲ ဆီချက်ကျွေးချင်တာ သမီးအများကြီးစားခဲ့တယ် ဒီမှာကြည့် ဆိုပြီးဗိုက်ကိုပုတ်ပြပြီးဖြေလိုက်တဲ့အခါမှာ အမေ့ မျက်လုံးအိမ်ကမျက်ရည်တွေဝိုင်းသွားခဲ့တာကို အခုမှသမီးနားလည်ခဲ့ပါတယ်။

အမေ့အကြောင်းရေးရတဲ့အခိုက်မှာ ကျွန်မရင်ထဲမှာ ပျော်ရွှင်ခြင်း၊ ကြည်နှုးခြင်း၊ ၀မ်းနည်းခြင်း စတဲ့ခံစားချက် မျိုးစုံဖြစ်တည်ခဲ့ပါတယ်အမေ။ အမေသာဒီစာလေးကိုဖတ်ဖြစ်ခဲ့မယ်ဆိုရင် သမီးကိုကြည့်ပြီး ဘယ်လိုခံစား ချက်နဲ့ပြောမယ်ဆိုတာသိချင်လိုက်တာ။ တခါတလေ စကားတစ်ခွန်းမှမပြောပဲ စိတ်ထဲကအလိုလိုသိနေမိတာ မျက်ဝန်းချင်းစကားပြောတယ်လို့ပြောကြပါတယ်။ စိတ်ချင်းဆက်သွယ်၊သိနားလည်တယ်ပေါ့။ ကျွန်မဆီက စကားသံမကြားရပဲ အမေနားလည်ခဲ့မယ်ဆိုတာကိုလည်း သမီးသိခဲ့ပါတယ် ။ အမေ့ဆီကစကားသံမကြား ရပေမဲ့ အမေပြောမဲ့စကားကိုသမီးနားလည်နေတယ်ဆိုတာ အမေသိမှာပါ..။ အမေသိနေခဲ့မှာပါ…….။

မူပိုင် = နှင်းဆီနက်

ကျွန်မဘ၀မှာပထမဆုံးနာကျင်ခဲ့ဖူးပါတယ်။ ကျွန်မကိုတစ်ခါမှ ဆူဖို့မပြောနှင့်တုတ်နဲ့တောင်မရိုက်ဖူးတဲ့အဖေက ကျွန်မကိုမချစ်တော့ဘူးလို့ပြောခဲ့ပြီး အတွင်းတံခါးဂျက်ချထားကာအိမ်အပြင်မှာထားခဲ့တုန်းက တယောက်တည်း ကြောက်စိတ်တွေနဲ့ငိုနေခဲ့မိပါတယ်။ ဖခင်ဖြစ်သူထံမှမချစ်တော့ဘူးလို့ပြောတာ ပထမဆုံးကြားခဲ့ရခြင်းဖြစ်ပြီး ၀မ်းနည်းကြေကွဲသဖြင့် အိမ်အပြင်အမှောင်ထဲမှာ မျက်ရည်များနဲ့ကျွန်မဆုံးရှုံးမှုတစ်ခုကိုခံစားရပြီးနောက် တံခါးကို အဆက်မပြတ်ထုလျက် စိတ်ဆိုးနေတဲ့ဖခင်ကို ကတိတွေအထပ်ထပ်ပေးကာ ပွင့်လာမဲ့တံခါးနဲ့အတူ ချစ်ရတဲ့ဖခင်ကို တောင်းပန်နေခဲ့မိတယ်။ လုပ်မိတဲ့အပြစ်တစ်ခုအတွက်ဖခင်၏စကားနှင့်လုပ်ရပ်ဟာ ကျွန်မကို နှုတ်ဖြင့်ဆူတာ၊ တုတ်ဖြင့်ရိုက်တာထက်အဆတစ်ရာပိုနာကျင်ခဲ့ရပါတယ်။

ပထမဆုံးအကြိမ်ဆုံးရှုံးခဲ့ရတာကတော့ ကျွန်မအရမ်းချစ်ရတဲ့အဖွားဖြစ်သူက ကျွန်မတို့ကိုခွဲခွာသွားခဲ့တုန်းက ဖြစ်ပါတယ်။ အဖွားရှေ့ ရောက်ပြီး အဖွားဖြစ်သူ၏မျက်နှာကိုစေ့စေ့ငှငှကြည့်ကာ -

လက်ကလေးကိုကိုင်ကြည့်လိုက်တော့ ကျွန်မလက်ကိုပြန်ဆုပ်ကိုင်တယ်.

ရင်ဘတ်ပေါ်ကိုလက်တင်ထားကြည့်တယ် နှလုံးခုန်နေတယ်……

နှာခေါင်းနားမှာလက်ချောင်းလေးကိုကပ်ကြည့်တယ် လေတိုးသွားတယ်..

ခြေချောင်းလေးတွေကိုဆုပ်နယ်ကြည့်တယ် နွေးနေတယ်..

မယုံကြည်နိုင်ခြင်းများစွာဖြင့်စိတ်အထင်နဲ့အမျိုးမျိုးစမ်းသပ်နေတဲ့ကျွန်မ.

အသက်မရှိတော့ပြီဖြစ်သော အဖွားဖြစ်သူ၏မျက်နှာကိုသာမလွတ်တမ်းငေးကြည့်နေမိတယ်။

အဖွားမရှိတော့ဘူး အဖွားရေသမီးတို့ကိုထားခဲ့ပြီလား...... လို့ပြောပြီးငိုချလိုက်တဲ့ညီမ၀မ်းကွဲလေးကို ကျွန်မ စိတ်တိုစွာနဲ့လှမ်းကြည့်မိတယ်။

ငိုချလိုက်လေ တင်းမထားနဲ့သမီးအဖွားကမရှိတော့ဘူး သမီးစိတ်ကိုလျှော့ပြီးငိုချလိုက်တင်းမထားနဲ့ငိုချလိုက် အဒေါ်ဖြစ်သူကအနားကပ်လာပြီး အားပေးစကားသံနဲ့ကျွန်မပုခုံးကိုလာဖက်ကာ ချော့မော့ပြီးပြောလာပါတယ်။ သိပ်မကြာသောအချိန်လေးအတွင်းမှာ ဆရာဝန်ရောက်လာပြီးသေဆုံးချိန်ကို သတ်မှတ်၊ သေစာရင်းအတွက် ထောက်ခံချက်ရေးပေးပြီးနောက်တွင် ကျွန်မလည်းမျှော်လင့်မိနေသော စိတ်ကိုလျှော့ချလိုက်မိချိန်မှာတော့ မျှော်လင့်ချက်ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ နာကျင်ကြေကွဲခြင်းများစွာနှင့် အဖွားရေ ဟုတီးတိုးရေရွတ်လိုက်မိကာ နေရာတွင်လဲကျသွားပါတော့တယ်..

မူပိုင် = နှင်းဆီနက်



ကျွန်မထိုကောင်လေးကို သတိထားမိနေတာ ၃၊၄ကြိမ်မကတော့။ ကော်ဖီဆိုင်တွင် ကျွန်မတို့သူငယ်ချင်းတစ် သိုက် စာမေးပွဲနားနီးနေပြီဖြစ်သောကြောင့် ကျောင်းပြေးသောသူများကလည်း စာမရှိ၍ အသည်းအသန် စာကူးသူကကူး၊ စာနားမလည်သူကမေးသူမေး၊ စာရှင်းသူကလည်းရှင်းပြ တစ်ယောက်တစ်ပေါက်ဖြင့် တစ်ဆိုင် လုံးကို ကျွန်မတို့အသံများဖြင့်ဖုံးလွှမ်းနေပါသည်။ မေးနိုင်မည့်စာများကိုအမှတ်အသားပြုခြစ်လိုက်ဖြင့် ကျွန်မ လည်း အလုပ်ရှုပ်၊ ခေါင်းရှုပ်ပြီးအားရုံတွေများနေခဲ့သည်။ အမှတ်မထင် ကျွန်မခေါင်းမော့လိုက်မိချိန်တွင် တစ်ဘက်ခုံမှာထိုင်နေသောကောင်လေးမှ ကျွန်မအားလှမ်းပြုံးပြပါသည်။ ကျွန်မလည်းကျွန်မကိုပြုံးပြသည်ဟုမထင်၍ ကျွန်မအနောက်ဘက်ခုံကို တချက်လှည့်ကြည့်ရုံကြည့်လိုက်ပြီး သူငယ်ချင်းများနှင့်ဆက်၍ စာအကြောင်းဆွေးနွေးနေခဲ့သည်။ နောက်တစ်ကြိမ်တွင်မတော့ ကော်ဖီခွက်ကိုမော့သောက်ပြီးပြန်အချတွင် ထိုကောင်လေးမှာ ကျွန်မကိုစိုက်ကြည့်နေကြောင်း သတိထားမိခဲ့သည်။

ကျွန်မတို့သူငယ်ချင်းများသည် အရမ်းခင်ဖို့ကောင်းပြီး၊ တစ်ယောက်နှင့်တစ်ယောက် ပြောမနာ၊ ဆိုမနာ၊ အစ အနောက်သန်သောသူများဖြစ်သည်။ အစအနောက်လွန်ပြီးစိတ်ဆိုးရင်လည်ကြာကြာစိတ်မဆိုးနိုင်ကြ။ တစ်ယောက်ကစိတ်ဆိုးရင် ကျန်တဲ့သူတွေကဖြန်ဖြေပေးရင်းနဲ့ ရယ်စရာပြက်လုံးများကို တောက်လျှောက်ပြော တော့စိတ်ဆိုးတဲ့သူမှာကြာကြာစိတ်မဆိုးနိုင်ပဲ ချက်ချင်းပြေကြသည်။ တစ်ယောက်ကိုတစ်ယောက်ချောက်တွန်းလိုက်ကြ၊ ခံရတဲ့သူကလဲစိတ်ဆိုးလိုက်ကြ၊ မခေါ်ပဲနေကြ၊ ပြီးတော့လဲမနေနိုင်ပြန်တည့်လိုက်နဲ့ပဲ အတွဲမပျက်ပဲ ရှိသော သူငယ်ချင်းများဖြစ်ကြသည်။

ထိုအုပ်စုထဲတွင် ကျွန်မကိုတော့စကားအရာနှင့်ပဲဖြစ်ဖြစ်၊ အစအနောက်သန်၊ ချောက်ချရာတွင်ဖြစ်ဖြစ် ဘယ်သူ မှမနိုင်ကြပါ။ သူတို့ပြောသည်ထက် ကျွန်မကပိုပြောနိုင်သည်။ စကားအရာတွင် အရှုံးမပေးတတ်တာ ကျွန်မ အကျင့်။ တစ်ခြားအချိန်တွင် စကားကိုအပိုမပြောတတ်၍ မသိတဲ့သူများဆို ကျွန်မကို စကားနည်းတဲ့သူ၊ မာန ကြီးတဲ့သူဟုအထင်နှင့်ပြောတတ်ကြသည်။ တကယ့်တကယ်တွင် ကျွန်မကအကြောင်းသိက ပေါရှာသူ၊ အစ အနောက်သန်သူ၊ ရယ်စရာဟာသများကို ပြောနိုင်သူဖြစ်သည်။ သူငယ်ချင်းများသည် ကျွန်မဒဏ်ကိုအခံရဆုံး သောသူများဖြစ်သည်။ အထူးသဖြင့် ကျွန်မအချစ်ဆုံးသီတာမကတော့ အုပ်စုထဲတွင်အအေးဆုံး၊ ကျွန်မဘယ် လောက်အနိုင်ကျင့်ကျင့် ကျွန်မကိုအသည်းခံဆုံး

ချစ်ဖို့ကောင်းတာကတော့ ကျွန်မဘယ်လောက်ဆိုးဆိုး သူတို့က ကျွန်မအပေါ်အကောင်းမြင်အကြည့်လေးတွေ နှင့် ခွင့်လွှတ်ပေးကြသည်။

အခုလဲ ထိုကောင်လေးက ကျွန်မကိုစိုက်ကြည့်နေတာကို သူတို့ကလည်းသတိထားမိနေပြီးဖြစ်သောကြောင့် တယောက်တပေါက်ဖြင့် ကျွန်မကိုစကြပါတော့သည်။ ကျွန်မလည်းသူတို့စနောက်ကြသည်ကို အရေးမထား စာကအရေးကြီးသည့်ဟန်ဖြင့် နင်တို့နော် စာမေးပွဲကဖြင့်တပတ်ပဲလိုတော့တယ် စာမေးပွဲခန်းထဲရောက်မှ ကူပါဦး၊ ကယ်ပါဦးလာမလုပ်နဲ့ စာကိုပဲလုပ် တခြားဟာအာရုံမရှုပ်နဲ့ ဟု ဆရာမကြီးလေသံဖြင့်ပြန်ပြောလိုက်ပေမဲ့. ဒီလောက်နဲ့တော့မဖြုံတဲ့အကြောင်းသိသူငယ်ချင်းများကဆက်စမြဲ။ သူတို့တွေကစလေလေ ထိုကောင် လေးမှာလည်းကျွန်မကိုသူနှင့်ဝိုင်းစနေသည်ကိုရိပ်မိနေပြီဖြစ်သောကြောင့်ထင် အတင့်ရဲလာသည်။

သူနှင့်အတူထိုင်နေသော သူငယ်ချင်းများကလည်းမြှောက်ပေးကြသည်ထင်သည် ကောင်လေးသည် ထိုင်ရာမှ ထလာပြီး ကျွန်တော့ကိုထိုင်ခွင့်ပြုပါခင်ဗျာ ဟုကျွန်မကိုကြည့်ပြီးခွင့်တောင်းလာပါသည်။ ကျွန်မလည်း သူ့ကိုမသိချင်ယောင်ဆောင်ပြီး စာအုပ်ကိုအသဲအသန်ဖတ်ချင်ယောင်ဆောင်နေလိုက်တော့ သူငယ်ချင်းတစ် ယောက်ဆီမှ အဟမ်း. အဟမ်း. လည်ချောင်းရှင်းသံနှင့်အတူ ဟုတ်ကဲ့ ရပါတယ်ထိုင်ပါ ခုံပိုယူပြီးထိုင် လို့ရပါတယ် ပြောလိုက်တော့ ကောင်လေးမှာခုံတစ်ခုံယူပြီး ကျွန်မတို့ဝိုင်းမှာထိုင်မလိုလုပ်တော့ ကျွန်မကို ချောက်ကျတာမြင်ချင်တဲ့သူငယ်ချင်းတစ်ယောက်က ကျွန်မရှေ့တည့်တည့်နေရာတွင်ထိုင်နေသောသူကို ဖယ် ခိုင်းပြီး ထိုကောင်လေးကိုနေရာချပေးပါတော့သည်။

ကောင်လေးလဲနေရာတွင်ထိုင်ပြီးသည်နှင့်သူ့ကိုယ်သူစတင်မိတ်ဆက်ပါသည်။ သူမိတ်ဆက်ပြီးသည်နှင့် ကျွန်မ နာမည်သိချင်ကြောင်းတိုက်ရိုက်မေးလာပါတော့သည်။ ကျွန်မကိုချောက်ကျနေပြီ၊ ခံနေရပြီဆိုပြီး ပြုံးစိစိနဲ့ကြည့် နေကြတဲ့သူငယ်ချင်းတွေကိုဒီလိုနဲ့တော့အရှုံးမပေးချင်။ တော်ရုံလူစိမ်းယောကျာ်းလေးဆိုစကားစမပြောတတ်တဲ့ ကျွန်မ၊ ဒီတခါကျမှတော့ မေးလာတဲ့မေးခွန်းကိုမှပြန်မဖြရင် သူငယ်ချင်းတွေကြားမှာ ကျွန်မကို နိုင်ကွက်အဖြစ် အမြဲပြောစရာအကြောင်းအရာတစ်ခုအဖြစ်မခံနိုင်။ ကျွန်မလဲခေသူမဟုတ်ပါလား.။

ကံကြမ္မာကပဲကျွန်မဘက်အလေးသာခဲ့သလား၊ နတ်ကောင်းပဲမသလားမသိ ကျွန်မနာမည်မဖြေခင် အချိန်လေး အတွင်းမှာပဲ ကျွန်မခေါင်းကိုလက်နှင့်အပုတ်ခံရပြီးနောက် အော်…….ညီမကဒီမှာစာလာလုပ်နေတာကိုး…… အကိုကဆိုင်ရှေ့ကဖြတ်တော့ ညီမကိုမြင်လိုက်လို့ဝင်လာခဲ့တာ တယ်ကြိုးစားနေပါလား ဟုပြောသံနှင့်အတူ ကျွန်မဘေးကိုရောက်လာသူက ကျွန်မအကိုရဲ့ အချစ်ဆုံးသူငယ်ချင်း(ကျွန်မနှင့်လည်းအကိုတယောက်လိုချစ် ခင်ရသောသူ)။ ကျွန်မလည်းလက်ရှိအခြေအနေအကျဉ်းအကြပ်ထဲမှကယ်တင်ရှင်ရောက်လာသလို ၀မ်းသာ အားရဖြစ်ကာ အကိုက ဘယ်သွားမလို့လဲဟင်…” မေးလိုက်တော့ အကိုလား စာအုပ်ဆိုင်ဘက်သွားမလို့ စာအုပ်ဝယ်မလို့လေ ညီမမုန့်လိုက်စားဦးမလား ဟုမေးသံဆုံးသည်နှင့်ကျွန်မလည်း ဟာ.စားမှာပေါ့ လိုက်မယ်လေ ခဏနော် စာအုပ်တွေသိမ်းလိုက်ဦးမယ် ဟုပြောလဲပြော၊ စာအုပ်တွေကိုအိတ်ထဲအမြန်သိမ်းဆည်းပါတော့သည်။ ကျွန်မလည်းအိတ်ကိုကောက်လွယ်ပြီးထိုင်နေရာမှထတော့ ထိုကောင်လေးမှာ ဆက်ပဲ ထိုင်ရမလိုလို၊ သူ့သူငယ်ချင်းတွေဘက်ကိုပဲ ပြန်သွားရတော့မလိုလိုနှင့် မျက်စိမျက်နှာပျက်နေသည်။

စိတ်လက်ပေါ့ပါးသွားတဲ့ကျွန်မ အပြုံးတွေများစွာနဲ့ဆိုင်ပြင်ကိုရောက်တော့မှ သူငယ်ချင်းတွေကိုလှည့်ကြည့်လိုက်ပြီး မျက်စိတစ်ဘက်ကိုမှိတ်၊ လျှာထုတ်ပြပြီး ငါ့ကိုနင်တို့ဘယ်တော့မှအနိုင်ရမယ်မထင်နဲ့ ဆိုတဲ့ပုံနှင့် လက်မ ထောင်ပြလိုက်၊ သနားပါတယ်ဆိုတဲ့ပုံစံမျိုးလက်ခါပြလိုက်နှင့် အမျိုးမျိုးလုပ်ပြတော့ ဆိုင်တွင်းမှ မအီမလည် မျက်နှာတွေနှင့်ကျွန်မကို လက်သီးဆုပ်သူဆုပ်ပြ၊ အေး နင်တော့ နောက်တခါကျရင်တွေ့မယ် ဆိုတဲ့ပုံနှင့် အံကြိတ်သူကြိတ်ပြနှင့်မကျေမနပ်မျက်နှာများနှင့်ကျန်ခဲ့ကြပါတော့သည်။

ကျောင်းသားဘ၀အမှတ်တရများစွာထဲမှ တခုကိုရေးသားထားခြင်းဖြစ်ပါသည်။ အခုတော့တစ်ယောက်ကို တစ်နေရာဆီမှာ အရင်လိုပြန်ဆုံတွေ့ဖို့လဲမလွယ်၊ ကိုယ်စီအလုပ်များစွာနဲ့ ဘ၀ဆိုတဲ့စကားလုံးနှစ်လုံးအောက်မှာ ရုန်းရင်းကန်ရင်းနစ်မြုပ်နေကြပါတယ်။

လွမ်းလိုက်တာ ကျောင်းတော်ကြီးနဲ့ချစ်သောသူငယ်ချင်းများရယ်.....

မူပိုင် = နှင်းဆီနက်








ချစ်တယ်......

ချစ်တယ်..တဲ့

မောင့်ဆီကချစ်တယ် ဆိုတဲ့စကားတစ်ခွန်းမှာ ကျွန်မဆီမှာအားအင်တွေအပြည့်နဲ့ပါလား

ချစ်…….တယ် တဲ့ စကားလေးကနှစ်လုံးတည်း.

စကားနှစ်လုံးကိုပေါင်းလိုက်တော့ လူနှစ်ဦးရဲ့ ဘ၀(သို့)သူစိမ်းနှစ်ယောက်ရဲ့ ဘ၀နှစ်ခုကို တစ်ခုတည်း၊ တစ်ဘ၀ တည်း၊ တစ်ထပ်တည်းဖြစ်စေခဲ့တယ်……

မောင့်ရင်ခွင်ဟာ မကျယ်ပေမယ့် ကျွန်မအတွက်တော့လုံခြုံနွေးထွေးမှုကိုပေးနိုင်ပါတယ်တဲ့

မောင့်ရဲ့ အချစ်တွေက ကျွန်မအတွက်အကောင်းဆုံးအင်အားဖြစ်စေခဲ့တယ်.

မောင့်ရင်ခွင်ထဲမှာ ကျွန်မအတွက်တည်ဆောက်ထားတဲ့ နန်းတော်တစ်ခုရှိတယ်တဲ့.

အဲ့ဒီနန်းတော်ကို အချစ်၊ မေတ္တာ၊ သစ္စာ၊ နားလည်မှုဆိုတဲ့ တိုင်ကြီးလေးခုနဲ့အခိုင်အမာတည်ဆောက်ထားတာ တဲ့လေ.

နန်းတော်ထဲမှာ ကျွန်မအတွက်အခန်းတစ်ခန်းအပြင် အချစ်သစ်ပင်လေးတစ်ပင်ပါစိုက်ပျိုးထားခဲ့တယ်....

အချစ်သစ်ပင်လေးကတော့

ကျွန်မဆာရင်စားသုံးဖို့ ပန်းသီးလဲဖြစ်တယ်……..

ကျွန်မသောက်သုံးဖို့ ရေလဲဖြစ်တယ်……..

ကျွန်မပျင်းရင် စကားပြောဖို့ လူလဲဖြစ်တယ်……..

ကျွန်မဖျားရင် ဆေးကုဖို့ ဆရာဝန်လဲဖြစ်တယ်…….

ကျွန်မစိတ်ညစ်ရင် အားပေးဖို့ အဖော်လဲဖြစ်တယ်…...

ကျွန်မငိုရင် နှစ်သိမ့်ဖို့ ပုခုံးတစ်ဘက်လဲဖြစ်တယ်…….

ကျွန်မပျော်ရွှင်ဖို့ သီချင်းတွေနဲ့ ဖြေဖျော်သူလဲဖြစ်တယ်……

ကျွန်မအိပ်ရင် ပုံပြင်လှလှလေးတွေနဲ့ချော့သိပ်ဖို့ ပုံပြောသူလဲဖြစ်တယ်…….

ကျွန်မရဲ့ အချိန်တွေအကုန်လုံးမှာလိုအပ်သမျှကိုဖြည့်ဆည်းပေးနိုင်တဲ့ အချစ်သစ်ပင်လေးတစ်ပင်ကိုပါ စိုက်ပျိုး ပေးထားတယ်…….

ဒီလိုခမ်းနားတဲ့နန်းတော်ကြီးနဲ့အချစ်သစ်ပင်ရှိနေမှတော့ ကျွန်မအတွက်ဘာလိုအပ်ဦးမှာလဲရှင်

နန်းတော်ကြီးမပျက်စီး၊ မပြိုလဲဖို့နဲ့ အချစ်သစ်ပင်မခြောက်ခန်း၊ မသေဆုံးဖို့ကတော့ မောင်နဲ့ကျွန်မတို့နှစ်ဦးရဲ့  အချစ်၊ မေတ္တာ၊ သစ္စာ၊ နားလည်မှုတွေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

မူပိုင် = နှင်းဆီနက်

သူမ

On 2:08 AM 8 comments

သူမနှင့်ကျွန်မတွေ့ဆုံချိန်သည် သိပ်မကြာလိုက်။ သူမသည် ကျွန်မကိုမှတ်သားစရာတွေ အများကြီး ထားခဲ့၏။ သူမသည် အပြင်ပန်းအနေဖြင့် ရိုးအေးပြီး၊ ဘာမှမသိနားမလည်သည့်ပုံစံနှင့် ဟန်ဆောင်မှုတွေကို မျက်နှာဖုံး တပ်ကာထားသည်။ သူမသည် စကားကိုမပွင့်တပွင့်၊ ရှက်စဖွယ်ပုံစံပြောတတ်ပြီး၊ တကယ့်အပြင်တွင် မည်သည့် နေရာတွင်မဆိုရန်ဖြစ်ဖို့ ၀န်လေးသူမဟုတ်ပေ။ ထို့ပြင် သူမသည် ကျွန်မကို အလိမ်အညာစကားများစွာပြောဆို ခဲ့သည်။

ကျွန်မထိုင်သောနေရာအား သူမထိုင်ဖို့အတွက် နည်းမျိုးစုံသုံးခဲ့သည်။ သူမသည် အေးချမ်းသာယာသော သူများမိသားစုဘ၀ပြိုကွဲရန်ကြိုးစားခဲ့သည်။ ကျွန်မပြောသောစကားကို သူမက သူမသိက္ခာကို စော်ကားခံရသ လိုမျိုး ကျွန်မကွယ်ရာတွင်ပြန်ပြောခဲ့သည်။ သူမသည် ကျွန်မ မသိလိုက်သောအချိန်တွင်ကျွန်မကို အကောင်းဆုံး ထိုးနှက်သွားခဲ့သည်။

ထိုနေ့ကို ကျွန်မ ဘယ်တော့မှမေ့မည်မဟုတ်ဘူးဆိုတာ သူမသိစေချင်သည်။

သူမလို မိန်းကလေးမျိုးကို ကျွန်မတော်တော်လန့်သွားသည်။

ကျွန်မပြောခဲ့သောစကားများက သူမနောင်ရေးကောင်းဖို့ဆိုတာကိုတော့ သူမကိုသိစေချင်ခဲ့တာ ကျွန်မရဲ့ စေတ နာ အမှန်ဖြစ်ပေသည်။

မူပိုင် = နှင်းဆီနက်


သင်္ကြန်နားနီးလာပြီ၊ သင်္ကြန်သီချင်းတွေကြားလာပြီဆိုရင် နှင်းဆီနက်တယောက်ကတော့ ပျော်နေတာပါပဲ။ သင်္ကြန်နဲ့ပတ်သက်ပြီးအမှတ်တရတွေကလဲအများကြီးကိုးးး

မှတ်မှတ်ရရသေရာပါဒဏ်ရာကတော့ ၄တန်းဖြေထားပြီးတော့ နွေရာသီပိတောက်တွေပွင့်တဲ့ ဧပရယ်လ်လမှာ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့လဲ ပိတောက်မြင်တိုင်း ခုထိလိုချင်တမ်းတနေတုန်းပဲ ကိုယ့်ကိုဘယ်သူကပေးပေး မပေး ပေး၊ ဈေးကပဲဖြစ်ဖြစ်၊ ကလေးတွေခူးလာလို့ပဲဖြစ်ဖြစ်၊ သူများတွေကားမှာချိတ်ထားတာပဲဖြစ်ဖြစ် လိုချင်နေတုန်း ပါ။ ပိတောက်နဲ့ပတ်သက်ပြီး အဲ့ဒီလောက်ဖြစ်ခဲ့တာ။

ဖြစ်ပုံကတော့ဒီလိုပါ မနက်အိပ်ရာနိုးတော့ ပိတောက်နံ့လေးတွေကသင်းနေပြီ ဒါနဲ့ ပိတောက်ပင်ရှိရာကို လှမ်း ကြည့်လိုက်တော့ အားးး ပါးးး ပါးးးး ပိတောက်တွေအများကြီးပဲ ...

ဒါနဲ့ကျွန်မလည်း မျက်နှာမြန်မြန်သစ်၊ မနက်စာတောင်မစားနိုင်ပဲ ပိတောက်ပင်အောက်အပြေးသွားပြီး ခုန်ပေါက် အော်နေတော့တာပေါ့။၊ ပျော်လွန်းလို့လေ။ နောက်တော့ သူငယ်ချင်းတွေကို အိမ်ရှေ့ သွားအော်ခေါ် ပြီး ပိတောက်ပင်ပေါ်တက်နိုင်ဖို့ ကျွန်မတို့ကြိုးစားကြတဲ့သူကကြိုးစား၊ ၀ါးလုံးအရှည်လိုက်ရှာတဲ့သူကရှာနဲ့ အလုပ် တွေရှုပ်နေတော့တာပါပဲ။ အဲ့အချိန်မှာ ကျွန်မအကိုဖြစ်သူက ကျွန်မတို့အိမ်နောက်ဘက်၂အိမ်ကျော်က ပိတောက်ပင်ဘက်ကို ဓားမကိုင်ပြီးထွက်သွားတာကို ကျွန်မမြင်လိုက်တော့ သူငယ်ချင်းတွေမသိအောင် တိတ် တိတ်လေးအကိုနောက်ကိုလိုက်သွားလိုက်ပါတယ်။

ပိတောက်ပန်းကခြံထဲကိုကျွန်မရောက်တော့ အကိုဖြစ်သူကို အားရပါးရခေါ်လိုက်ပြီး ညီမလေးလဲပန်းခူးချင် တယ် ဟုမျက်နှာချိုသွေးပြီးနောက်ကမရမကလိုက်တော့တာပါပဲ။ ဒါနဲ့အကိုက အေး ကိုကြီးကကိုင်းတွေ ခုတ်ချမယ် ညီမလေးကအောက်ကနေကောက်နော် ဆိုတော့ အကြိုက်ပဲလေ နှင်းဆီနက်က ဟုတ်ကဲ့ကိုကြီး ဆိုပြီး ကိုကြီးလက်ကိုကိုင်ပြီး ခုန်ပေါက်လိုက်သွားပါတော့တယ်။ ပိတောက်ပင်အောက်ကိုရောက်တော့ ကိုကြီးက ပိတောက်ပင်ခြေရင်းမှာထိုင်ပြီး အပင်ကိုကန်တော့ပါတယ်။ ကျွန်မလည်း ရောရောင်ပေါရောင်လိုက်ကန်တော့ ပါတယ်။ အကို အပင်ပေါ်ကိုစတက်တော့ ကျွန်မလည်း ပိတောက်ပင်ကိုမော့ကြည့်ပြီး ကိုကြီး ဟိုအကိုင်းလေး ညီမလေးကိုခူးပေးနော် ပြီးတော့ ဟိုဘက်အကိုင်းကပိုများတယ် အဲ့ဒါလဲခူးပေး လောဘကြီးတဲ့ နှင်းဆီနက် တယောက် ဖြစ်လာမယ့်ကံကြမ္မာကိုမမြင်ဘူး အော်နေလိုက်တာ.။

ဒီလိုနဲ့ အကိုဖြစ်သူကခုတ်ချပေးတဲ့အကိုင်းတွေကိုအောက်ကလိုက်ကောက်ရင်း ပျော်နေတဲ့ကျွန်မ တဖြည်း ဖြည်းနဲ့အရွက်တွေ၊ အကိုင်းတွေ၊ အပွင့်တွေကများလာတော့ ကျွန်မလည်း လိုက်ကောက်မနေတော့ပဲ ထိုင်ပြီး အပွင့်နဲ့အရွက်ကိုထိုင်ခြွေနေတော့တယ်။ ခြွေနေရင်းနဲ့ ဓားမကအောက်ကိုပြုတ်ကျလာတော့ အကိုဖြစ်သူကို စိုးရိမ်လို့မော့ကြည့်ပြီး ကိုကြီးရေ ပြုတ်ကျဦးမယ်နော် လို့ လှမ်းအော်လိုက်သေးတယ်။

အချိန်သိပ်မကြာပါဘူး ကျွန်မညာလက် လက်ကောက်ဝတ်နေရာက စပ်ဖြင်းဖြင်းဖြစ်လာပါတယ်။ ကျွန်မလည်း လက်ကိုကြည့်လိုက်ပါသေးတယ် ပိတောက်ပန်းဇောနဲ့မို့လို့လားမသိ ဘာကိုမှမမြင်ပါဘူး။ နောက်တော့ စပ်ဖျဉ်း ဖျဉ်းကနေပြီး အရမ်းနာလာတော့ ကျွန်မလည်းလက်ကောက်ဝတ်ကိုသေချာကြည့်တော့မှ အားးး ပါးးး ပါးးး ဖြူဖွေးနေတာပဲ အရိုးတောင်မြင်နေရတယ် ကျွန်မလည်းလန့်ပြီး လက်ကောက်ဝတ်နေရာကို ဘယ်ဘက်လက်နဲ့ ဆုပ်ကိုင်လိုက်တော့မှ သွေးတွေဆိုတာညှစ်ချလိုက်သလိုပန်းထွက်လာတော့တာပဲ..။ ကျွန်မလည်း အရမ်းလန့်ပြီး ကိုကြီးကို ကိုကြီးရေ ညီမလေးဓားထိသွားပီ သွေးတွေလည်းထွက်လာတယ်အများကြီးပဲ ဟု အော်လိုက်တော့ အကိုဖြစ်သူလဲ ပိတောက်ပင်ပေါ်ကဆင်းလာပါတယ်။ ကျွန်မလက်ကိုလဲမြင်ရော အမေဖြစ်သူကိုအော်ခေါ်တော့ တာပါပဲ။

အမေလည်းမနက်စောစောစီးစီး အကို့အော်သံကြောင့်ဘာဖြစ်မှန်းမသိ အိမ်ထဲကနေပြေးထွက်လာပြီး ရှုံ့ မဲ့နေတဲ့ ကျွန်မကိုမြင်တော့ ဘာဖြစ်တာလဲ ဟုထိတ်ထိတ်ပျာပျာမေးပါတယ်။ ကျွန်မလည်း လက်ကိုဝှက်ထားရာ ကနေထုတ်ပြလိုက်တော့ အမေ့မှာရုတ်တရက်ဆွံ့အသွားပါတယ်။ နွေရာသီလဲဖြစ်၊ ဒဏ်ရာကလဲများတော့ သွေး တွေကမနဲကိုး။ အမေလည်းဘာလုပ်လို့လုပ်ရမှန်းမသိတော့ လာကြပါဦး လာကြပါဦး ဟဲ့ဘယ်သူရေ ဘယ်ဝါ ရေ ဒီမှာနင့်တူမလက်ကိုဓားခုတ်မိလို့ ဆိုပြီး ကျွန်မလက်ကိုမကြည့်ရဲလို့ ဟိုဘက်မျက်နှာလှည့်အော်ပါတော့ တယ်။

အမေ့အော်သံကြောင့် ဦးလေးနဲ့အဒေါ်တွေလဲရောက်လာပါတယ်။ ကျွန်မလက်ကိုလဲမြင်ရော အိမ်ရှေ့ ကိုခေါ် သွားပြီး ရေလောင်းချပါတယ်။ ဘေးနားကအိမ်နီးချင်းတွေလဲ ရောက်လာကြပါတယ်။ (စောစောစီးစီး လမ်းထဲမှာ ပွက်လောရိုက်အောင်လုပ်ခဲ့တဲ့ နှင်းဆီနက်နော် :P ) ကျွန်မလက်ကိုရေဘယ်လောက်လောင်းလောင်း သွေးက တော့လုံးဝမတိတ်ပါ။ လူကြီးတွေလည်း ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလားနဲ့ ကုက္ကိုရွက်တွေခူးပြီး အရည်ညှစ် ချပြီးဆေးထည့်သူကထည့်၊ ဒန်းရွက်ကိုပြေးရှာသူကရှာနဲ့ ကျွန်မအတွက်အကုန်ဗျာများကုန်ကျပါတယ်။ သွေးက တော့မတိတ်သေး။ အဲ့အချိန်ထိ ကျွန်မမှာမျက်ရည်တစ်စက်တောင်မကျသေး

ဖြစ်ချင်တော့ အမေက အင်း လက်ကိုချုပ်မှဖြစ်မယ်ထင်တယ် ဆိုတဲ့အသံလဲကြားရော ကျွန်မ အမေ သမီးလက်မချုပ်ချင်ဘူးနော် မချုပ်ဘူး နာလိမ့်မယ် သမီးမချုပ်ပါရစေနဲ့ ဆေးခန်းမသွားဘူး မသွားဘူး အီးးးးးးးးး ဟီးးးးးးး ဟီးးးးး ဓားထိတုန်းကလဲမငို၊ ဒဏ်ရာများလို့သွေးမတိတ်လဲမငိုတဲ့ကျွန်မ မပြရသေးပဲ ဆေးခန်းသွား မယ့်အသံကြားတော့မှပဲ ငိုပါတော့တယ်။ (ငယ်ငယ်ကဆေးခန်းဆိုအသေကြောက်လေ ဆေးခန်းနဲ့လူက အဆက် မပြတ်ဖြစ်နေတော့ အသံကြားရင်ပဲ ငိုချင်နေတာ)

ဓားမကိုအကိုဖြစ်သူက ခါးကြားလှမ်းထိုးလိုက်တာပါ ဖြစ်ချင်တော့ ဓားမက ခါးကြားမရောက်ပဲ အောက်ကိုကျ တော့ အောက်မှာပိတောက်ပန်းကောက်နေတဲ့ ကျွန်မလက်ပေါ်ကို ထိပီးမှ ပြန်လွင့်ထွက်သွားတာ။ ဒါတောင်ဓား ကအတည့်မကျပဲ နောက်ဖင်နဲ့မို့လို့ နို့မို့ဆို မတွေးရဲ

ခေါင်းပေါ်သာကျရင်ကော အမလေးပိုပြီးမတွေးရဲ………

ကျွန်မသတင်းကိုကြားတဲ့ မောင်နှမ၀မ်းကွဲတွေက အပြေးအလွှားရောက်လာပါတယ်။ အမေကတော့ ဈေးသွား ပြီမို့လို့အိမ်မှာမရှိပါဘူး၊ သူတို့က အိမ်ရှေ့ ကနေပြီး ကျွန်မနာမည်ကို အော်ခေါ် ကြပါတယ်။ ကျွန်မလည်း သမီး ဒီမှာ... ဒီမှာ... လို့ပြန်အော်တော့ သူတို့က ကျွန်မကို လိုက်ရှာပါတယ် ဟဲ့ ဘယ်မှာတုန်း နင့်အသံပဲကြားတယ် လူကဘယ်မှာလဲ လို့အော်မေးကြပါတယ်။ ကျွန်မလည်း တစ်ဆင့်ပြန်ဆင်း၊ အကိုင်းကိုလှုပ်ပြပြီး သမီး ဒီမှာ ဒီမှာ… ” ဟု ပြောလဲပြောပြလဲပြလိုက်တော့မှ သတင်းလာမေးတဲ့သူတွေက ကျွန်မကိုမျက်လုံးပြူးပြီး ကြည့်နေကြပြီး စကားတောင်မပြောနိုင်ကြတော့ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ နှင်းဆီနက်တယောက်လေ လက်ကပတ်တီးကွင်းသိုင်းနဲ့ ခရေပင်ပေါ်ရောက်နေလို့ပါ..။ :P :D

ကျေးဇူးတင်စကား

(စာသားအမှားပြင်ပေးတဲ့ကိုလင်းဦး(စိတ်ပညာ)ကိုကျေးဇူးတင်ရှိပါကြောင်း....။

မူပိုင် = နှင်းဆီနက်

ကျွန်မဒီစိတ်ကူးလေးရလာတာကတော့ ကျွန်မရုံးက၀န်ထမ်းတွေ ကျွန်မဆီခွင့်လာတိုင်တာက စပါတယ်

ဇာတ်လမ်းအစကတော့ ဒီလိုပါ………..

ကျွန်မဆီကို ပထမ၀န်ထမ်းကရောက်လာပါတယ် အမ ခွင့်တိုင်ချင်လို့ ကျွန်မလည်း လုပ်လက်စအလုပ်က နေမော့ကြည့်လိုက်ပြီးတော့ အင်း ဘာဖြစ်လို့လဲ ဘယ်နှစ်ရက်ယူမှာလဲ ဘယ်နေ့တုန်း လို့မေးလိုက်တော့ သူမမှ ဒီလတော့မဟုတ်ပါဘူးအမရယ် ရက်ကတော့တစ်ရက်ထဲယူမှာ ကြိုပြောထားတာပါ အနီးကပ်မှ ဆိုမရ မှာစိုးလို့ ဆိုတော့ ကျွန်မက ဒါဆို နောက်လဘယ်နေ့ယူမှာလဲ သူမကပြန်ဖြေပါတယ ဖေဖော်ဝါရီလ ၁၄ရက်နေ့ယူမယ်အမ အော် ဘာဖြစ်လို့လဲ ဘာမှမဖြစ်ပါဘူး အမရယ် ကိစ္စလေးရှိလို့ပါ ဆိုတော့ ကျွန်မလည်း အင်း အင်း ယူပေါ့ ဆိုပြီးပြန်ပြောလိုက်တော့ ပထမ၀န်ထမ်းက ပြုံးစိစိနဲ့ပြန်ထွက်သွားပါကော။


သူမပြန်ထွက်သွားပြီးတော့ သိပ်မကြာပါဘူး ဒုတိယ၀န်ထမ်းက ကျွန်မဆီကိုရောက်လာပါတယ် အမ ခွင့်ယူ ချင်လို့ ကျွန်မလည်း အင် ဘာဖြစ်ပြန်ပြီလဲ အမကလဲ ညီမသွားစရာလေးရှိလို့ ခွင့်လိုချင်လို့ပါ တစ်ရက် ထဲနော်.. နော်…… အစ်မ ကျွန်မကို ခွင့်လိုချင်တော့ အသံညုညုလေးနဲ့အပျော့ဆွဲလေး လာပြောပါသည်။ ကျွန်မလည်း ပြော ဘယ်နေ့ယူမှာလဲ မေးလိုက်တော့ နောက်လ ၁၄ရက်နေ့ပါ အမ တဲ့ ကျွန်မလည်း ပြက္ခဒိန်ကိုလှမ်းကြည့်လိုက်ပါတယ်။ နောက်လ ၁၄ရက်နေ့ ဟင်.. ရုံးပိတ်ရက်လဲမဟုတ်ပါဘူး စနေနေ့ကြီး ခုနကတယောက်ကလဲ ၁၄ရက်နေ့ခွင့်လိုချင်တယ်၊ အခုတယောက်ကလဲ ၁၄ရက်နေ့ တရက်ထဲကို၂ယောက် ကခွင့်ယူတယ်ဆိုတော့ ကျွန်မလဲစဉ်းစားလိုက်ရင်း နေပါဦး ညည်းတို့နှစ်ယောက်က ဘယ်သွားကြမလို့လဲ ခုနကလဲတစ်ယောက်ကခွင့်လာတိုင်သွားတယ် အခုလဲညီမကခွင့်လာတိုင်တယ်ဆိုတော့ ဘယ်သွားမလို့လဲ ကျွန်မလဲမေးလိုက်ရော ဒုတိယ၀န်ထမ်းမှ စပ်ဖြီးဖြီးနဲ့ ကိစ္စရှိလို့ပါအမရယ် ဟိုအမနဲ့သွားမှာမဟုတ်ပါဘူး ညီမက ကိုယ့်ဘာသာကိုသွားမှာပါ ဆိုလာတော့ ကျွန်မလည်း လွယ်လွယ်ပင် အေး.... အေး..... ယူ ယူ ဆိုတော့ ထိုဝန်ထမ်းကပြုံးပြီး ကျွန်မကိုစိုက်ကြည့်နေသေးတယ်။ ကျွန်မလည်း မသိချင်ယောင်ဆောင်ပြီး လုပ်လက်စ အလုပ်ကိုဆက်လုပ်နေလိုက်တော့ သူမလဲပြန်ထွက်သွားပါရော။

သူမထွက်သွားပြီးနောက် မရှေးမနှောင်းမှာပဲ ပထမ၊ ဒုတိယ၀န်ထမ်းနှင့်အတူ တတိယ၀န်ထမ်းရောက်လာပြီး အစ်မ သမီးခွင့်လိုချင်လို့ တဲ့လေ ကျွန်မလည်း စိတ်ထဲကသိပ်မကြည်ချင်တော့ ဘယ်နေ့တုန်း လို့ခပ် ပြတ်ပြတ်ပဲမေးလိုက်ပါတယ်။ သူမက သမီး ဖေဖော်ဝါရီလ ၁၄ရက်နေ့ခွင့်ယူမလို့ တဲ့။ ကျွန်မလည်း ဒေါသ ထွက်သွားမိပါတယ် အဲ့ဒါနဲ့ပဲ ကျွန်မက ဟဲ့ နင်တို့အကုန်ခွင့်ယူကျတော့ အလုပ်ကိုဘယ်သူကဆက်လုပ်မှာလဲ တစ်ရက်ထဲကို၃ယောက်တောင်ခွင့်ယူပြီးဘာလုပ်ကြမလို့လဲ မပေးတော့ဘူး ဘယ်သူမှခွင့်မပေးတော့ဘူး ဟိုနှစ် ယောက်လဲခွင့်မယူကြနဲ့တော့ မပေးတော့ဘူး နေပါဦး နင်တို့ကခရီးသွားကြမှာမို့လား လို့ကျွန်မက ဒေါသထွက် ထွက်နဲ့သူတို့၃ယောက်ကိုပြောပေမဲ့ သူတို့က စိတ်မဆိုးတဲ့အပြင်ပြုံးနေရာကနေပြီး ရယ်ကြပါတော့သည်။ သူတို့ကရယ်နေတော့ ကျွန်မက ကျွန်မဒေါသထွက်နေသည်ကို လှောင်နေသည်ဟုထင်ပြီး နင်တို့ရယ်စရာ မဟုတ်ဘူးနော် နင်တို့သုံးယောက်ဘာတွေကြံနေသလဲ ပြော.. ပြောလေ ဟု ပြောလိုက်တော့ ရယ်လက်စနှင့် အစ်မရယ် လူအထင်ကြီးမလားလို့ ခွင့်ယူတာပါ ချစ်သူများနေ့လေ ညီမတို့က လက်ဆုပ်လက်ကိုင်ပြစရာမှ မရှိတော့ အဲ့ဒီနေ့ခွင့်ယူရင် တခြားလူတွေက ရည်းစားနဲ့လျှောက်သွားနေတယ် ထင်ပြီး အထင်ကြီးအောင်လို့ပါ တဲ့လေ

အဲ့တော့မှ ကျွန်မလည်း အော် သူတို့က င့ါကိုသက်သက်လာစနေတာကိုးဟု သဘောပေါက်ပါတော့တယ်။ သူတို့မှ ကျွန်မကို သြော်. ငါတို့အမနှယ်နော် ဖေဖော်ဝါရီ၁၄ရက်နေ့(ချစ်သူများနေ့)ဆိုတာတောင် မေ့နေ ပါလား၊ ဒါကြောင့်လဲအပျိုကြီးဖြစ်နေတာ.. တိုင်ပြောမယ်နော် အကိုကြီးနဲ့ ဆိုပြီးစလို့မဆုံးဖြစ်နေပါတယ်။

ကျွန်မလည်းအထိမ်းအမှတ်တွေကများနေတော့ ဘယ်နေ့ကင့ါအတွက်အရေးကြီးတဲ့နေ့ဆိုတာ မသိတော့ဘူး ဟု ရှက်ရှက်နဲ့ပဲငြိမ်နေလိုက်ရပါတော့တယ်။

ချစ်သူများနေ့တွင် ချစ်သူရည်းစားတွေအချင်းချင်းအထိမ်းအမှတ်(အမှတ်တရ)တစ်ခုခုကို အပြန်အလှန်ပေးကြ လေ့ရှိကြပါတယ်။ လက်ဆောင်လေးတွေလဲကြ၊ ချောကလက်တွေပေးကြ၊ ဘုရားသွားဖူးကြနဲ့ လူငယ်ဘ၀ ပျော်စ ရာလေးပါ။ အဲ့ဒီတော့ ကျွန်မလည်း ဒီနှစ်မှာ ကျွန်မရဲ့ ချစ်ခင်ရပါသော မောင်နှမလေးတွေ၊ ဘလော့သူငယ်ချင်း တွေက ချစ်သူလေးတွေကို ဘာလေးလက်ဆောင်ပေးပြီး၊ ချစ်သူဆီက ဘယ်လိုလက်ဆောင်မျိုးလေး ပြန်လိုချင် လဲ ဆိုတာသိချင်လာပါတယ်။ ဒါကြောင့် အခုလိုမျိုးမေးခွန်းလေးကို မေးလိုက်ရခြင်းဖြစ်ပါတယ်။

ကဲ.... လာလည်တဲ့သူတွေအကုန်လုံးဖြေသွားကြနော်....

ကျွန်မသိချင်တာလေးကို တကူးတကလာရောက်ဖြေကြားသွားတဲ့ အကို၊ အမ၊ မောင်ငယ်၊ ညီမငယ်လေးများကို ကျေးဇူးတင်ပါတယ်ရှင်။ ကောမက်မှာလာရောက်ဖြေကြားသွားတဲ့သူများရှိသလို..... ကောမက်မှာရေးလို့မရလို့ စီဗောက်မှဖြေကြားသွားတဲ့သူများ၊ မေးမှတစ်ဆင့်ဖြေကြားသူများ၊ ကြီးတော် = Gtalk ကနေဖြေကြားသူများကို လည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်.....

နှင်းဆီနက်

သူသည်ကျွန်မအတွက် ခရစ်စမတ်နေ့ရောက်တိုင်း သတိရစေမယ့်သူတယောက် ဖြစ်ခဲ့ပါသည်။
သူသည် စကားအင်မတန်များသောသူတစ်ယောက်ဖြစ်သည်။
ပြောပြီးသားစကားကိုလည်း အထပ်ထပ်အခါခါပြောတတ်သော သူလည်းဖြစ်သည်။
ကျွန်မခေါင်းမူးပြီးနားပူတဲ့အထိအောင်ပြောနိုင်သူဖြစ်သည်။

ကျွန်မတို့ကသူ့ကိုလေးလေးကြီးဟုခေါ်သည်။ လေးလေးကြီးသည်စကားများသလောက် စေတနာကောင်းသူ၊ ဟင်းချက်ကောင်းသူတယောက် ဖြစ်သည်။ ကျွန်မတို့ရောက်လာရင် သူဈေးခြင်းကိုဆွဲပြီး ဈေးကိုသွားပါတော့ သည်။ ဈေးမှပြန်ရောက်လာရင် ၀ယ်လာသော ဟင်းချက်စရာများကို တစ်မျိုးပြီးတစ်မျိုးထုတ်ပြပြီး စကားကလဲ မနားတမ်းပြောလိုက်၊ ဟင်းချက်ဖို့အတွက် ပြင်ဆင်လိုက်၊ ပြောလိုက်၊ ချက်လိုက်ဖြင့် တစ်ယောက်တည်း မမော နိုင်မပန်းနိုင် တစ်မျိုးပြီးတစ်မျိုးချက်ကျွေးပါသည်။

ကျွန်မကိုလည်း “ ဘယ်ဟင်းကိုဘယ်လိုလေး ချက်မှကောင်းတာ၊ ဘယ်ဟာလေးက ဘယ်လိုလေးထည့်ရတယ် သိကောသိရဲ့လား ဒါတွေကို ညည်းချက်ကောချက်တတ်ရဲ့လား ” မေးရင်းနှင့်သင်လည်းသင်ပြပေးသည်။
လေးလေးကြီးသည် အိမ်ဆိုလည်းသန့်ရှင်းနေမှကြိုက်သူဖြစ်သည်။ သူ့နောက်ဖေးချောင်မှ အိုးခွက်ပန်းကန်များ သည် ပြောင်ရှင်းနေပြီး သပ်သပ်ရပ်ရပ်ရှိလှသည်။ မီးသွေးဖြင့်ချက်သော်လည်း အိုးခွက်များမှာ အမြဲပြောင်လက် နေမှစိတ်ကျေနပ်သူဖြစ်သည်။ ပန်းကန်ဆေးရာတွင်လည်း သူကိုယ်တိုင်ဆေးရမှကျေနပ်သောသူဖြစ်သည်။

သူများတွေဆေးရင်ဖြင့်သူကကိုင်ကြည့်ပြီး “ ပန်းကန်ကချွဲနေတာပဲ... ရေမပြောင်ဘူး သေချာမဆေးဘူးလား၊ ထားခဲ့ထားခဲ့... ငါ့ဘာသာငါပဲဆေးမယ်၊ ရေကုန်တာပဲအဖတ်တင်တယ် ပန်းကန်ကမပြောင်ဘူး ” စသည်ဖြင့် ချေးများတတ်သည်။ ဇီဇာကြောင်တတ်သည်။ ကျွန်မဆေးရင်တော့ လေးလေးကြီးပြောတာတခါမှမကြုံဖူးပါ။ ကျွန်မကိုအားနာလို့ပဲလား၊ နောက်မှပဲသူ့ဘာသာသူပြန်ဆေးသလားတော့မပြောတတ်ပါ ဟီးးးးးးးး ……….

ကျွန်မတို့သူ့ဆီမရောက်တာကြာလျှင် သူကတမေးတည်းမေးနေတေတ်သည်။ ရောက်လာရင်တော့ သူသိသမျှ၊ ကြားသမျှ သတင်း၊ အတင်းတွေကိုရေနွေးခွက်ဘေးချပြီး ကျွန်မမူးလည်နေတဲ့အထိကို အားရပါးရပြောပါတော့ သည်။ ကျွန်မစားဖို့ဆိုပြီးလည်း အလုပ်ခွင်ထဲထိကို စားစရာများကြုံလျှင်ကြုံသလိုပို့ပေးတတ်သည်။ တစ်ခါ သူ နေမကောင်း၍ဆေးရုံတက်ရသည်ကြားတော့ ကျွန်မတို့ဆေးရုံသို့အပြေးအလွှားသွားကြည့်တော့ လေးလေးကြီး က ဆေးရုံမှာတစ်ယောက်တည်းအားငယ်တဲ့ပုံလေးဖြင့် သနားစရာ....၊

ကျွန်မတို့ကိုလဲမြင်ရော ၀မ်းသာအားရကြိုသည်။ ပြီးတော့ သူ့အနာစိမ်းကိုပြလိုက်၊ ဆရာမတွေအကြောင်းပြော လိုက်၊ ဘေးမှလူနာများကိုလည်း သူကစပ်စုပြီးပြီဆိုတော့ ကျွန်မတို့ကိုဘေးမှလူနာတွေရဲ့ ရောဂါနဲ့သူသိသမျှ အကြောင်းတွေကို ပြန်ဖောက်သည်ချပါသည်။ ကျွန်မသူ့ဆီလူနာလာမေးတာ ၀မ်းသာကြောင်းကိုလည်း အပ် ကြောင်းထပ်နေအောင် ပြောပါတော့သည်။

ကျွန်မတို့လည်းသူစားချင်၊ သောက်ချင်တာဝယ်ကျွေး၊ သူနဲ့စကားတွေပြောပြီး အတန်ကြာထိနေပြီး ပြန်မည်လဲ ဆိုရော လေးလေးကြီးက “ နောက်နေ့လဲလာမှာလားဟင် အားမှလာပါ အလုပ်တစ်ဘက်နဲ့ဆိုတော့ အားနာ တယ် လာတာကိုအရမ်းဝမ်းသာတယ်၊ င့ါမှာလဲ တယောက်တည်းဆိုတော့ အားငယ်တယ်ဟယ် ” ဟု လာလဲလာစေချင် ကျွန်မအတွက်ဝန်ထုပ်လဲဖြစ်မှာစိုးပြီးပြောတော့ ကျွန်မစိတ်ထဲတွင်သနားသွားပါသည်။

“ ဟုတ်ကဲ့ လေးလေးကြီး သမီးမလာနိုင်လဲ သူ့ကိုလွှတ်လိုက်မယ်လေ လာကြည့်ခိုင်းလိုက်မယ်နော် သမီးလဲ အားရင်အားသလိုလာခဲ့ပါမယ် ” လို့လဲကျွန်မကပြောလိုက်ကော သူ့မျက်နှာမှာအပျော်ရိပ်များ သန်းသွားပါတော့ သည်။ ကျွန်မကလည်းအလုပ်ကမအားသဖြင့် လေးလေးကြီးဆေးရုံဆင်းပြီးမှပဲ သူ့ဆ်ီရောက်ဖြစ်တော့ ကျွန်မကို သူမျှော်နေကြောင်း ဆေးရုံဆင်းပြီးမှရောက်လာရင်သူ့ကိုမတွေ့မှာစိုးတဲ့အတွက် သူစိတ်ပူနေကြောင်း ကျွန်မကို ဆီးကြိုပြီးပြောပါတော့သည်။

ကျွန်မလည်း အလုပ်တဘက်နှင့်မအား၍ လေးလေးကြီးဆီမရောက်တာကြာလျှင် ကျွန်မကို မျှော်နေတတ်သည်။ လေးလေးကြီးသည် ကျွန်မတို့ကိုအလွန်သံယောဇဉ်ကြီးသည်။ လေးလေးကြီးနောက်တစ်ခါနေမကောင်းတော့ ကျွန်မလည်းရိုးရိုးသာမန်နေမကောင်းတာပဲထင်ပြီး ပေါ့ပေါ့ပဲတွေးမိသည်။ ကျွန်မ ခရစ်စမတ်နေ့ ပုဂံဘုရားဖူး ခရီးထွက်မယ့်အကြောင်း သူနှင့်တစ်ဆင့်လေးလေးကြီအားပြောခိုင်းလိုက်သေးသည်။ လေးလေးကြီး၏ နောက် ဆုံးအချိန်ဆိုတာကိုသာ ကျွန်မသိခဲ့ရင် ကျွန်မဒီခရီးကိုလည်းလိုက်ဖြစ်မည်မဟုတ်ပါ။

ကျွန်မသိရသောအချိန်တွင် လေးလေးကြီးဆုံးသည်မှာ ရက်ပင်လည်တော့မည်။ ကျွန်မခရစ်စမတ်နေ့ ပုဂံသို့ ရောက်နေချိန်တွင် လေးလေးကြီးသည် သူ့လက်ပေါ်တွင်ပင်အသက်ထွက်သွားခဲ့ပါသည်။ သူကလည်း ကျွန်မ စိတ်မကောင်းဖြစ်မည်စိုးပြီး ကျွန်မကိုမပြောပြခဲ့ပါ။ ကျွန်မပုဂံမှ မနက်ဖြန်တွင် ရန်ကုန်ပြန်ရောက်မည်ဟု သူ့ဆီ အကြောင်းကြားသောအခါမှ သူကကျွန်မကိုလေးလေးကြီးဆုံးသွားပြီဖြစ်ကြောင်း ကျွန်မကိုဖွင့်ပြောသည့်အခါ မှာ ကျွန်မသည် မယုံကြည်နိုင်ပါ။

“ ဟာ……….. ဒါစစရာမဟုတ်ဘူးနော် လာမစနဲ့… ဘာလို့ဆုံးရမှာလဲ လေးလေးကြီးကနေမကောင်းဖြစ်တာပဲ ပြန်ကောင်းမှာကို နောက်စရာမဟုတ်ဘူးလေ ပြန်ကောင်းမှာပေါ့ လာမနောက်နဲ့နော် “ ကျွန်မ မယုံကြည်စွာဖြင့် ပြန်ပြောလိုက်သည်။
သူမှကျွန်မကို “ ဟုတ်ပါတယ်ကွာ အဲ့ဒီနေ့မနက်မှာပဲဆုံးသွားတာ မောင့်ကိုစောင့်နေတာ မောင့်လက်ပေါ်မှာပဲ ဆုံးသွားရှာတယ် တကယ်ပါကွာ လေးလေးကြီးတကယ်ဆုံးသွားတာပါ ” ဟု ကျွန်မကိုသေချာ ထပ်ပြောပါသည်။ ကျွန်မဖုန်းခွက်ကြီးကိုင်ပြီးတော့ လောကကြီးနှင့်ခေတ္တအဆက်ပြတ်သလိုဖြစ်သွားပါသည်။ ကျွန်မ မယုံနိုင်ပါ။ ဖြစ်နိုင်လျှင် ကျွန်မချက်ချင်းရန်ကုန်ကိုအပြေးသာသွားလိုက်ချင်တော့သည်။

ဒီလိုနဲ့ဒီဇင်ဘာ၃၁ရက်နေ့ကျွန်မ ရန်ကုန်ပြန်ရောက်တော့ချက်ချင်းပင် လေးလေးကြီးအိမ်သို့လိုက်သွားပါသည်။
သြော်…… လေးလေးကြီးရှိစဉ်ကနှင့်အခုတော်တော်ကိုကွာခြားသွားသော အိမ်ကလေးပါလား…….
ကျွန်မရောက်တော့ သူ့မိဘများက၀မ်းသာသွားကြပါသည်။ လေးလေးကြီးအကြောင်းကို တဖွဖွပြောပြကြပါ သည်။ အားလုံးပြောစရာစကားများကုန်တော့ အိမ်မှာလည်းတိတ်ဆိတ်ပြီးတော့ အဓိပါယ်မရှိသလိုဖြစ်နေပါ သည်။ လေးလေးကြီးရှိစဉ်ကစိုပြေဆူညံနေတတ်သောအိမ်မှာ ခုတော့ တိတ်ဆိတ်ခြောက်ကပ်နေသည်။

နောက်ပိုင်းရက်များတွင် ကျွန်မတို့နှစ်ယောက် စကားစပ်တိုင်းပြောမိသည်မှာလည်း လေးလေးကြီးအကြောင်း များချည်းပင်…။ လေးလေးကြီးအကြောင်းမပါလျှင်စကားလုံးတိုင်းမှာ အသက်မပါသလို…။

လေးလေးကြီးဘယ်ဘ၀ရောက်နေပြီလည်း……….

လေးလေးကြီးဘယ်မှာများပြန်ဝင်စားနေမလဲ………

အခြားဘ၀မှာရော စကားများနေတုန်းပဲလား……….
လားးးးးးးး ပေါင်းများစွာနှင့်

လေးလေးကြီးရေ ရောက်ရာဘ၀ကနေပြီးတော့
အမျှ…… အမျှ……. အမျှ……… ရပြီးတော့ ကောင်းရာဘုံဘ၀ကိုရောက်ရှိပါစေ..။

ဒီနှစ်ဒီဇင်ဘာ၂၅ရက် ခရစ်စမတ်နေ့တွင်၁နှစ်ပြည့်လေးလေးကြီးအတွက်အမှတ်တရ
တူမငယ်လေး နှင်းဆီနက်

တောင်ဒဂုံရှိ ဦးလှထွန်း(ကင်ဆာဖောင်ဒေးရှင်း)သို့ ကျွန်မတို့အဖွဲ့များသည် ကားစီးလုံးငှား၍အုပ်စုလိုက် လေ့လာ ရေးထွက်ခဲ့ပါသည်။ မနက်စောစောအုပ်စုလိုက်ကြီးတူညီဝတ်စုံများနှင့်လှပတက်ကြွစွာဖြင့် အတူတူမုန့်စားရင်း၊ လူနာတွေတွေ့ရင်ဘယ်လိုအားပေးစကားပြော လိုက်မယ်၊ ရောဂါဘယ်လိုစဖြစ်တာလဲဆေးကုတာရော ဘယ် လောက်ကြာပီလဲ စသဖြင့် အားပေးစကားများပြောကြမည်၊ သိချင်တာလေး များလဲမေးမြန်းကြမည်ဆိုပီးအားလုံး တူညီတက်ကြွစွာနှင့် တောင်ဒဂုံသို့ ခရီးနှင်လာခဲ့ကြပါတော့သည်။
ကားပေါ်တွင်လည်းတယောက်တပေါက်အပြောများနှင့် ဆူညံနေပါတော့သည်။ ကျွန်မနှင့် ဖြိုး၊ သိဂီ၊ မေလင်း(၄) ယောက်တတွဲသည် သင်တန်းတက်ရင်းမှ အလွန်ချစ်သော သူငယ်ချင်းများအဖြစ်တွဲဖြစ်ခဲ့ကြသည်။ ကျွန်မတို့ ထဲတွင်ဖြိုးကလူကောင်ကြီးသလောက် အရမ်း ကြောက်တတ်ပါသည်။ မျက်ရည်လည်းအလွန်လွယ်သော သူဖြစ် သည်။ သိဂီက အသံသြသြနှင့်ချစ်ဖို့ကောင်းသောသူဖြစ်သည်။ မေလင်း က အညာသူစကားတတ်တတ်လေးဖြစ် သည်။ ကျွန်မကတော့ကိုယ့်ကိုကိုယ်အထင်ကြီးနေတဲ့သူတယောက်ပေါ့လေ။ (ဟိ စကားအဖြစ် ပြောတာနော်).. ကျန်တဲ့အုပ်စုတွေကလဲ အုပ်စုလိုက်ပြော၊ ကျွန်မတို့၎ယောက်ကလဲ အားကျမခံပြောရင်းနှင့် ကားဆရာများမှာ ကျွန်မတို့ အုပ်စု၏ ဆူညံသံကိုသည်းခံရင်းနှင့်ပဲလိုက်ပို့ပေးကြပါသည်။
တောင်ဒဂုံထဲကိုစ၀င်လာတော့ ကျွန်မကအသစ်ဖြစ် နေသောပတ်ဝန်းကျင်ကို စူးစမ်းရင်းနှင့်ငြိမ်လိုက်လာသည်။ တော်တော်လေးမောင်း နှင်လာတော့ တွေ့ပါပြီဦးလှထွန်း(ကင်ဆာဖောင်ဒေးရှင်း)ဆိုတဲ့ဆိုင်းဘုတ်က ဟိုဘက် ဒီဘက်နဲ့အကြီးကြီးဝင့်ဝင့်ကြွားကြွားနှင့် ဂုဏ်ယူ စရာ... အားလုံးအသံတွေတိတ်သွားကြသည်။ ဟိုဘက်လှည့် ငေး၊ ဒီဘက်လှည့်ငေးသူများလည်း ငေးကြသည်။ ဆေးရုံတ၀န်းလုံးလည်း တိတ်ဆိတ်နေသည်။ ကျွန်မတို့မှာ လူနာတွေကဘယ်မှာလ၊ဲ ဆရာဝန်မတွေကရောဘယ်မှာလဲဆိုတာကို ဆေးရုံအပြင်မှပဲ လိုက်စပ်စု နေမိပါသည်။ ကားပေါ်ကဆင်းပြီး ဆရာမကြီးမှ လူစုပါသည်။ ၂ယောက်တတွဲ တွဲခိုင်းသည်။ လူနာတွေကိုမေးမြန်းပြီး report တင်ခိုင်း ပါသည်။ တွဲမိသည်က ကျွန်မနှင့်သိဂီတတွဲ၊ ဖြိုးနှင့်မေလင်းကတတွဲ။ စီတန်းပြီး ဆရာမကြီးမှရှေ့ကစ၍ လူနာဆောင်များဆီသို့ စပြီး ချီတက်ပါပြီ။ ကျွန်မတို့မှာ ရင်ခုန်စွာဖြင့်စူးစမ်းရင်း လိုက်လာခဲ့သည်။ စစချင်းကျွန်မတို့ဝင်ရသော အခန်းမှာ ယောက်ျားလူနာဆောင် ဖြစ်ပါ သည်။ ဆရာမကြီးမှ ဦးဆောင်ခေါ်သွား သောလူနာမှာ ဘုန်းဘုန်းတပါးဖြစ်သည်။ ဦးလှထွန်း(ကင်ဆာဖောင်ဒေးရှင်း)မှ ဆရာမများ မှရှင်းပြပေးပါသည်။ ဘုန်းဘုန်းမှာ အရိုးကင်ဆာဖြင့်ဓာတ်ကင်ထားသည်မှာ အကြိမ်၅၀ကျော်ပြီဖြစ်ကြောင်း၊ အခုလည်းငြီးတွားနေ သည်မှာ ကိုက်ခဲနေသောကြောင့်ဖြစ်ကြောင်း၊ အင်မတန်နာကျင်လာလို့အော်ဟစ်လာ ရင်တော့ အနာသက်သာ ဆေးထိုးပေးမှသက်သာ ကြောင်းစသည်ဖြင့် ကျွန်မတို့အဖွဲ့အားရှင်းပြပါသည်။ ကျွန်မတို့ အားလူနာများဆီသို့ ၂ယောက်တတွဲစီဖြင့် ဆရာမကြီးမှလွှတ်လိုက်ပါလေရော (စပြီ ဇာတ်လမ်းက သည်မှာ)
ကျွန်မနှင့်သိဂီကိုင်ရသောလူနာမှာ အသံအိုးကင်ဆာရှင်ဖြစ်ပါသည်။ ထိုလူနာမှာ အသက်၄၅နှစ်ပဲရှိသေးသည်။ သူ့ကိုသွေးပေါင်ချိန်တိုင်း၊ ပရက်ရှာတိုင်း၊ ပြီးတော့ တကယ့်ဆရာမပုံစံနဲ့ပဲနှစ်ယောက်သား ခပ်တည်တည်နှင့် ရွှီး ပါတော့သည်။ ဦးရောဂါစဖြစ်ပုံလေးပြောပါဦးဆိုတော့ လူနာရှင်က အသံအိုးကင်ဆာဖြစ်၍လည်ပင်းကို အပေါက် ဖောက်ထားသောကြောင့် စကားပြောလို့မရပါတဲ့၊ စာရေးပြပါမယ်ဆိုပီး လက်ဟန်ခြေဟန်နဲ့ပြောပါ တော့သည်။ ကျွန်မတို့တတ်ယောင်ကားနှစ်ယောက်မှာရှက်ရှက်ဖြင့် ဟုတ်ကဲ့လိုက်ရပါတော့သည်။

အဲဒီတော့လူနာကို ကိုယ်က ပါးစပ်ကမေး၊ လူနာကလက်နဲ့ရေးဖြေရင်းနှင့် အမေးအဖြေလုပ်ခဲ့ရပါတော့သည်။ လူနာရှင်က သူရောဂါစ ဖြစ်ပုံကိုကျွန်မတို့အားပြောပြသည်မှာ - လွန်ခဲ့သော တစ်နှစ်က သူသည်ဆောင်းတွင်း မှာရေနွေးဖြင့် ရေချိုးမိကြောင်း၊ နောက်နေ့ကစပြီး သူ့အသံ မှာဝင်ပြီး စကားပြောလိုက်ရင်တရှုးရှုး အသံပဲထွက် နေတော့ကြောင်း၊ နောက်အသံထွက်မလာတော့သဖြင့်ဆရာဝန်နဲ့ ပြပြီးဆေးဆက်သောက်နေသော်လည်း အသံ ကထွက်လာလိုက်ပြန်ဝင်လိုက်နှင့် သိသိသာသာမပျောက်ပဲ နောက်ပိုင်းတွင်အသံလုံးဝမထွက်တော့သဖြင့် ရန် ကုန်ဆေးရုံကြီးသို့လာပြရာ ဆရာဝန်မှအသံအိုးကင်ဆာဖြစ်နေ၍ ဆေးရုံတွင်ကုသရန်ပြောကြောင်း၊ သို့ရာတွင် လူနာမှာနယ်မှလာရတာဖြစ်သောကြောင့် အလုပ်လစ်ဟင်းမှုများနှင့်စီးပွားရေးကိစ္စများရှိနေသေးသဖြင့် တာရှည် ကုသရန်မှာမလွယ်ကူသဖြင့် စရိတ်လည်းတာရှည်မတတ်နိုင်သောကြောင့် ဦးလှထွန်း(ကင်ဆာဖောင်ဒေးရှင်း) သို့ပြောင်းရွှေ့ကုသခွင့်တောင်းခံခဲ့ကြောင်း၊ ဓာတ်ကင်ထားသည်မှာအကြိမ်အရေအတွက် (၄၀) ရှိပြီဖြစ်ကြောင်း၊ အခုသက်သာနေပြီး မကြာမီတွင်ဆေးရုံမှဆင်းတော့မည်ဖြစ်ကြောင်း၊ ဦးလှထွန်း(ကင်ဆာ ဖောင်ဒေးရှင်း)တွင် မနက်စာ၊ နေ့လည်စာ၊ ညစာကိုလည်းတာဝန်ယူ၍ ကျွေးမွေးကြောင်း၊ မနက်အစောဆိုရင် ဘုရားခန်းတွင်သွား လာနိုင်သောလူနာများမှ ဘုရားရှိခိုးဝတ်ပြုနိုင်ကြောင်း၊ မိသားစုများမှာလည်း စီးပွားရေးကိစ္စများကို မလစ်ဟင်း သဖြင့် စီးပွားရေးကိစ္စကိုလည်းစိတ်မပူရသဖြင့် ကျေးဇူးတင်ပါကြောင်း စသည်ဖြင့်ပြောကြား သွားပါသည်။
ကျွန်မတို့ကိုဖြေရင်းမှ လူနာသည်တခါတလေ အားမလိုအားမရဖြစ်လာသလားမသိ ပါးစပ်မှလည်း ၀ူးဝူးဝါးဝါးဖြင့် လည်ပင်းကိုဖိဖိပြီး စကားတချက်တချက် ပြောလာပါသည်။ တခါလူနာကလဲ စကားပြောရင်းချောင်းဆိုးပါလေ ရော ဆရာမကြီးမှတွေ့သွားပြီး ကျွန်မတို့ နှစ်ယောက်ကို လူနာကို စကားမပြောခိုင်းနှင့်ဆိုပီးဆူပါတော့သည်။ ကျွန်မတို့နှစ်ယောက်လည်းဦးမပြောပါနှင့် သမီးတို့ကိုစာပဲ ရေးပြပါဆိုတာကို လူနာကရပါတယ်၊ ဦးပြောနိုင်နေ ပါပြီဆိုပီးပြောမယ်ချည်း အတင်းလုပ်ရာကျွန်မတို့နှစ်ယောက်မှာ တော်တော်ချွေး ပြန်ခဲ့ရပါသည်။
လူနာအား အားပေးစကားများပြောကြားပြီး ကျွန်မတို့နှစ်ယောက်လည်း တခြားသူငယ်ချင်းများတာဝန်ကိုယ်စီ ယူထားသောလူနာများဆီသို့လိုက်စပ်စုကြပါသည်။ ခြေထောက်ထိခိုက်မှုဖြစ်ပွားပြီးအရိုးကင်ဆာဖြင့်ခြေထောက် တဘက်ကိုဖြတ်ထားရာမှ နောက်ထပ်တဘက်ပါ ထပ်မံကူးစက်၍ နာကျင်ကိုက်ခဲနေသောလူနာမှာ အသက်အား ဖြင့်၂၀ကျော်ပဲရှိဦးမည်ဖြစ်သည်။ ကျွန်မတို့လည်း အားပေးစကားများ ပြောပြီး နောက်ထပ်လူနာများဆီလိုက်စပ် စုပြန်ပါသည်။ အသည်းကင်ဆာ၊ အရိုးကင်ဆာ၊ အစာအိမ်ကင်ဆာ စသည်ဖြင့်ကင်ဆာရောဂါစုံ စွာဖြင့်ဆေးရုံမှ လူနာများကို အားပေးစကားများပြောကြားကြပြီး ကျွန်မတို့အဖွဲ့သည် ယောကျာ်းလူနာဆောင်မှ အမျိုးသမီးလူနာ ဆောင်ဆီသို့ ကူးခဲ့ကြပါတော့သည်။

ကျွန်မသည် ထိုသို့ခံစားရမည်ဆိုသည်ကိုကြိုသိခဲ့လျှင် အမျိုးသမီးလူနာဆောင်ဆီသို့လိုက်သွားဖြစ်မည် မဟုတ် ပါ။ ကားပေါ်တွင်ပဲနေခဲ့မိမည်ဖြစ်သည်။ ကျွန်မအဖြစ်ကတော့ ထိုလေ့လာရေးခရီးထဲတွင် အဆိုးဝါးဆုံးဖြစ်သွားခဲ့ သည်။ ပြန်ပြောရလျှင်တောင် အခုချိန်ထိရှက်မိပါသေးသည်။
ကဲ ရောက်ပါပြီ အမျိုးသမီးလူနာဆောင်ဆီ
အမျိုးသမီးလူနာဆောင်ဆီကိုစ၀င်ဝင်ချင်းပင် ကျွန်မသည်စိတ်ထဲတွင်တစ်မျိုးစပြီးခံစားမိသည်။ ဘယ်လိုမှန်းလဲ မသိ ခံစားမှုကတော့။ ဆရာမကြီးမှလူနာတယောက်ဆီကိုပဲ လာခဲ့၊ ဆေးထည့်တာအရင်ဆုံးလာကြည့်၊ ပြီးမှ နောက်ထပ်လူနာတွေကို၂ယောက်အုပ်စုလိုက်မေးပါဆိုပီး ဆေးထည့်သောလူနာဆီသို့ ခေါ်ဆောင်သွားပါသည်။ လူနာရှင်မှာ ရင်သားကင်ဆာဖြင့်တက်ရောက်ကုသနေသော အမျိုးသမီးတဦးဖြစ်ပါသည်။ သူမသည် ပထမရင် သားတဘက်ကိုဖြတ်ထားခဲ့ရပြီး အမြစ်မပြတ်ပဲနောက်ထပ်တဘက်ကိုပါပွားလာပီး နောက်ထပ်တဘက်ပါဖြတ် ထားရသောလူနာဖြစ်ပါသည်။ ကျွန်မကလည်းစပ်စပ်စုစု ဆေးထည့်တာကဘယ်လိုထည့်တာလဲ၊ ရင်သားကင် ဆာဆိုတာဘယ်လိုကြီးလဲ၊ ဖြတ်ထားရင်ရောဘယ်လိုကြီးလဲ သိချင်စိတ်များစွာဖြင့်ရှေ့သို့ရဲရဲဝံ့ဝံ့တိုးသွားပါသည်။ ဖြိုးကတော့ အမမကြည့်ရဲဘူးတဲ့ အို ဒီလိုမျိုးလေ့လာရတာ တခါတလေမှကြုံရတာ ဘာလို့မကြည့်ရဲရမှာလဲ လာ ကြည့်ဆိုပီး ကိုယ်ကသူ့ကိုဆရာလုပ်ပီးတော့တောင်ခေါ် မိသေး။
လူနာကိုစကြည့်ကြည့်ခြင်းတော့ကျွန်မနဲနဲလန့်သွားသည်။ ရင်ထဲတွင်မကောင်း၊ သူ့ခမျာသနားပါတယ်ပေါ့၊ နောက်လဲကျရော လူနာရဲ့ အနာကိုဆရာမမှသန့်ရှင်းရေးလုပ်ပေး၊ နောက်အကြိမ်ကြိမ်သန့်ရှင်းပြီးတော့ ဆေးလဲ အကြိမ်ကြိမ်လဲထည့်ရော ကျွန်မသည် လူနာကတချက်တွန့်သွားလိုက် ကျွန်မကလဲလိုက်တွန့်လိုက်၊ လူနာက ညည်းလိုက် ကျွန်မကလဲလိုက်ညည်းလိုက်ဖြင့် ရင်ထဲတွင်ကတုန်ကရင်ဖြစ်လာ၊ အသက်ရှုတွေကြပ်လာပီး၊ မျက် လုံးများေ၀၀ါးလာကာ နောက်ဆုံးကျွန်မသည်ထိုနေရာတွင်ပင်ခွေကနဲလဲကျသွားပါတော့သည်။
ဘေးမှလူနာမှ ဟာ ဆရာမလေးတယောက်မူးလဲသွားပီ လုပ်ကြပါဦးဆိုပီးအော်ပါတော့သည်။ သိဂီမှလည်း ကျွန် မကိုပွေ့ထားခဲ့ပါသည်။ ကျွန်မလည်းသတိကရပြီး မထနိုင်၊ အန်ကလဲအန်ချင် အန်လဲမအန် အန်လို့လဲမရ၊ လူနာ ကိုလဲအားနာ၊ ရှက်လဲရှက်ဖြင့် ထူပူနေပါတော့သည်။ နောက်သူငယ်ချင်းများအကူအညီဖြင့် အပြင်သို့ ထွက်လာခဲ့ ကြပြီး တယောက်ပီးယောက် အပြင်လဲရောက်ရော အန်ကြပါတော့သည်။ ကျွန်မသည် ထိုလူနာအား မြင်ယောင် နေပြီး သနားလဲသနား၊ လူကလဲသာခွေယိုင်ထက်ဆိုးပီး မလှုပ်နိုင်၊ လက်ထိုးအန်တာတောင်မှမအန်တော့ ထိုရှေ့ တွင်ပင်ဆေးမျိုးစုံလူးပြီး၊ ရှုဆေးမျိုးစုံအား တမျိုးပြီးတမျိုးရှုနေခဲ့ရပါတော့သည်။
သူငယ်ချင်းများက ကျွန်မကိုယပ်ခပ်ပေးသူပေးကြ၊ အန်ပြီးမျက်ရည်ကျသူများကကျ၊ သနားလို့ငိုသူများမှငိုဖြင့် အလုပ်တွေရှုပ်နေကြပါတော့သည်။ ကျွန်မသည်သူတို့ရဲ့ဝေဒနာကို ကိုယ်ချင်းစာမိပါသည်။ ဝေဒနာရှင်များသည် ကင်ဆာဖြစ် ပြီဆိုတာကိုစသိကတည်းက သူတို့သည်တနေ့ဒီရောဂါဖြင့်သေရမည်ကိုကြိုသိပြီး သေမည့်ရက်ကို စောင့်နေသော သူများဖြစ်ကြပါသည်။ ကင်ဆာရောဂါကိုကြိုတင်ကာကွယ်ဆေးမရှိပါ။ ကင်ဆာရောဂါပျောက်တဲ့ ဆေးမရှိပါ။ ကင် ဆာရောဂါသက်သာအောင် ဓာတ်ကင်ခြင်းဖြင့်သာရောဂါကိုကုသပေးနေကြပါသည်။ ကြောက်စရာကောင်းလောက်အောင် ကင်ဆာဆိုသည်ကလည်းရောဂါဖြစ်ပွားပြီးကျွမ်းတော့မှသိရသော ဝေဒနာ မျိုးလည်းဖြစ်သည်။
ထိုသို့သောလူနာများသည် သူတို့ဘ၀၏နေ၀င်ချိန်ကိုစောင့်နေကြသောသူများလည်းဖြစ်ပါသည်။ ဝေဒနာနောက် ဆုံးရက်များတွင် သူတို့သည်နာကျင်ကိုက်ခဲမှုဒဏ်ကိုမခံနိုင်ကြသောအခါ သူတို့အားဆေးထိုး၍သတ်ပေးပါဟု အသနားခံကြကြောင်း ဆရာမကြီးမှပြောကြားပါသည်။ကျွန်မလည်း သူတို့၏ဝေဒနာကိုကိုယ်ချင်းစာသနားမိပါ သည်။ ကျွန်မမျက်စိရှေ့တွင်ပင်နာကျင်ကိုက်ခဲသဖြင့်အော်ဟစ်နေသောသူများ၊ ငြီးတွားနေသောသူများကိုကြည့် ပြီး ကျွန်မလည်းကိုယ်တိုင်ဝေဒနာဖြစ်သကဲ့သို့နာကျင်ခံစားရသည်။ ကင်ဆာရောဂါသည်အသက်အရွယ်မရွေး၊ ကျား၊မ မရွေးဖြစ်ပွားနိုင်ပါသည်။ ကျွန်မတို့လည်း ဝေဒနာရှင်များအားတတ်နိုင်သလောက် အလှူငွေများလှူဒါန်း ကြပြီး သူတို့ရဲ့မနက်ဖြန်အတွက် ဆုတောင်းပေးခဲ့ကြပါတော့သည်။
တခါက သူနာပြုအကူသင်တန်းတက်စဉ်ကအကြောင်းလေးပါ။ သူငယ်ချင်းများနှင့် ဆရာမကြီးများကိုသတိရ သောအားဖြင့် ရေးသားထားခြင်းဖြစ်ပါသည်။ ဤကဲ့သို့လူနာများအား အခမဲ့ကုသပေးနေသော ဦးလှထွန်း(ကင် ဆာဖောင်ဒေးရှင်း)အားလည်း ချီးကြူးဂုဏ်ယူမိပါသည်။ ကျွန်မတို့တတွေလည်းအသက်ရှင်နေထိုင်စဉ်အချိန်တွင် လူ့လောကအတွက်အကျိုးရှိသောလုပ်ငန်းများကိုလုပ်ကိုင်ရင်းဖြင့် ဘ၀ရဲ့နေ၀င်ချိန်ကိုလှပစွာဖြတ်သန်းနိုင်ပါစေ ဟု ဆုတောင်းရင်း.......

မှတ်ချက်များပေးခဲ့တယ်

ယခုစာဖတ်နေသူ

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် သတိပေး တားမြစ်ပါသည်။